နေပြည်တော်၊ မတ် ၂၇
မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှု လိုအပ်နေဆဲဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
“အမျိုးသားနိုင်ငံရေးဆိုတာ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အေးချမ်းသာယာခြင်း၊ စည်ပင်ဝပြောခြင်း၊ တရားမျှတ လွတ်လပ်ခြင်းနဲ့ ပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းဆိုတဲ့ လောကီကောင်းကျိုး သုခအဖြာဖြာကို ဖော်ဆောင်ပေးတဲ့ လုပ်ငန်းများဖြစ်တယ်” ဟု ယနေ့ နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပသည့် ၇၂ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ၎င်းက ပြောကြားသည်။
ပါတီနိုင်ငံရေးမှာမူ မိမိပါတီ အင်အားတောင့်တင်းရေး၊ ပါတီ၏ နိုင်ငံရေးအာဏာ ရရှိရေးနှင့် ရရှိပြီးဖြစ်တဲ့ အာဏာတည်မြဲရေးတို့ကို အစဉ်တစ်စိုက် ဦးစားပေးနေရသည့်အတွက် အမျိုးသား နိုင်ငံရေးလမ်းကြောင်းက သွေဖည်မှုမျိုး၊ တစ်ခါတစ်ရံတွင် အမျိုးသားနိုင်ငံရေးကို လစ်လျူရှုရခြင်းမျိုး ရှိတတ်သည်ဟု ၎င်းက အင်အား တစ်သောင်းခန့်ရှိသည့် စစ်ရေးပြ တပ်မတော်သားများရှေ့တွင် ပြောကြားသည်။
“နိုင်ငံရေးအင်အားစုတွေအကြား ရင်ကြားစေ့မရတဲ့ ကွဲလွဲမှု၊ အားပြိုင်မှု၊ တရားသေစွဲကိုင်ထားတဲ့ အယူဝါဒ ပဋ္ဋိပက္ခများ၊ ပုဂ္ဂိုလ်ရေးမာန် မာနတွေကြောင့် ပါတီတွင်း အုပ်စုတွေကွဲ ညီညွတ်မှုကို မတည်ဆောက်နိုင်ပဲ မလိုလားအပ်တဲ့ အကွဲအပြဲတွေ ဖြစ်လာနိုင်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက် ပြောကြားသည်။
ထို့ကြောင့် အမျိုးသားနိုင်ငံရေးကို မယိမ်းယိုင်ရအောင်၊ အမျိုးသားအကျိုးစီးပွားကို မထိပါးရအောင် မျက်ခြေမပြတ် စောင့်ရှောက် ထိန်းသိမ်းပေးရမည့် အမျိုးသားနိုင်ငံရေး အင်အားစုတစ်ခု အမှန်တကယ် လိုအပ်သည်ဟု ၎င်းကပြောကြားသည်။
“ဒါကတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ သစ္စာကို ထာဝစဉ် စောင့်ရှောက် ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကောင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်ပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
၎င်း၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ ခေတ်အဆက်ဆက် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ခဲ့မှုများနှင့် နိုင်ငံတော်မပြိုကွဲအောင် ထိန်းသိမ်းခဲ့မှုများ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရထံ ၂၀၁၀ ပြည့်နှစ်တွင် အာဏာ လွှဲပြောင်းပေးခဲ့မှုများကို ထည့်သွင်းပြောကြားသွားခဲ့သည်။
ထို့ပြင် တပ်မတော်အနေဖြင့် တို့တာဝန်အရေးသုံးပါးကို ဆက်လက်ကာကွယ်သွားမည်ဟုလည်း ၎င်းကပြောကြားသည်။
“တို့တာဝန်အရေးသုံးပါးကို ထိပါးလာတဲ့ အကြမ်းဖက်သောင်းကျန်သူမှန်သမျှကို တိုက်ခိုက်သွားမှာပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုှုင်က ပြောကြားသည်။