မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှှုဖြစ်စဉ်၏ အချက်ကြီး လေးရပ်

သြဂုတ်လ ၁၁ ရက်က နေပြည်တော်မှာ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် ဖိုရမ်ကို ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်ခဲ့သူတွေ၊ လွှတ်တော်အမတ်တွေ၊ တပ်မတော်သားတွေ၊ နိုင်ငံရေးသမားတွေ အစရှိသဖြင့် အတော်လေး စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်က နေပြည်တော်မှာ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် Forum on Myanmar Democratic Transition လို့ နာမည်ပေးထားတဲ့ သုံးသပ်ဆွေးနွေးပွဲ တစ်ခု ပြုလုပ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ အဲဒီ ဖိုရမ်ကို ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပါဝင်ခဲ့သူတွေ၊ လွှတ်တော်အမတ်တွေ၊ တပ်မတော်သားတွေ၊ နိုင်ငံရေးသမားတွေ အစရှိသဖြင့် အတော်လေး စုံစုံလင်လင် တက်ရောက်ခဲ့ကြပါတယ်။

အဖွင့်နေ့ရက်မှာဆိုရင်လည်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာပြီး မိန့်ခွန်းပြောတာ တွေ့ရပါတယ်။ အဲဒီဖိုရမ်ဟာ အတိုင်းအတာ တစ်ခုအထိ ပြည့်စုံ၊ လွတ်လပ်တယ် ဆိုပေမဲ့ လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဘာကြောင့် ပေါ်ပေါက်လာရသလဲဆိုတဲ့ ဖြစ်စဉ်ကိုတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပြောဆိုတာမျိုးတော့ မကြားမသိရပါဘူး။

နှစ်ပေါင်း ၅၀ ကျော်ကြာမှာ ပေါ်ပေါက်လာတဲ့ လက်ရှိ အသွင်ကူးပြောင်းရေး ဘာကြောင့်ပေါ်ပေါက်လာသလဲ ဆိုတာ အမှန်ကို အမှန်အတိုင်း လက်ခံထားတာ မရှိရင် နောက်ကြောင်းပြန်မလှည့်ရေး၊ အသွင်ကူးပြောင်းမှုချောမွေ့ရေး၊ လမ်းကြောင်းမှန်ပေါ်က သွေဖီမသွားရေး လုပ်ငန်းစဉ်တွေကို ဆက်လုပ်ရာမှာ အခက်တွေ့နိုင်ပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် အရင်သမ္မတ ဦးသိန်းစိန်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ဟာ ၂၀၁၅ နိုဝင်ဘာမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခု အရောက်မှာ ရွေးကောက်ပွဲကို သတ်မှတ်အချိန်အတိုင်းပဲ လုပ်ပေးတော့မလိုလို၊ အချိန်ကိုပဲ ရွှေ့တော့မလိုလို သွေးတိုးစမ်းခဲ့ပါသေးတယ်။

အဲဒီအချက် အပါအဝင် စစ်အာဏာရှင်တွေ ရှေ့ပိုင်းလုပ်ကိုင်ဆောင်ရွက်သမျှ လုပ်ရပ်တွေအပေါ် အခြေခံပြီး ရွေးကောက်ပွဲကို တကယ်ပဲ လုပ်ပေးပါ့မလား၊ လုပ်ပေးခဲ့ရင်ရော လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာပါ့မလား၊ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် အစိုးရဖွဲ့ခွင့် ရပါ့မလား၊ တကယ်ပဲ အာဏာလွဲှပြောင်းပေးပါ့မလားစတဲ့ စိုးရိမ်ပူပန်စိတ် ဝင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကပါ အံ့အားသင့်စရာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ အပြတ်အသတ်နိုင်၊ လွှတ်တော်ခေါ်၊ အစိုးရသစ်ဖွဲ့၊ အရင်အစိုးရက အာဏာလွဲှပေး ဆိုတဲ့ဖြစ်စဉ်ကြီးတစ်ခု အေးအေးချမ်းချမ်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲလို ဖြစ်ပေါ်လာဖို့ အကြောင်းအချက် အနည်းဆုံး ၄ ချက်လောက် ရှိနိုင်ပါတယ်။

အဲဒီအချိန် တပ်မတော်ကို အကြီးအကျယ် အထိနာစေခဲ့တဲ့ ကိုးကန့်ဒေသထဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပေါ်စေခဲ့တဲ့အတွက် နောက်ထပ် တရုတ်ကို အားကိုးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့ကြပုံရပါတယ်။ ဒီလိုနဲ့ တပ်မတော်ဟာ ၁၉၉၀ တုန်းကလမ်းကို မလိုက်တော့ဘဲ ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်ရတယ်လို့ သုံးသပ်နိုင်ပါတယ်။

ပထမဆုံး အကြောင်းအချက်ကတော့ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖုန်ကြားရှင် ဦးဆောင်တဲ့တပ်ဖွဲ့တွေ ကိုးကန့်နယ်ကို ဝင်တိုက်တာပါ။ နောက်ပိုင်း တပ်မတော်က နယ်မြေအများစု ပြန်သိမ်းနိုင်ပေမဲ့ အသေအပျောက် အလွန်များပြီး အလွန်အထိနာတဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲ အခြေအနေဟာ တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအပေါ်ထားတဲ့ သဘောထား ပြောင်းသွားစေပါတယ်။

နိုင်ငံတကာရဲ့ ဝိုင်းဝန်းပိတ်ဆို့ ဒဏ်ခတ်တာ ခံခဲ့ရတဲ့ စစ်အာဏာရှင်တွေအတွက် တရုတ်နိုင်ငံဟာ အဓိက မှီခိုအားထားစရာနိုင်ငံ ဖြစ်ခဲ့ပါတယ်။ တကယ်လို့များ အရင်စစ်အာဏာရှင်ဟောင်းတွေနဲ့ တပ်မတော်ခေါင်းဆောင်တွေဘက်က ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု၊ စစ်အာဏာသိမ်းတာမျိုး တစ်ခုခု လုပ်ခဲ့ရင် နိုင်ငံတကာရဲ့ ဝိုင်းပယ်တာ တစ်ကျော့ပြန်ခံရနိုင်ပြီး တရုတ်နိုင်ငံရင်ခွင်ကို ထပ်ခိုလှုံရဖို့ပဲ ရှိပါတယ်။

အဲဒီအချိန် တပ်မတော်ကို အကြီးအကျယ် အထိနာစေခဲ့တဲ့ ကိုးကန့်ဒေသထဲ ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပေါ်စေခဲ့တဲ့အတွက် နောက်ထပ် တရုတ်ကို အားကိုးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ယူဆခဲ့ကြပုံရပါတယ်။ ဒီလိုနဲ့ တပ်မတော်ဟာ ၁၉၉၀ တုန်းကလမ်းကို မလိုက်တော့ဘဲ ရွေးကောက်ပွဲကို အသိအမှတ် ပြုလိုက်ရတယ်လို့ သုံးသပ်နိုင်ပါတယ်။

နောက်ထပ် အရေးကြီးအချက်က အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း အလွန်ကြီးမားတဲ့ အကွဲအပြဲကြီး ဖြစ်ပေါ်ခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်တဲ့အုပ်စုနဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်စုနှစ်ခုကြားက ပဋိပက္ခဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေကြားမှာ အလွန်ကြီးမားတဲ့ အကွဲအပြဲကြီး ဖြစ်ခဲ့ပါတယ်။ ဒီအကွဲအပြဲကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲမှာ တည်လို့မရတဲ့ အခြေအနေ ရောက်သည်အထိ ဆိုးရွားစေခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မသမာမှုနည်းတာကလည်း အင်န်အယ်လ်ဒီကို အပြတ်အသတ် အနိုင်ရစေတဲ့ အချက်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်အောင် အဲဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းရဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေကို ဝင်ခွင့်ပြုလိုက်ခြင်းဟာလည်း အကြောင်းအချက် တစ်ခုအနေနဲ့ ပါပါတယ်။

ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေကြောင့် မသမာမှုလုပ်ဖို့ မဖြစ်နိုင်တော့သလို မသမာမှုလုပ်မယ်လို့ ရည်ရွယ်ချက်ရှိခဲ့ရင်တောင် ပြည်ခိုင်ဖြိုးပါတီ အကွဲအပြဲအောက်မှာ ဘယ်သူ့ကို မသမာမှု လုပ်ပေးရမလဲ ရွေးလို့မရတဲ့ အနေအထားဟာ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေ ဖြစ်ပေါ်စေခဲ့ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ သေနင်္ဂဗျူဟာ မှန်ကန်မှု၊ မဆုတ်မနစ်ကြိုးစားမှုကြောင့် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ မဲအပြတ်အသတ်နဲ့ အနိုင်ရ၊ တပ်မတော်ဘက်ကလည်း အသိအမှတ်ပြုခဲ့တဲ့ အနေအထားဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်ဖို့ အခြေအနေ ပေါ်ပေါက်လာစေတာ ဖြစ်ပါတယ်။

ဒီအကြောင်းအချက်တွေကို ပြန်သုံးသပ်ကြည့်ရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပေါ်ပေါက်လာရတာဟာ နိုင်ငံတချို့မှာလို ဒီမိုကရေစီ အင်အားစုတွေက အာဏာရှင်တွေကို အနိုင်ရ ဖြိုချလိုက်နိုင်လို့ ပေါ်ပေါက်လာရတာမျိုး မဟုတ်သလို စစ်အာဏာရှင်တွေ၊ အာဏာလက်ဝယ်ရှိသူတွေက တကယ့်ကို ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ချင်လို့ စိတ်ပါလက်ပါနဲ့ လမ်းဖွင့်ပေးလိုက်တာမျိုးလည်း မဟုတ်ဘူးဆိုတာ နားလည်ကြဖို့ လိုပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံမှာ အာဏာရှင်စနစ် နောက်ထပ် မပေါ်ပေါက်တော့ပါဘူးလို့ အသေအချာ အာမခံနိုင်တဲ့ အခြေအနေ မရှိသေးသလို ရှေ့လျှောက်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဆင်ပြေပြေ သွားနိုင်တော့မှာပဲဆိုပြီး စိတ်ဒုန်းဒုန်းချလို့ မရနိုင်သေးတဲ့ အနေအထားမျိုး ဖြစ်နေပါသေးတယ်။

ဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ဖြောင့်ဖြောင့်ဖြူးဖြူး သွားနိုင်ဖို့ဆိုရင် ပထမဦးဆုံး လုပ်ရမှာက အာဏာရှင်စနစ် ပြန်ပြီး ပေါ်ပေါက်လာနိုင်တဲ့ ရေခံမြေခံ အခြေအနေမျိုးတွေကို အရင် ရှင်းလင်းဖယ်ရှားပစ်ဖို့လိုပါတယ်။ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးသမားတွေနဲ့ ပညာရှင်တွေအနေနဲ့ မြန်မာ့အသွင်ကူးပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်စေချင်ရင်၊ ဆိုးရွားတဲ့ နောက်ကြောင်းကို ပြန်မလှည့်စေချင်ရင် အာဏာရှင်စနစ် ပြန်ပြီးပေါ်ပေါက်လာနိုင်တဲ့ ရေခံမြေခံ ဘာတွေ ရှိနေသေးသလဲ၊ အဲဒီ ရေခံမြေခံတွေကို ဖယ်ရှားနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုး ဆွေးနွေး အကောင်အထည် ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar