မြန်မာ့စီးပွားရေးလုပ်ငန်းများရှိ အတားအဆီးများကို ဖယ်ရှင်းဖို့

မြန်မာနိုင်ငံတွင် အားလုံးအတွက် အလုပ်အကိုင်ကောင်းများ ရရှိကြစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချပေးနိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်းများ ထူထောင်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လိုပါက အဟန့်အတားများစွာကို ဖြေရှင်းဖယ်ရှားပေးရန် လိုအပ်လျက်ရှိသည်။

သောမတ်စ် ခရင်းဂ် ရေးသားသည်။

မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွ၌ ရောက်နေပြီဖြစ်သည်။ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထား သောအစိုးရ၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်တက်နေခြင်း၊ သယံဇာတ ကြွယ်ဝမှုနှင့် အာရှပစိဖိတ်ဒေသ၌ အမြင့်မားဆုံး စီးပွားရေး တိုးတက်မှုနှုန်းစသည်တို့ ရရှိထားပြီဖြစ်ရာ မြန်မာနိုင်ငံ၏ အနာဂတ်မှာ တောက်ပလျက်ရှိသည်။

သို့ရာတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုနှင့် သဘာဝ သယံဇာတများ ရှိရုံမျှဖြင့် တပြေးညီ စီးပွားရေး တိုးတက်မည်ဟု အာမမခံနိုင်ကြောင်း ကမ္ဘာတဝှမ်း ဖြစ်ပေါ်ခဲ့သော အတွေ့အကြုံများက ပြသလျက်ရှိသည်။ ယင်းသို့သောတိုးတက်မှုမျိုး ရရှိရန်မှာ အဆိုပါတိုးတက်မှုသည် ပြည်တွင်းစီးပွားရေးနှင့် အခိုင်အမာ ဆက်စပ်မှု ကျယ်ကျယ်ပြန့်ပြန့်ရှိရန် လိုပေသည်။

အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ SMEs ပါဝင်သည့် စီးပွားရေးကဏ္ဍသည် ပို၍တပြေးညီကျသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ လူငယ်များအပါအဝင် အားလုံးအတွက် အလုပ်အကိုင် ဖန်တီးပေးရာ၌ အက်စ်အမ်အီးများတွင် ကြီးမားသော အလားအလာကောင်းများရှိသည်။  ဥပမာအားဖြင့်  ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် အက်အမ်အီးများက ဖန်တီးပေးသော အလုပ်အကိုင်မှာ စုစုပေါင်းအလုပ်အကိုင်၏ ၇၇ ရာခိုင်နှုန်းနှင့် ၇၈ ရာခိုင်နှုန်း အသီးသီး ရှိကြသည်။

အက်စ်အမ်အီးများသည် ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရေး ဆောင်ရွက်ရာ၌ အရေးပါသော အခန်းကဏ္ဍမှပါဝင်ပြီး လယ်ယာထွက်ကုန်များ ထုတ်လုပ်ခြင်းနှင့်  အခြားလယ်ယာစီးပွား လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသတွင်း၌ အခွင့်အလမ်းများကို ဖန်တီးပေးသည်။ စီးပွားရေးလုပ်ငန်းများ ပိုမိုဖန်တီးနိုင်ခြင်းအားဖြင့် အခွန်အကောက် တိုးမြှင့်ရရှိစေသည့် အလားအလာများ ပိုမိုရရှိစေသည့်သဘောဖြစ်ပြီး  ထိုသို့ရရှိခြင်းဖြင့်  ပြည်သူ့အတွက် အသုံးစရိတ်များ ပိုမိုကျခံနိုင်စေမည့် ဘဏ္ဍာငွေတောင့်တင်းမှုကို ဖန်တီးပေးနိုင်ပေသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို ပိုမိုလေ့လာသိရှိနိုင်စေရန် ဗဟိုစာရင်းရုံး(Central Statistical Organisation) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့ ပူးပေါင်း၍ မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်း(Myanmar Business Survey) ကို အနည်းဆုံး လုပ်သားတစ်ယောက်သာ ခန့်ထားသော စီးပွားရေးလုပ်ငန်းများထိ ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံခဲ့သည်။

စစ်တမ်းကောက်ယူရာတွင် စီးပွားရေးလုပ်ငန်းများ၏ အရွယ်အစားနှင့် သက်တမ်းမှအစပြုပြီး စီးပွားရေးလုပ်ငန်းများ၏ ပထဝီအနေအထားအရ ပျံ့နှံ့မှုနှင့် ကုန်ထုတ်လုပ်မှုအခြေအနေများထိ အကျုံးဝင်ခဲ့သည်။ စစ်တမ်းကို အမျိုးသားအဆင့်ထိ မှန်ကန်စွာ ထင်ဟပ်ဖော်ပြနိုင်စေရန် စီးပွားရေးလုပ်ငန်းများ၏ ဦးစီးခေါင်းဆောင် ၁၄,၀၀၀ ကျော်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

မြန်မာ့စီးပွားရေးလုပ်ငန်း စစ်တမ်းရလဒ်များကို ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့ရာ အဆိုပါစစ်တမ်းက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍကို ကောင်းစွာခြုံငုံ၍ လေ့လာသုံးသပ်နိုင်ခဲ့သည်။ ပိုမိုအရေးပါသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၌ ရင်ဆိုင်နေရသော လုပ်ငန်းကန့်သတ်ချက် ဖြစ်စေသည့် အကျပ်အတည်းများကို မူဝါဒရေးဆွဲသူတို့က ဖော်ထုတ်ရာ၌ စစ်တမ်းက အထောက်အကူပေးနိုင်ခဲ့သည်။

မှတ်သားစရာ အကောင်းဆုံး တွေ့ရှိချက်များအနက် တစ်ခုမှာ စီးပွားရေးလုပ်ငန်းများ၏ သိပ်သည်းဆ နိမ့်ကျနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ယင်းသိပ်သည်းဆနှုန်းမှာ လူတစ်ထောင်လျှင် ၂ ဒသမ ၄၆ ရာခိုင်နှုန်းသာ ရှိသည်။ အာရှပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ သိပ်သည်းဆနှုန်းမှာ ၉ ဒသမ ၀ ရှိပြီး အာရှပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးပြီးနိုင်ငံတို့၏ ပျမ်းမျှသိပ်သည်းဆနှုန်းမှာ ၂၇ ရာခိုင်နှုန်း ရှိသည်။

ယင်းသို့ ပျမ်းမျှသိပ်သည်းဆနှုန်း နိမ့်ကျရသည့် အကြောင်းရင်းအမျိုးမျိုး ရှိသော်လည်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အလားအလာ မြင့်မားစေမှုနည်းတူ စီးပွားရေးလုပ်ငန်းများ ထူထောင်ရာတွင် လွယ်ကူစေရန် ထောက်ကူမှုတို့၏ အရေးပါပုံကို ထင်ထင်ရှားရှား ပြသလျက်ရှိသည်။

နိုင်ငံတော်၏ အဓိက စီးပွားရေးအချက်အချာဒေသ နှစ်ခုဖြစ်သော ရန်ကုန်နှင့် မန္တလေးမြို့တို့၏ အပြင်ဘက်၌ စီးပွားရေးလုပ်ငန်းများ၏ သိပ်သည်းဆမှာ အတန်ငယ် နိမ့်ကျလျက်ရှိကြောင်းလည်း မြန်မာ့စီးပွားရေးစစ်တမ်းတွင် တွေ့ရသည်။ ယင်းမြို့ကြီးများက နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းအားလုံး၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် မှန်ကန်သော မူဝါဒကို မချမှတ်နိုင်ပါက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို ဒေသအနည်းငယ်၌သာ စုပြုံထားရှိပြီး အခြားနေရာများတွင် တဖြည်းဖြည်း လျော့ပါးလာမည်ကို ပြသလျက်ရှိသည်။

အဓိကအချက်အချာ မြို့ကြီးများ၏ ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ အတော်အတန် နည်းပါးပြီး စီးပွားရေး အခွင့်အလမ်းများ မရှိတော့သည့်အတွက် လူငယ်လူရွယ်များက အလုပ်အကိုင် ရှာဖွေရန် မြို့ကြီးများဆီ ပြောင်းရွှေ့လာကြရသည်။ သို့ဖြင့် ပြည်တွင်းပြောင်းရွှေ့နေထိုင်မှုအတွက် တွန်းအားတစ်ခု ဖြစ်လာစေပြီး မြို့ပြလူဦးရေကို တိုးတက်မြင့်မားလာစေသည်။

မြန်မာ့စီးပွားရေးစစ်တမ်းထဲမှ မီးမောင်းထိုးပြသင့်သော နောက်တစ်ချက်မှာ ထူထောင်စ စီးပွားရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ စွမ်းဆောင်ရည်အဆင့် နိမ့်ကျနေမှု ဖြစ်သည်။ မြန်မာနိုင်ငံတွင် သက်တမ်းအားဖြင့် လေးနှစ်မပြည့် သေးသော ထူထောင်စလုပ်ငန်းသစ်မှာ ၁၆ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရှိသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဗီယက်နမ်နိုင်ငံတွင် သက်တမ်းငါးနှစ်အောက် ထူထောင်စ စီးပွားရေး လုပ် ငန်းများမှာ ၄၀ ရာခိုင်နှုန်းရှိသည်။

သက်တမ်းနုသော စီးပွားရေးလုပ်ငန်းများ နည်းပါးနေခြင်းက စီးပွားရေးလုပ်ငန်းသစ်များ၌ မြင့်မားသည့် ဖွံ့ဖြိုးမှုအဆင့်ရလဒ်များ ပေါ်ထွက်မလာသော စီးပွားရေးကဏ္ဍတွင် စီမံခန့်ခွဲမှုပြဿနာ ရှိနေသည်ကို ညွှန်ပြလျက်ရှိသည်။ ထူထောင်စ စီးပွားရေးလုပ်ငန်းများက သက်တမ်းရင့်ပြီး ပိုမိုအခြေကျပြီးဖြစ်သည့် စီးပွားရေးလုပ်ငန်းများထက် ဖွံ့ဖြိုးမှုနှုန်း ပိုမိုလျင်မြန်ကာ အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်သည့်သဘော တွေ့ရလေ့ရှိသည့်အတွက် ယင်းအချက်မှာလည်း အရေးပါလှသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍမှ အလားအလာများကို အပြည့်အဝ အသုံးချခွင့် ရရှိကြစေရန် မည်သို့ဆောင်ရွက်ရပါမည်နည်း။ အခြားနိုင်ငံများ၏ အတွေ့အကြုံအရ လုပ်ငန်းများစတင်ထူထောင်ပြီး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စေမည့် ပတ်ဝန်းကျင်မျိုးကို စွန့်ဦးတီထွင်သူများ အတွက် ဖန်တီးပေးရန်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသော ပြဿနာများအနက် အချို့မှာ စီးပွားရေးလုပ်ငန်းများက ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဈေးကွက်များ၊ သွင်းအားစုများနှင့် လျှပ်စစ်စွမ်းအားစုများ ရရှိရန်လိုအပ်ပြီး ကျွမ်းကျင်လုပ်သားများ ရရှိရန်လည်း လိုအပ်ပေသည်။ ၂၀၁၇ ခုနှစ်၌ နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၇၀ တွင် ရောက်ရှိခဲ့သည့် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော စီးပွားရေးလုပ်ဆောင်မှု အညွှန်းကိန်း (Doing Business index) အရ နိမ့်ကျနေသော အခြေအနေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှု၏ အတိုင်းအတာကို သိနိုင်ပေသည်။ အာရှ-ပစိဖိတ်ဒေသတွင် အဆင့်ပို၍ နိမ့်ကျသောနိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံသာ ရှိသည်။

ယင်းအဟန့်အတားများကို ထိန်းချုပ်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ရှိ ရပ်ဝန်းတစ်ခုကို ဖန်တီးရာတွင် ဘက်စုံကျယ်ပြန့်ပြီး ကဏ္ဍစုံပါဝင်သော မူဝါဒများကို ချမှတ်ရန်လိုသည်။ အထက်တွင် ဖော်ပြခဲ့သော ပြဿနာများအနက် အလွယ်တကူ ဖြေရှင်း၍ရနိုင်သော ပြဿနာတစ်ခုမှ မပါသော်လည်း ပြဿနာ တစ်ခုချင်းစီသည် စီးပွားရေးလုပ်ငန်း ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးထူးခြားခြား အရေးပါသော အတားအဆီးများ ဖြစ်နေကြသည်။

ဤနေရာ၌ လုပ်ငန်းစွမ်းဆောင်ရည်ရှိ ရပ်ဝန်းက အမှန်တကယ် အရေးပါလာပေသည်။ အကြောင်းမှာ မြန်မာနိုင်ငံ လက်ငင်းတွေ့ကြုံနေသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှှုပ်နံှမှု အမြောက်အမြား စုပြုံဝင်ရောက်မှုမှနေ၍  စီးပွားရေးလုပ်ငန်းကဏ္ဍက အပြည့်အဝ အကျိုးအမြတ် ခံစားခွင့် ရရှိစေမည် ဖြစ်သောကြောင့်ပင်။ ဆက်သွယ်ရေးကဏ္ဍမှစ၍ အိမ်ခြံမြေနှင့် ခရီးသွားလုပ်ငန်းအဆုံး မြန်မာနိုင်ငံ၏ လုပ်ငန်းကဏ္ဍစုံရှိ အကြီးစား ရင်းနှီးမြှုပ်နံှမှုများက စီးပွားရေးလုပ်ငန်းကဏ္ဍကို စီးပွားရေးစီမံကိန်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လာစေရန် ထူးခြားသော အခွင့်အလမ်းများ ပေးသည်။

စိန်ခေါ်မှုမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသစ်အားလုံးသည် ပြည်တွင်းစီးပွားရေးနှင့် ခိုင်မာစွာ ချိတ်ဆက်မှု သေချာပေါက် ရှိနေစေရေးဖြစ်ပြီး ယင်းကိစ္စအတွက် မြန်မာနိုင်ငံက အရည်အသွေးပြည့်ဝသော ထုတ်ကုန်များ ထုတ်လုပ်ပေးရန် လိုအပ်လှသည်။

အနာဂတ်ကို မျှော်ကြည့်ပါက မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်၌ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals ) ရရှိအောင် ဆောင်ရွက်ရာတွင်၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အလုပ်အကိုင်ကောင်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ရရှိစေရေးတွင် အက်စ်အမ်အီးများ၏ အခန်းကဏ္ဍသည် အရေးပါလာမည်ဖြစ်သည်။ အားလုံးအတွက် အလုပ်အကိုင်ကောင်းများ ဖန်တီးရေးမှာ အဓိကကျသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာနိုင်ပေသည်။

မြန်မာ့စီးပွားရေးလုပ်ငန်းစစ်တမ်း တွေ့ရှိချက်များအရ အားလုံးပါဝင်ပြီး တပြေးညီ ဖွံ့ဖြိုးတိုးတက်စေကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ထမြောက်အောင်မြင်စေရေးအတွက် အက်စ်အမ်အီးများက ဧရာမ အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

By Thomas Kring

By Thomas Kring

Thomas Kring is an economic adviser with UNDP Myanmar. He has a PhD in economic development from the University of Melbourne and has worked extensively on economic and human development issues for the UN in several countries.
Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar