ဘာကြောင့် တံခါးတွေကို ဆက်လက် ပိတ်ထားတာလဲ။
ပြီးခဲ့သည့် နှစ်နှစ်ကအထိ သေးငယ်သည့် တောင်ပေါ်မြို့လေးဖြစ်သည့် သံတောင်သည် ဟိုတယ်လိုင်စင်ထုတ်ပေးရေး လုပ်ငန်းစဉ်အတွက် စမ်းသပ်မှုတစ်ခုအား တွန်းအားပေးရန်နေရာ ဖြစ်လာသည်။
လိုင်စင်ထုတ်ပေးမှုဆိုင်ရာ စည်းမျဉ်းများတွင် ဟိုတယ်လိုင်စင်တစ်ခုရရှိရန်အတွက် အနည်းဆုံးအခန်း ၂၀၊ တည်းခိုခန်းတစ်ခုအတွက် ၁၀ ခန်း ရှိရမည်ဖြစ်သည်။ ယင်းစည်းမျဉ်းများက စနစ်တကျရှိနေဆဲဖြစ်သည်။ သို့သော်လည်း အိပ်စရာနေရာနှင့် နံနက်စာအတွက် နောက်ထပ် အတန်းအစားတစ်ခုကို ဖန်တီးလိုက်သည်။ ယင်းအမျိုးအစားကို B&Bs ဟု ခေါ်ဆိုကြသည်။
သို့သော် ၎င်းတို့မှာ သတ်မှတ်ချက်စံအချို့နှင့် ကိုက်ညီရမည်ဖြစ်သည်။ ဧည့်သည်နှင့် အိမ်ရှင်များသည် သီးခြား အဆောက်အအုံများတွင် နေထိုင်ရမည်ဖြစ်ပြီး သာဓကအနေဖြင့် အခန်းတစ်ခုစီအတွက် ကိုယ်ပိုင်ရေချိုးခန်း ပါရှိရမည်ဖြစ်သည်။ ဒေသခံလုပ်ငန်းလုပ်ကိုင်သူတွင် အနည်းဆုံး ပိုင်ဆိုင်မှုအချို့ရှိရမည်ဆိုသည့် လိုအပ်ချက်များလည်း ရှိနေသည်။
သို့သော်လည်း အရေးကြီးဆုံးခြားနားမှုမှာ B&Bs များအနေဖြင့် အနည်းဆုံး ဧည့်သည်အခန်း လေးခန်းသာရှိလျှင် လုံလောက်ပြီဖြစ်သည်။ သံတောင်ကြီးရှိ ဒေသခံမိသားစုခြောက်စုကျော်က ၎င်းတို့၏ အဆောက်အဦများကို တည်းခိုနိုင်သည့် နေရာများအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ၎င်းတို့ အများစုအတွက် အခန်း ၁၀ ခန်းဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် ကြီးမားလွန်းသည့် ရင်းနှီးမြုပ်နှံမှုတစ်ခု ဖြစ်နေသည်။
သစ်လွင်ပြီး လူသိနည်းသည့် ခရီးသွားနေရာတစ်ခုအဖြစ် ခရီးသွားဧည့်သည် လာရောက်မှုအကြိမ် အရေအတွက်မှာ အချိုးကျ ရင်းနှီးမြုပ်နှံရလောက်သည်အထိ မြင့်မားခြင်း မရှိသေးပေ။ သက်သေ အထောက်အထားအနေဖြင့် ပြကွက်တစ်ခုကို စဉ်းစားကြည့်ပါ။ သံတောင်ကြီးဆီသို့ သွားရောက်သည့် လမ်းမပေါ်တွင် ရှိနေသည့် ဟိုတယ်တစ်ခု၏ နေရာတွင် ဘန်ဂလိုစတိုင် အခန်းများဆောက်ရန် ချထားသည့် ဖောင်ဒေးရှင်းများသာ ရှိနေသေးပြီး ဆက်မဆောက်နိုင်ပဲ ရှိနေသေးသည်။
သံတောင်ကြီးတွင် ပိုမိုကျယ်ပြန့်သည့် ခရီးသွားလုပ်ငန်းစီမံကိန်းက ပြီးပြည့်စုံမှု ရှိမနေသေးပဲ ယင်းဒေသတွင်း စည်ကားဖွံ့ဖြိုးရေးအတွက် နောက်ထပ်လုပ်စရာများ ရှိသေးသည်။ သို့သော်လည်း B&Bs ပိုင်ရှင်များကမူ ရလဒ်ကို ကျေနပ်နေကြဟန် တူနေသည်။ ပြည်တွင်းခရီးသွားလုပ်ငန်း ကြီးထွားလာခြင်း၏ အမှတ်လက္ခဏာတစ်ခုအဖြစ် B&Bs များတွင် ပြည်တွင်းခရီးသည်အရေအတွက်က နိုင်ငံခြားသားများထက် များစွာကျော်လွန်နေသည်ကို တွေ့ရှိရသည်။
B&Bs များ လိုင်စင်ချပေးခြင်း၏ ရည်ရွယ်ချက်မှာ အောင်မြင်နေသည်။ တည်းခိုခအတွက် ရရှိငွေများမှာ ပြင်ပမှ ရင်းနှီးမြုပ်နှံသူများထက် ဒေသခံ အသိုင်းအဝိုင်းများဆီသို့ ရောက်ရှိသွားပြီး ခရီးသွားဧည့်သည်များအနေဖြင့်လည်း ဒေသခံ အိမ်ရှင်နှင့် ပိုမိုရင်းနှီးသည့် နေရာထိုင်ခင်းအတွေ့အကြုံကို ကျေနပ်နိုင်ကြသည်။
ခရီးသွားလုပ်ငန်းစီးပွားရေးတစ်ခုကို B&Bs များက စတင်နေပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းတွင် စားသောက်ဆိုင်များ၊ ဧည့်လမ်းညွှန်များနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များလည်း ပါဝင်နေသည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် ထိုထူးခြားသည့် အခွင့်အလမ်းမှ အကျိုးခံစားရန် သံတောင်ကြီးက နိုင်ငံ၏တစ်ခုတည်းသော နေရာဖြစ်နေခြင်းက ထူးခြားဟန်တူနေသည်။
သို့သော်လည်း အမှန်တကယ်အားဖြင့် ၂၀၁၃ ခုနှစ်က ခရီးသွားလုပ်ငန်း၌ ဒေသန္တရပါဝင်မှုပေါ်လစီတွင် B&B စံချိန်စံညွှန်းများအတွက် မူကြမ်းရေးဆွဲပြီးဖြစ်သော်လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် B&B စီမံကိန်းကို မည်သည့်အခါကမှ ထောက်ခံပံ့ပိုးခဲ့သည်တော့ မဟုတ်ပေ။
လက်တစ်ဆုပ်စာ ဒေသန္တရအခြေပြု ခရီးသွားလုပ်ငန်းအစီအစဉ်များ နောက်ပိုင်းတွင် စတင်ခဲ့ပြီး အလှူရှင်များ၏ ပံ့ပိုးမှုလည်း ပါဝင်လေ့ရှိသည်။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် ကျေးရွာနေ စီမံကိန်းတစ်ခုအပါအဝင် တချို့အစီစဉ်များက အလွန်အောင်မြင်လျက်ရှိသည်။
အစိုးရပြောင်းသွားသော်လည်း ဝန်ကြီးဌာနကမူ အကြီးစားခရီးသွားလုပ်ငန်း မြုင့်တင်ရေးကိုသာ ဆက်လက် အာရုံစိုက်နေသည်။ သူတို့၏ စိတ်ကူးက ပြည်ပမှ ဧည့်သည်များအနေဖြင့် ထင်ရှားကျော်ကြားသောနေရာများကိုသာ လေယာဉ်ဖြင့် သွားကြလိမ့်မည်။ ထို့နောက် ဈေးကြီးသည့် ဟိုတယ်ကြီးများတွင် တည်းခိုပြီး ဈေးနှုန်း မတန်တဆ တင်ထားသော အမှတ်တရ လက်ဆောင်ပစ္စည်းများကို သူတို့လက်ဆွဲအိတ်များဖြင့် အပြည့် ဝယ်ယူကြလိမ့်မည်ဟုဖြစ်သည်။
လွန်ခဲ့သည့် အနှစ် ၂၀ လောက်ကမူ ဤမဟာဗျူဟာက အလုပ်ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ ယနေ့အထိလည်း ဈေးကွက်အချို့ ရှိနေသေးသည်။ သို့သော် ထိုဈေးကွက်မှာ ကြုံ့၍ကြုံ့၍ လာနေသည်။ ခရီးသွားလုပ်ငန်းတွင် လားရာ (trend) များ ပြောင်းလဲနေသည်။ ထိုအချက်ကို မြန်မာအာဏာပိုင်များက အလိုက်သင့် လိုက်ပြောင်းပေးရန် နှောင့်နှေး ကြန့်ကြာနေသည်နှင့်အမျှ ဒေသတွင်း အခြားနိုင်ငံများ နောက်တွင် ဝေးသည်ထက် ဝေးစွာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ ပြောင်းလဲနေသော လားရာများတွင် ခရီးသွားများက ဒေသခံများနှင့် ပိုမိုထိတွေ့ ဆက်ဆံလိုကြသည်။ သဘာဝပတ်ဝန်းကျင်အား ထဲထဲဝင်ဝင် ထိတွေ့ချင်ကြသည်။ မဖွံ့ဖြိုးသေးသော၊ လူသိပ်မသိသော နေရာသစ်များသို့ သွားရောက်လည်ပတ် လိုကြသည်။ ဟိုတယ်များက ဖြည့်ဆည်းမပေးနိုင်သော ထိုလိုအင်ဆန္ဒကို B&B များက ဖြည့်ဆည်းပေးနိုင်ကြသည်။ မှန်ပါသည်။ ဧည့်သည်များ (ပြည်တွင်းရော၊ ပြည်ပပါ) ၏ နေထိုင်စားသောက်မှုတွင် ဘေးကင်းလုံခြုံရန်၊ ကျန်းမာသန့်ရှင်းရန် လိုအပ်သည်။ သို့သော် ထိုအတွက် ကြီးမားသော Package အစီအစဉ်ကြီးဖြင့် လာစရာ မလိုအပ်ပေ။
မြန်မာ့ခရီးသွားလုပ်ငန်း အကုန်လုံးက အဆင်ပြေ ချောမွေ့နေသည်တော့ မဟုတ်ပေ။ ခရီးသည်ဝင်ရောက်မှု စာရင်းကို ကြည့်ရုံဖြင့် ထိုအချက်ကို သိနိုင်ပါသည်။ ဦးသိန်းစိန်အစိုးရ တက်လာခါစက ဒလဟော င်ရောက်လာကြပြီး နောက်ပိုင်းတွင် ခရီးသည်ဝင်ရာက်မှု သိသိသာသာ တိုးမလာတော့သည်ကို တွေ့ရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကြောင့်လည်း တစိတ်တပိုင်း ဖြစ်နိုင်သည်။ အနောက်တိုင်းက ခရီးသွားတွေက ရခိုင်အရေးကြောင့် မြန်မာပြည်ကို ရှောင်ရှားကြသည်။ သို့သော် အခြားအကြောင်းတွေလည်း ရှိနေသေးသည်။ အခြေခံအဆောက်အဦးများ ညံ့ဖျင်းခြင်းနှင့် ခရီးသွားဧည့်သည် ဆွဲဆောင် မြှင့်တင်ရေး မလုပ်နိုင်ခြင်း၊ ဟိုတယ်ခ ဈေးကြီးခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု နေရာများကိုသာ ဆွဲဆောင်မှုများနေခြင်းတို့လည်း ပါဝင်သည်။
မြန်မာနိုင်ငံထဲ၌ B&B လိုင်စင်များ ထုတ်ပေးခြင်းဖြင့်သာ ရှေ့တိုးသွားနိုင်မည်ဟု မဆိုလိုပေ။ ဟိုတယ်များ အပြိုင်အဆိုင် ရွေးစရာရှိနေပြီးသော နေရာမျိုး၌ B&B လိုင်စင် မလိုအပ်အပ်ပေ။ ဝန်ကြီးဌာနအနေဖြင့် ထိုလိုင်စင်ထုတ်ပေးမည့် လုပ်ငန်းစဉ်ကို နိုင်နိုင်နင်းနင်း စီမံနိုင်ရေးကသာ အရေးကြီးသည်။
ပြည်ပနှင့် ပြည်တွင်းခရီးသွားများအတွက် အရည်အသွေးမီ အသေးစား တည်းခိုနေထိုင်စရာ ဖန်တီးပေးနိုင်လျှင် မြန်မာနိုင်ငံ၌ သွားရောက်လည်ပတ်စရာ နေရာအမြောက်အမြား ရှိနေပါသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။