မြန်မာ့ကျွန်းသစ်ကို ဥရောပက ပိတ်ဆို့မှုတွေလုပ်အောင် တွန်းအားပေးတယ်လို့ ယူဆမိတယ်

လန်ဒန်အခြေစိုက် ‘ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ’ Environmental Investigation Agency (EIA) က ပြီးခဲ့သည့်လတွင် ထုတ်ဝေခဲ့သော အစီရင်ခံစာ၌ ဖော်ပြထားမှုများနှင့် ပတ်သက်ပြီး မြန်မာသစ်လုပ်ငန်း၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်အား Frontier မှ ကျော်ရဲလင်းက တွေ့ဆုံမေးမြန်းထားသည်။

EIA ရဲ့ အစီရင်ခံစာထဲမှာပါတာက ဟောင်ကောင်နိုင်ငံသား Cheng Pui Chee ပေါ့။ သူက Chetta Apipatana ဆိုတဲ့ နာမည်နဲ့ပဲ ထိုင်းနိုင်ငံမှာလည်း နေတယ်။ သစ်ကုမ္ပဏီတွေလည်းရှိတယ်။ အစီရင်ခံစာမှာ သူက မြန်မာနိုင်ငံက ကျွန်းသစ်တွေ မှောင်ခိုခိုးထုတ်တဲ့နေရာမှာ ဆရာကြီးပဲလို့ အစီရင်ခံစာက ဆိုထားတယ်။ ဦးခင်မောင်ကြည်အနေနဲ့ သူ့ကို သိလား။ တွေ့ဖူးလား။ ပြောဆို ဆက်ဆံဖူးလား။

မတွေ့ဖူးဘူးဗျ။ လူချင်းမဆုံဖူးဘူး။ နာမည်တော့ ကြားဖူးတယ်။ သူက မြန်မာနိုင်ငံက ကျွန်းသစ်တွေကို အစဉ်တစိုက် ဝယ်ယူနေတဲ့ ကုန်သည်ကြီးလို့ပဲ သိထားတယ်။

ဒါဆိုရင် ၂၀၁၈ ခုနှစ်တုန်းက Cheng Pui Chee ကွယ်လွန်တော့ မြန်မာ့သစ်လုပ်ငန်းက ဝမ်းနည်းကြောင်းသဝဏ်လွှာကို နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်ခဲ့တဲ့ကိစ္စကရော။ ဒါက မြန်မာ့သစ်လုပ်ငန်းနဲ့ Cheng Pui Chee အကြား နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိနေတယ်လို့ ဆိုလိုရာ မရောက်နေဘူးလား။

အမှန်ပြောရရင် အဲဒီ ဝမ်းနည်းကြောင်း သဝဏ်လွှာထည့်တာကို ကျွန်တော် သတိတောင် မထားမိဘူး။ EIA အစီရင်ခံစာထဲပါမှ သိရတာ။ ဒါက မြန်မာ့သစ်လုပ်ငန်းရဲ့ ဘယ်ဌာနခွဲက ထည့်တာလဲဆိုတာတောင် မမေးကြည့်ရသေးဘူး။ သတင်းစာထဲ ဒီလိုထည့်တာဟာ လုပ်လေ့လုပ်ထရှိတာမျိုးပါ။ Cheng Pui Chee က မြန်မာ့သစ်လုပ်ငန်းရဲ့  သစ်လေလံတွေကနေ သစ်တွေဝယ်ယူနေတဲ့ ဖေါက်သည်မို့ ဒီလို သူကွယ်လွန်တော့ ဝမ်းနည်းကြောင်း ဖေါ်ပြတဲ့အနေနဲ့ ထည့်တာမျိုးပဲ ဖြစ်မှာပါ။ ဒါက လူမှုရေးကိစ္စပဲ။

EIA က သူ့အစီရင်ခံစာထဲမှာ Cheng Pui Chee ဟာ မြန်မာနိုင်ငံက တရားဝင်ရော၊ တရားမဝင်နည်းနဲ့ရော ကျွန်းသစ်တွေကို ရယူပြီး အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အကျိုးအမြတ်ရနေတယ်။ သူဟာ ဒီလိုလုပ်နိုင်ဖို့အတွက် စစ်ဖက် ထိပ်သီးခေါင်းဆောင်တွေနဲ့ မြန်မာ့သစ်လုပ်ငန်းကလူကြီးတွေကို  လာဘ်ပေးမှုတွေ အကြီးအကျယ်လုပ်ခဲ့တယ်လို့ ဆိုထားတယ်။ အရင်က စစ်ဖက်ခေါင်းဆောင်တချို့ရဲ့ သား၊သမီးတွေ နိုင်ငံခြားမှာ ပညာသင်ဖို့စရိတ်တွေ ထောက်ပံ့ပေးမျိုးတာ အပါအဝင်ပေါ့။ အဲဒါအပေါ် MTE ပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ ဘယ်လိုမျိုး သိထားလဲ။

ကျန်တဲ့လာဘ်ပေးမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ကျွန်တော် မပြောတတ်ဘူး။ သိလည်းမသိဘူး။  မြန်မာ့သစ်လုပ်ငန်းအနေနဲ့ကတော့ ပြောမယ်။ ကျွ်တော်တို့က ဟိုးအရင် တပ်မတော်အစိုးရလက်ထက်ကတည်းက အခုထိ သက်ဆိုင်ရာအစိုးရတွေ ချမှတ်တဲ့ စဉ်းမျဥ်းတွေအရပဲ လုပ်ကိုင်ခဲ့တာ။ EIA အနေနဲ့က သူတို့ဘက်က တိကျတယ်၊ သေချာတယ်ဆိုရင် မြန်မာ့သစ်လုပ်ငန်းက ဘယ်လူကြီးတွေက ဘယ်တုန်းက ဘာအတွက် ဘယ်လောက် လာဘ်စားခဲ့သလဲဆိုတာမျိုး တိတိကျကျ ပြောနိုင်ရမယ်။ အခုက သူက သိမ်းကြုံးစွပ်စွဲတဲ့သဘောပဲ။ ဒါမျိုးက ဒီမှာဆို အသရေဖျက်မှုနဲ့ တရားစွဲခံရနိုင်တဲ့အခြေအနေ။ အခု သူတို့က နိုင်ငံတကာအဖွဲ့မို့လို့သာ။ သူတို့ကသာ သေချာလို့ အမည်၊ နေ့စွဲ စတာတွေနဲ့ တိတိကျကျ ဖေါ်ပြရင် လက်ရှိအစိုးရ အရေးမယူဘဲ နေမလား။

Cheng Pui Chee ချခဲ့တဲ့ လုပ်ငန်းတွေဟာ အခုထိ ဆက်လက်ရှင်သန် လည်ပတ်နေတုန်းပဲလို့လည်း အစီရင်ခံစာက ဆိုထားတယ်။ အဲဒါ မှန်ပါသလား။

ခုနက ကျွန်တော် ပြောသလိုပေါ့။ စွပ်စွဲချက်တွေက သိပ်အခြေအမြစ်မရှိသလို အရင် တပ်မတော်အစိုးရလက်ထက်ကို အခြေခံပြောတာဆိုတော့ Cheng Pui Chee ရဲ့လုပ်ငန်းတွေ ဆက်ရှိနေတာကမှန်ပေမဲ့ သူတို့ပြောသလို အကျင့်ပျက်ခြစားမှုနဲ့ လည်ပတ်နေတဲ့စနစ်က အခု လုံးဝမရှိတော့ပါဘူး။ အရင်က ရှိခဲ့တယ်ဆိုတာကလည်း သူတို့ရဲ့ စွပ်စွဲချက်တွေပါပဲ။

လက်ရှိမှာဆို Cheng Pui Chee ရဲ့ ကုမ္ပဏီ ၄ ခုရှိနေတယ်။ Cheung Hing Crop Ltd၊ North Wood Company၊ Thai Sawat Industry Ltd နဲ့ Pacific Timber Enterprise Co Ltd။ အဲဒီ ၄ ခုထဲမှာ သစ်ထုတ်တာကို Pacific Timber Enterprise Co Ltd တခုတည်းကပဲ လုပ်တာ။

လက်ရှိအထိ Cheng Pui Chee ရဲ့ ကုမ္ပဏီတွေ ဝယ်ယူခွင့်ရထားပြီးဖြစ်တဲ့ သစ်တန်ချိန် ၅,၆ဝဝ ဒီမှာ ရှိတယ်။ တိတိကျကျဆို ၅,၆ဝ၂ တန်။ အားလုံး ကျွန်းတွေချည်းပဲ။ ဒါတွေက ၂ဝ၁၂ ကတည်းက ဝယ်ယူခွင့်ရထားပြီးသား။ အဲဒီသစ်တွေက ဘယ်မှာ ရှိလဲဆိုရင် တောင်ဒဂုံတို့။ နွယ်ခွေတို့ ဝါးတရာသစ်ဆိပ်တွေမှာ၊ သစ်ပုံပေါင်း ၁၅၄ ပုံပေါ့။ အဲဒီအကုန်လုံးအတွက် ငွေသွင်းပြီးသား။ နောက် အဲဒီထဲက တန် ၁,၅ဝဝ အတွက် Delivery Oorder ထုတ်ပြီးသားပါ။

သူတို့အစီရင်ခံစာထဲမှာ အရည်အသွေးကောင်းတဲ့ ကျွန်းသစ်တွေကို အရည်အသွေး လျှော့ပြပြီး ဈေးပေါပေါနဲ့ ဝယ်တယ်။ ပြီးရင် နိုင်ငံတကာဈေးကွက်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ မြန်မာဘက်က အာဏာပိုင်တွေလည်း ပါတယ်။ ဒီလိုနည်းနဲ့ ငွေတွေက တိုင်းပြည်ဘဏ္ဍာထဲ မရောက်ဘဲ ဖြစ်ခဲ့ရတယ် ပြောတယ်။ ဆိုတော့..

ဟိုးအရင်ကတည်းက မြန်မာနိုင်ငံက အရည်အသွေးမြင့်ကျွန်းတွေကို လေလံစနစ်နဲ့ပဲ ရောင်းတာ။ ကျွန်းသစ်အရည်အသွေး သတ်မှတ်ချက် ၅ နဲ့အထက်ပေါ့။ တိုက်ရိုက်ရောင်းမှာက အရည်အသွေးညံတာကိုပဲ ရောင်းပေးတာ။ Direct Sale ခေါ်တာပေါ့။ အဲဒီမှာက ကျွန်းသစ်အရည်အသွေးသတ်မှတ်ချက် ၆ နဲ့ ၇ ကိုပဲ ရောင်းပေးတာ။ ကုမ္ပဏီတစ်ခုက သစ်ဘယ်လောက် ဝယ်ချင်ပါတယ်ဆိုပြီး ခွင့်ပြုချက်တောင်းလာပြီဆိုရင် မြန်မာ့သစ်လုပ်ငန်းက စိစစ်ပြီး ဝန်ကြီးဌာနကို စာတင်ရတယ်။ ဝန်ကြီးဌာနရဲ့ EC (အမှုဆောင်ကော်မတီ)အစည်းအဝေးမှာ ဆုံးဖြတ်တာ၊ အတည်ပြုတာတွေ လုပ်တယ်။ ပြီးမှ ရောင်းတာ။ .. ဆိုတော့ မြန်မာ့သစ်လုပ်ငန်းက အဲဒီဆုံးဖြတ်ချက်တွေအတိုင်း လိုက်လုပ်ပေးရတာ။ တိုက်ရိုက်ရောင်းစနစ်က ဒီဘက်အစိုးရခေတ်မှာ လုံးဝမရှိတော့ဘူး။ open tender နဲ့ ပွင့်လင်းမြင်သာစွာ ရောင်းချပေးနေပါတယ်။

EIA ရဲ့ အစီရင်ခံစာမှာပါတဲ့အကြောင်းအရာတွေအပေါ် ဘယ်လိုမြင်လဲ။ အဲဒါတွေက အသစ်အဆန်းတွေလား။ တနည်းပြောရရင် သစ်တောနဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အထောက်အကူဖြစ်မယ်ထင်လား။

အစီရင်ခံစာကို ဖတ်ကြည့်လိုက်တော့  အချက်အလက်အများစုက အရင်အစိုးရလက်ထက် နှစ်၃ဝ လောက်ကဟာတွေကို ပြောထားတာများတယ်။ ၁၉၈၈ နောက် ၈၉ ကာလတွေမှာ ဖြစ်ခဲ့တာတွေကို ပြောထားတာ။ ဗိုလ်ချုပ်ကြီး ချာပါလစ်ယောင်ချာယုတို့ ခေတ်က။ အဲဒီတုန်းက ထိုင်းမှာက သဘာဝဘေးတွေကြုံပြီး တစ်နိုင်ငံလုံးသစ်ထုတ်ခွင့်ကို ၁၉၈၉ ကတည်းက စပိတ်လိုက်တာ အခုထိပဲ။ အဲဒီတော့ သူတို့ကလည်း သစ်ကို ဘယ်ကရရ၊ အစီရင်ခံစာထဲမှာ ပါတယ်လေ။ ထိုင်းကုမ္ပဏီတွေကို သစ်ထုတ်ခွင့်ပေးတာ။ ဒီဘက်ကလည်း စစ်အစိုးရလက်ထက်ဆိုတော့ သူ့မှာလည်း လိုအပ်ချက်တွေနဲ့မို့ ဒါတွေ လုပ်ခဲ့ကြတာ။

အဲဒီကာလတွေကတော့ ကိုယ့်အစိုးရကလည်း နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့ အခက်အခဲကြုံတွေ့နေရတဲ့အချိန်။ အိမ်နီးချင်းနိုင်ငံတွေကလည်း သူတို့အကျိုးစီးပွားအတွက်ပဲ သူတို့ကြည့်ကြတာဆိုတော့လေ။ ဒီထဲပါတာတွေက အသစ်အဆန်းတွေ မဟုတ်ပါဘူး။ လူတွေ ပြောနေဆိုနေကြ အကြောင်းတွေပါပဲ။ ခုက ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ နှစ်အတော်ကြာကတည်းက စလုပ်နေတာဆိုတော့ ဒီအစီရင်ခံစာ ကျွန်တော်တို့သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို တစုံတရာ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။

ဒါဆို ဒီအစီရင်ခံစာက မြန်မာနိုင်ငံရဲ့ သစ်ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူးပေါ့။

ကျွန်တော် မကြောက်ဘူးဗျ။ ၂ဝ၁၇ တုန်းက EIA က ကျွန်တော်တို့ကို စွပ်စွဲလိုက်တယ်။ မင်းတို့နိုင်ငံမှာ သစ်ထုတ်တဲ့စနစ်တွေက ကုမ္ပဏီတွေကို သစ်ထုတ်ခွင့် ကန်ထရိုက် ပေးတယ်။Timber Sharing System ကို ထောက်ပြတာပေါ့။ အမှန်က အဲဒီစနစ်ကို ကျွန်တော်တို့က ၂ဝ၁၆-၁၇ ကတည်းက စပြီး ကန်ထရိုက်မပေးတော့ဘဲ MTE ကပဲ သစ်ထုတ်တော့မယ်ဆိုပြီး ပြောင်းလဲမှုတွေ စလုပ်နေပြီ။ အဲဒီတော့ အခုလက်ရှိဝန်ကြီးကပဲ EIA ကို ဒါလေး ခေါ်ရှင်းပြလိုက်ပါဆိုလို့ ကျွန်တော် EIA က Campaign Manager ဖြစ်တဲ့ Faith Doherty ကို ခေါ်လိုက်တယ်။ ၂ဝ၁၇ စက်တင်ဘာလမှာထင်တယ်။ သူတို့လာတော့ ရှင်းပြလိုက်တယ်။ အရင်က စစ်အစိုးရခိုင်းတဲ့အတိုင်း လုပ်ရတာ။ စစ်အစိုးရလက်ထက်က AAC ထက် ပိုထုတ်ရတာတွေ အများကြီး၊ အစိုးရက ဘယ်လောက်လိုချင်တယ်ဆို ထုတ်ပေးရတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ဝန်ထမ်းတွေလေ။ အဲဒီလို ရှင်းပြခဲ့ရတယ်။

အခုလည်း ကျွန်တော် စိတ်ဝင်စားတာက မစ္စတာချမ်းက မနှစ်က ဧပြီလမှာ ဆုံးတယ်။ မစ္စတာချမ်းဆုံးပြီးမှ အစီရင်ခံစာ ထုတ်လာတယ်။ MTE ကို မြန်မာ့ကျွန်းသစ်ကို ကမ္ဘာက အထူးသဖြင့် ဥရောပကပေါ့၊ ပိတ်ဆို့မှုတွေလုပ်အောင် တွန်းအားပေးတယ်လို့ ယူဆမိတယ်။ ဒါ နိုင်ငံရေး ထိုးနှက်ချက်ပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်။ သုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု သူတို့စွပ်စွဲနေတာတွေက အပေါ်မှာ ပြောခဲ့တဲ့ လွန်ခဲ့သော ၂ဝ၁၂-၁၃ ကရောင်းထားတဲ့ သစ်တွေကိစ္စကို စွပ်စွဲထားတာ။ ဒီဘက် ၂ဝ၁၅-၁၆ က ကိစ္စတွေတောင် မပါတော့ဘူး။

သူတို့ ဘယ်လိုပဲ ပိတ်ဖို့ ကြိုးစားနေပါစေ။ ကျွန်တော်တို့ ထုတ်ယူ၊ တင်ပို့တဲ့ သစ်တွေကို နောက်ကြောင်းပြန် လိုက်စစ်ဆေးကြည့်နိုင်တဲ့ စနစ်ကို သုံးနေတာမို့ ဥရောပနိုင်ငံတွေက ဝယ်တုန်း၊ ကျွန်တော်တို့ကလည်း ပို့တုန်း၊ ၂ဝ၁၅-၁၆ stockpile တွေကို ဥရောပတင်ပို့ရာမှာ သစ်ထုတ်ဌာနအနေနဲ့ certified letter for source of origin (မူလရင်းမြစ် အာမခံစာ) ၁၈၂၇ စောင် ထုတ်ပေးခဲ့ပြီး ကျွန်း ၇၇,၁၉၉ တန်၊ သစ်မာ ၆၃၂ တန် ပြည်ပ တင်ပို့ထားတယ်။ ကျွန်းအားလုံးက အီးယူ (ဥရောပသမဂ္ဂ) ကိုသွားတာ။

အဲဒီတော့ MTE အနေနဲ့သော်လည်းကောင်း၊ မြန်မာနိုင်ငံအနေနဲ့သော်လည်းကောင်း ဒီအစီရင်ခံစာထွက်လာတဲ့အပေါ် စိုးရိမ်မှု မရှိပါဘူး။ အခုဆို အမေရိကန်တရားရေးဌာနက ဦးဆောင်ပြီးတော့ တရားမဝင်သစ်လုပ်ငန်းတွေကို ဘယ်လိုတိုက်ဖျက်မလဲနဲ့ ပတ်သက်ပြီး ဒီမှာ အလုပ်ရုံဆွေးနွေးပွဲ လုပ်နေတယ်။ တလောက အီတလီမှာလည်း တရားမဝင်တွေ မိတယ်ဆိုပြီး ကြားရတယ်။ ကျွန်တော်စုံစမ်းကြည့်လိုက်တော့ ၉ဝ ရာနှှုန်းလောက်က တရားဝင်အထောက်အထားတွေရှိတာမို့ ဖြေရှင်းပြီး ဖြစ်တယ်လို့ သိရတယ်။

ဆိုတော့ EIA အနေနဲ့ အချိန်ကိုက် တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်။ EIA ဟာ မြန်မာနိုင်ငံက သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုတွေအပေါ်၊ အထူးသဖြင့် မြန်မာ့သစ်လုပ်ငန်းအပေါ် အစဉ်တစိုက် တိုက်ခိုက်လာတာဆိုတော့ ဒါက မထူးဆန်းပါဘူး။

ခေါင်းစီးဓာတ်ပုံ- မြန်မာသစ်လုပ်ငန်း၏ ပြောခွင့်ရပုဂ္ဂိုလ်၊ ဒုတိယအထွေထွေမန်နေဂျာ ဦးခင်မောင်ကြည်။ ဓာတ်ပုံ-သူရဇော်

ကျော်ရဲလင်း

ကျော်ရဲလင်း

ရန်ကုန်အခြေစိုက် သတင်းထောက်တစ်ဦးဖြစ်သည့် ကျော်ရဲလင်းသည် ၂၀၁၁ ခုနှစ်တွင် ပေါ်ပြူလာသတင်းဂျာနယ်တွင် လုပ်ကိုင်ခြင်းဖြင့် ဂျာနယ်လစ်ဘဝကို စတင်ခဲ့သည်။ Frontier နှင့် လက်မတွဲမီက အလွတ်တန်းသတင်းထောက်နှင့် Fixer အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

Share on facebook
Share on twitter
Share on email

More stories

ပလတ်စတစ်ထုတ်ကုန်များမှာ သုံးစွဲရလွယ်ကူအဆင်ပြေသကဲ့သို့ ကျိန်စာတစ်ခုလည်းဖြစ်သည်။ သို့ရာတွင် ယခုအခါ တီထွင်ဆန်းသစ်မှုရှိသော စီးပွားရေးလုပ်ငန်းများသည် ပလတ်စတစ်များက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar