မြန်မာအတွက် Su-30SM တိုက်လေယာဉ် ၆ စင်းကို ရုရှားက စတင်တပ်ဆင်နေ

မြန်မာနိုင်ငံအတွက် Su-30SM တိုက်လေယာဉ်များကို ရုရှားက စတင်တပ်ဆင်နေပြီဖြစ်သည်ဟု မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားကြောင်း ရုရှားသတင်းဌာနတစ်ခုက ဧပြီ ၂၄ ရက်နေ့တွင် ရေးသားထားသည်။

ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စပွန်နစ်သတင်းဌာနနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာတော့ (လေယာဉ်ပျံတွေဟာ) ထုတ်လုပ်ရေးစက်ရုံမှာဖြစ်ပါတယ်။ သဘောတူညီချက်ကို အကောင်ထည်ဖော်မှာဖြစ်ပါတယ်” ဟု မော်စကိုမြို့တွင် ၎င်းကပြောကြားသည်။

မြန်မာနဲ့ ရုရှားတို့သည် Su-30SM ဂျက်တိုက်လေယာဉ် ၆ စီးအတွက် သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံအတွက် Su-30 တိုက်လေယာဉ် ခြောက်စီး ရောင်းချသွားမည်ဟု ရုရှားကာကွယ်ရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Alexander Formin က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံအပြီးတွင် ထိုသို့သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များသည် “မြန်မာနိုင်ငံ၏ အချုပ်အခြာကို ကာကွယ်ရန်နှင့် အကြမ်းဖက်မှုများကို တားဆီးရာတွင် မြန်မာလေတပ်အတွက် အဓိကကျသည့် တိုက်လေယာဉ်များ ဖြစ်လာလိမ့်မည်” ဟု ဒုတိယဗိုလ်ချုပ်ကြီး Alexander Formin က ပြောကြားသည်။

လေသူရဲနှစ်ဦး လိုက်ပါနိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 တိုက်လေယာဉ်များကို ရုရှားနိုင်ငံ Sukhoi Aviation Corporation က ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဧပြီ ၂၀ ရက်နေ့တွင် အူလန်အူဒယ်မြို့ရှိ ULAN-UDE Aviation Plant သို့ သွားရောက်လေ့လာခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ အဆိုပါစက်ရုံတွင် Mi-8Т၊ Mi-171 နှင့် Ми-171Sh ရဟတ်ယာဉ်များ၊ Su-25UB နှင့် Su-39 တိုက်ခိုက်ရေးလေယာဉ်များကို အဓိက ထုတ်လုပ်နေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar