မြန်မာအစိုးရတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ရေရှည်မူဝါဒ မရှိသေး – အန်ဒီဟော

ရွှေ့ပြောင်းလုပ်သားများ ရပိုင်ခွင့်ကွန်ယက် (MWRN) အား တည်ထောင်ပြီး ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် အန်ဒီဟောကို Frontier က ဆက်သွယ်မေးမြန်းခဲ့သည်။

အိုလီဗာ ဆလိုး မေးမြန်းရေးသားသည်။

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ဗြိတိသျှနိုင်ငံသား အန်ဒီဟောအပေါ် အသရေဖျက်မှုဖြင့် စွဲဆိုထားသော အမှုအား ထိုင်းနိုင်ငံတရားရုံးချုပ်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် တရားသေ လွှတ်ပေးလိုက်သည်။

၎င်းသည် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်နေသည့် နာနတ်သီး စည်သွပ်စက်ရုံတစ်ခုတွင် အလုပ်သမားများအပေါ် မတရားစေခိုင်းမှုများကို ဖွင့်ဟ ဖေါ်ထုတ်ခဲ့သူဖြစ်သည်။ တရားရုံးချုပ်က စီရင်ချက်ချအပြီးတွင် ထိုင်းနိုင်ငံမှ အန်ဒီဟော ထွက်ခွာသွားခဲ့သည်။ ထိုင်းနိုင်ငံတွင် ဥပဒေရေရာ ပြဿနာများလည်း ရှိနေပြီး ကျိုးကြောင်းမဲ့ အငြိုးကြီးမားလှသော ထိုင်းကုမ္ပဏီများ၏ နှောင့်ယှက်မှုအန္တရာယ်ကြောင့် ထိုင်းနိုင်ငံတွင် ဆက်လက်နေရန် မလုံခြုံဟု ယူဆသဖြင့် ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။ ထိုင်းနိုင်ငံတွင် လှုပ်ရှားတက်ကြွသူများ အတွက် ယိုယွင်းယိမ်းယိုင်လာနေသော အခြေအနေ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ တိကျသော ပေါ်လစီ ချမှတ်ရန် ပျက်ကွက်နေသော မြန်မာအစိုးရနှင့် ထိုင်းတွင် ၎င်းရင်ဆိုင်ခဲ့ရသော အမှုများအကြောင်းကို ဥရောပတစ်နေရာမှနေ၍ အီးမေးလ်ဖြင့် Frontier ကို ဖြေကြားပေးခဲ့သည်။

ခင်ဗျားက ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေဘဝ တိုးတက်ကောင်းမွန်လာအောင် လှုပ်ရှားဆောင်ရွက်နေခဲ့တာ ၁၀ နှစ်တောင် ကျော်လာပြီ။ သူတို့ဘဝဟာ ခင်ဗျား စတင်လှုပ်ရှားစဉ်ကထက် ပိုကောင်းလာတယ်လို့ ယူဆသလား။

ထိုင်းနိုင်ငံထဲမှာရော၊ နိုင်ငံတကာမှာပါ ကျွန်တော် ဦးဆောင်ခဲ့တဲ့၊ ကျွန်တော် ပါဝင်လုပ်ဆောင်ခဲ့တဲ့၊ ရွှေ့ပြောင်းလုပ်သားများ ရပိုင်ခွင့်ကွန်ယက် (Migrant Workers’ Rights Network) ဟာ အောင်မြင်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စိန်ခေါ်မှုတွေ၊ သင်ခန်းစာတွေတော့ အမြောက်အများ ရှိခဲ့တာပေါ့။ ကျွန်တော် ပါဝင်လှုပ်ရှားခဲ့တဲ့ လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံက စားသုံးသူတွေ၊ ကုန်ပစ္စည်း ဝယ်ယူသူတွေ၊ ထိုင်းနိုင်ငံမှာ ရင်နှီးမြုပ်နှံ လုပ်ကိုင်သူတွေနဲ့ ထိုင်းအစိုးရထဲက အဓိက အာဏာရှိသူတွေဟာ အသိစိတ်ဓါတ်တွေ၊ သိနားလည်မှုတွေ ပိုပြီးရရှိလာခဲ့ကြတယ်။

ထိုင်းရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး လူ့လုပ်အားများစွာ လိုအပ်တဲ့ ပြည်ပပို့ကုန် ထုတ်လုပ်ရေးပေါ်မှာ မှီခိုအားပြုနေရတာပါ။ ဒီရွှေ့ပြောင်းလုပ်သားတွေဟာ တစ်ခါတစ်ရံမှာ လူကုန်ကူးခြင်း၊ အဓမ္မ ခိုင်းစေခြင်း ခံကြရပြီး လူ့သိက္ခာ ကျဆင်းစေတဲ့ ကြောက်မက်ဖွယ် အခြေအနေဆိုးတွေမှာ နေထိုင်လုပ်ကိုင်နေကြရပါတယ်။ သူတို့ကို အခြေခံ လူ့အခွင့်အရေးတွေနဲ့ မထိုက်တန်သူ၊ ဒုတိယတန်းစား နိုင်ငံသားတွေအဖြစ်သာ သဘောထား ဆက်ဆံနေခဲ့ကြပါတယ်။

ဘန်ကောက်မြို့အပြင်ဘက်ရှိ မဟာချိုင်ဒေသမှ ပုစွန်စက်ရုံတစ်ခုရှိ မြန်မာအလုပ်သမားအချို့။ ဓာတ်ပုံ- အေအက်ဖ်ပီ

ဘန်ကောက်မြို့အပြင်ဘက်ရှိ မဟာချိုင်ဒေသမှ ပုစွန်စက်ရုံတစ်ခုရှိ မြန်မာအလုပ်သမားအချို့။ ဓာတ်ပုံ- အေအက်ဖ်ပီ

ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုကလည်း အမျိုးသား အကျိုးစီးပွားနဲ့ နိုင်ငံလုံခြုံရေးကိုသာ အရေးထားပြီး ရွှေ့ပြောင်းလုပ်သား အခွင့်အရေးအတွက် ဆောင်ရွက်ပေးဖို့ သိပ်စိတ်မပါကြပါဘူး။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လူသားဘဝ လုံခြုံရေးကို အာမခံမယ့် ရေရှည်ပေါ်လစီလည်း မရှိပါဘူး။ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကြောင့်လည်း အခြေအနေကို ပိုဆိုးစေပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေဟာ ပညာလည်းမတတ်၊ စည်းရုံးထားတဲ့ အဖွဲ့အစည်းလည်း မရှိလေတော့ သူတို့ရဲ့ ရပိုင်ခွင့်တွေအတွက် ဥပဒေရဲ့ အကာအကွယ် ရယူဖို့ သက်ဆိုင်ရာကို တိုင်တန်းနိုင်မယ့် လမ်းကြောင်းလည်း မရှိဖြစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝတွေဟာ တစ်စိတ်တစ်ပိုင်းတော့ တိုးတက်မှုတွေ ရှိလာပါတယ်။ ဒီထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ရလာတာဟာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ထိုင်းအလုပ်သမား သမဂ္ဂတွေက ပိုမိုတိုးတက်တဲ့ အမြင်ရှိတဲ့ အလုပ်ရှင်တွေ၊ လုပ်ငန်းကုမ္ပဏီတွေနဲ့ ပြည်ပက ထိုင်းကုန်ပစ္စည်းတွေ ဝယ်ယူတင်သွင်းသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့မှုနဲ့ အစိုးရရဲ့ ပံ့ပိုးမှုတွေကြောင့်ဆိုတာကို အသိအမှတ် ပြုသင့်ပါတယ်။ ကျွန်တော့လုပ်ငန်း အောင်မြင်မှုရဲ့ အဓိက သော့ချက်တစ်ခုဟာ ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ကွန်ယက် (MWRN) ကတဆင့် ရွှေ့ပြောင်းလုပ်သားတွေထံမှာ အင်အားအစစ်အမှန် ရရှိလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းပဲ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ MWRN ဟာ ရွှေ့ပြောင်းလုပ်သားတွေ ကိုယ်တိုင် ရွေးကောက်တင်မြောက်ထားတဲ့၊ ရွှေ့ပြောင်းလုပ်သားတွေ ကိုယ်တိုင် ဦးဆောင်မှုပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို မတရား အသုံးချမှုကနေ အကာအကွယ်ပေးဖို့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ စိတ်ဆန္ဒရော ရှိရဲ့လား။

သူတို့အတွင်းစိတ်ထဲကတော့ ခုချိန်ထိ ဒီလိုနိုင်ငံရေး စိတ်ဆန္ဒမျိုး ရှိတယ်လို့ ကျွန်တော် မထင်ဘူး။ ရွှေ့ပြောင်းလုပ်သားတွေကို မတရား အသုံးချမှုပြဿနာကို ကိုင်တွယ်မယ်ဆိုရင် ဥပဒေ စိုးမိုးမှုကို အမိအရ ဆုပ်ကိုင်မယ့် ရေရှည်မူဝါဒ လိုအပ်ပါတယ်။ ရေတိုနည်းနဲ့ လုပ်လို့မရပါဘူး။ ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ တိုးတက်လာဖို့ဆိုရင် ထိုင်းလူမှုအဖွဲ့အစည်းထဲမှာ သံမှိုစွဲနေတဲ့ အဂတိလိုက်စားမှု၊ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေမှု၊ အလုပ်သမားတွေအပေါ် လေးစားတတ်မှု မရှိတာတွေကို လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအဆင့်မှာပါ ရှင်းလင်းဖို့ လိုတယ်ဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။ စနစ်တကျနဲ့ ရေရှည်ခံမယ့် အပြောင်းအလဲကို လုပ်ချင်တယ်ဆိုရင် ထိုင်းအစိုးရကို အဖက်ဖက်က အဆက်မပြတ် ဖိအားတွေပေးဖို့ လိုပါမယ်။ ထိုင်းဗျူရိုကရေစီနဲ့ ထိုင်းခေါင်းဆောင်တွေထဲမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ ပိုမိုတိုးတက်လာစေဖို့ တကယ်လိုလားတဲ့ သူတွေရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ရွှေ့ပြောင်းလုပ်သားတွေကို မတရားစေခိုင်းမှုတွေကနေ အကျိုးအမြတ် ရရှိနေသူတွေ၊ ကြံရာပါတွေလည်း အမြောက်အများ ရှိနေပါတယ်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၀ ရက်နေ့က ၎င်း၏ အမှုအား စီရင်ချက်မချမီ ဘန်ကောက်ရှိ တရားရုံး၏အပြင်ဘက်တွင် အန်ဒီဟောအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၀ ရက်နေ့က ၎င်း၏ အမှုအား စီရင်ချက်မချမီ ဘန်ကောက်ရှိ တရားရုံး၏အပြင်ဘက်တွင် အန်ဒီဟောအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့ နှစ်နိုင်ငံအကြား လုပ်ဆောင်နေတဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ သဘောထားကို သိပါရစေ။

အဲဒီလိုပါပဲ။ မြန်မာအစိုးရမှာ နိုင်ငံနဲ့အဝှမ်းစီးပွားရေးနဲ့ လူထုတွေ ဖူလုံရေးအတွက် ရေရှည် ရွှေ့ပြောင်းလုပ်ကိုင်ရေး မူဝါဒ မရှိသေးဘဲ ဖြစ်နေပါတယ်။ ရွှေ့ပြောင်းလုပ်ကိုင်ခွင့်ကို ဗဟိုအစိုးရကသာ ချုပ်ကိုင်ထားတော့ စီမံခန့်ခွဲမှုအဆင့်တွေက လျော့ကျ မသွားတော့ဘူး။ ဒီတော့ ထိရောက်တဲ့ ပေါ်လစီ ဖြစ်ပေါ်မလာတော့ဘဲ ဝန်ကြီးဌာနချင်း လုပ်ငန်းတွေထပ်၊ အငြင်းပွားမှုတွေဖြစ်ပြီး ဗျူရိုကရေစီယန္တယားသာ ကြီးထွားလာပါတယ်။ ခန့်မှန်းခြေ မြန်မာလူထုရဲ့ ၁၀ ရာနှုန်းလောက်က ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပေမဲ့ ငွေပြန်ပို့မှု၊ ပြန်လာသူတွေရဲ့ ကျွမ်းကျင်မှုကို စီမံခန့်ခွဲမှုတွေကို ဦးစားပေးဆောင်ရွက်တာ မတွေ့ရသေးပါဘူး။ ဒီပြန်ပို့ငွေတွေဟာ မြန်မာလူထုရဲ့ အစိတ်အပိုင်း အတော်များများကို ဖူလုံအောင် ပေးစွမ်းနေပါတယ်။ ဒါတွေကို တိုးပွားအားကောင်းလာအောင် လုပ်ဆောင်နိုင်ပါတယ်။ ပြည်ပက ရရှိလာတဲ့ ဒီအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို ပိုမိုတိုးတက်ကောင်းမွန်အောင် အားပေးခြင်းဖြင့် မြန်မာပြည်ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးမှုတွေအတွက် မရှိမဖြစ် အသုံးဝင်လာအောင် လုပ်နိုင်ပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာတွေဟာ စိတ်ကူးအဆင့်မှာသာ ရပ်နေပြီး လက်တွေ့ဖေါ်ဆောင်မှု မပြုနိုင်ကြသေးပါဘူး။

အပြန်အလှန် သဘောတူညီချက်တွေကို့ မတရား အသုံးချခံနေရမှုတွေမှာ များသောအားဖြင့် ဘာတွေကို တွေ့ရသလဲ။ ဒါတွေ ကောင်းမွန်လာအောင် ဘယ်လို လုပ်ဆောင်ရပါမလဲ။

အလုပ်သမား ခေါ်ယူမှုစနစ်တွေက ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ တရားဥပဒေ စိုးမိုးမှုအရ ဥပဒေကို အခြေခံ ရပါမယ်။ အလုပ်သမားဖက်က ကုန်ကျစရိတ်တွေကို အများကြီး လျှော့ချပစ်ပြီး သူတို့ကို အသုံးချမယ့် ပြည်ပအလုပ်ရှင်က ဒါတွေကို ကျခံစေရပါမယ်။ ဒါတွေဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြစ်ရမယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်ရာမှာ တွေ့ကြုံနိုင်တဲ့ အန္တရာယ်တွေနဲ့ ဘေးကင်းစွာ အလုပ်လုပ်နိုင်ဖို့ အရေးကြီးပုံကို လူထုတွေ ပိုမိုနားလည်သိရှိလာအောင် လုပ်ဆောင်ပေးရပါမယ်။ သံရုံးတွေကလည်း ရွှေ့ပြောင်းလုပ်သားတွေ အရေးကို အလျင်အမြန် တုန့်ပြန်အရေးယူ ဆောင်ရွက်ပေးရမယ်။ အဂတိလိုက်စားမှု မဖြစ်စေရဘူး။ နှစ်နိုင်ငံ အပြန်အလှန် သဘောတူ စာချုပ်တွေ ချုပ်ဆိုထားရပါမယ်။

ခင်ဗျား ထိုင်းနိုင်ငံက ထွက်ခွာသွားခဲ့ပေမယ့် ခင်ဗျားအပေါ် အသရေဖျက်မှုတွေနဲ့ ဆက်ပြီး စွဲချက်တင်နေတုန်းပဲ။ ဥပမာ ထိုင်းစိုက်ပျိုးရေး လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Betagro Group ကို ကြက်တွေပေးသွင်းနေတဲ့ ကြက်မွေးမြူရေးခြံတစ်ခု ကိစ္စ။ ဒီအမှုအကြောင်း ပြောပြနိုင်မလား။

မကြာမီက မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦး စွဲဆိုထားတဲ့ အမှုကို ကူညီထောက်ပံ့ပေးဖို့ လိုအပ်လာလို့ ကျွန်တော် MWRN နဲ့အတူ လုပ်ကိုင်ခဲ့တယ်။ စိုက်ပျိုးမွေးမြူရေး ကုန်ပစ္စည်းတွေ ပြည်ပတင်ပို့နေတဲ့ Betagro ကို ကြက်တွေပေးသွင်းနေတဲ့ လောဘူရီခရိုင်က ကြက်မွေးမြူရေး ခြံပိုင်ရှင်တစ်ဦးကို မြန်မာရွှေ့ပြောင်းလုပ်သား ၁၄ ဦးက တရားစွဲဆိုတဲ့ အမှုပါ။ သူတို့က သူတို့ ဆုံးရှုံးခဲ့ရတဲ့ လစာတွေနဲ့ နစ်နာကြေးအတွက် ဘတ် ၄၄ သန်း (ကျပ် ၁၁ ဒသမ ၆ ဘီလျံ) ရလိုကြောင်း လျှောက်ထားခဲ့ပါတယ်။

တစ်နေ့ကို နာရီ ၂၀ အထိ အလုပ်ခိုင်းခဲ့တာတွေ၊ အပြင်မထွက်ရဘဲ ပိတ်ဆို့ထားခဲ့တာတွေ၊ သူတို့ လစာတွေ၊ အကြိမ်ကြိမ် ဖြတ်တောက်ခံခဲ့ရတာတွေ၊ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေ သိမ်းယူထားခံခဲ့ရတာတွေအတွက် တောင်းခံခဲ့တဲ့ နစ်နာကြေးကို ခုထိ မရကြသေးဘူး။ ဒီကြက်ခြံပိုင်ရှင်ကို မြန်မာအလုပ်သမားတွေ စွဲထားတဲ့ စွဲချက်တွေဟာ ILO ရဲ့  အဓမ္မ အလုပ်စေခိုင်းမှု အပြည်ပြည်ဆိုင်ရာ အလုပ်သမား ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုတာ ထင်ရှားပါတယ်။ ခေတ်သစ် ကျေးကျွန်ပြုမှု တစ်ခုပဲ။ တစ်နေ့ နာရီ ၂၀ အလုပ်စေခိုင်းထားတဲ့ time card (အချိန်မှတ် ကတ်ပြား) တွေကို ဥပဒေ အရာရှိတွေကို ပြသမှုကြောင့် အလုပ်သမား နှစ်ဦးကို ခိုးမှုနဲ့ တရားပြန်စွဲထားပါတယ်။ အပြစ်ရှိကြောင်း တွေ့ရရင် ထောင် ခုနစ်နှစ်အထိ ချနိုင်ပါတယ်။ အလုပ်သမား ၁၄ ဦးလုံးကိုတော့ အသရေဖျက်မှုနဲ့ ပြန်တရားစွဲထားပါတယ်။ အလုပ်သမားတွေက သူတို့ အခြေအနေကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်လို့ဆိုပြီး တရားစွဲခံရတာ ဖြစ်တယ်။ မှန်တယ်လို့ ဆုံးဖြတ်ရင် ထောင်ဒဏ်နဲ့ ဒဏ်ငွေတွေ ကျခံရနိုင်ပါတယ်။

နိုင်ငံတကာက ကြက်ဝယ်ယူသူတွေက ဒီအမှုကို သိရှိသွားကြလို့ ထိုင်းကြက်မွေးမြူရေးလုပ်ငန်းမှာ အလုပ်သမားတွေကို မတရားခိုင်းစေမှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေကို လုပ်အား မတရား ခေါင်းပုံဖြတ်နေမှုတွေရှိနေတာ သိရှိသွားကြလို့ တုန့်ပြန်အရေးယူမှုတွေ လုပ်နေကြပါပြီ။ ထိုင်းတရားရုံးမှာ နောက်ထပ် ကျယ်ကျယ်ပြန့်ပြန့် တရားစွဲဆိုမှုတွေ ထွက်ပေါ်လာမှာကိုလည်း ကြက်ခြံပိုင်ရှင်တွေ လန့်နေကြရပြီ။ ကျွန်တော့်ကိုတော့ ဆိုရှယ်မီဒီယာမှာ ဖေါ်ထုတ်တိုက်ပွဲဝင်ခဲ့လို့ ကွန်ပျူတာ ဆက်သွယ်ရေးအမှု၊ အသရေဖျက်မှုတွေနဲ့ တရားစွဲထားကြတယ်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

အဲဒီ သတင်းတွေ Facebook ပေါ်မှာ ဖတ်ရတော့ ကြက်ခြံလုပ်သားတွေဟာ MWRN ကို ဆက်သွယ်လာကြတယ်။ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား မတရားစေခိုင်းမှုတွေကို ဖေါ်ထုတ်ရာမှာ လူမှုကွန်ယက်တွေက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေကြပြီလား။

လူမှုမီဒီယာဟာ ပို၍ ပို၍ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လာပြီး MWRN ရဲ့ လုပ်ငန်းမှာ အဓိက သော့ချက် ဖြစ်လာပါတယ်။ ကျွန်တော်တို့ရဲ့ Facebook စာမျက်နှာတွေဟာ ရွှေ့ပြောင်းလုပ်သား သိန်းသောင်းမကတွေဆီကို အလွယ်တကူ ပျံ့နှံ့ရောက်ရှိသွားပြီး ရွှေ့ပြောင်းလုပ်သား မတရားခိုင်းစေမှုတွေ၊ ခေါင်းပုံဖြတ်နေမှုတွေကို လူတွေသိလာအောင် ဖေါ်ထုတ်ပေးတဲ့ အဓိက လမ်းကြောင်းတွေ ဖြစ်လာပါတယ်။ ရှုပ်ထွေးတဲ့ အက်ပလီကေးရှင်းတွေ၊ စနစ်တွေဟာ သိပ်အသုံးမဝင်လှဘဲ MWRN လို အဖွဲ့အစည်းကတင်တဲ့ Facebook လို ကွန်ယက်တွေက အလွန်ကောင်းမွန်တဲ့ အစပျိုးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ထိရောက်တဲ့ အရေးယူမှုတွေ မရှိခြင်း သက်ဆိုင်ရာ လုပ်ငန်းတွေက တုန့်ပြန်လုပ်ဆောင်မှုတွေ မရှိလို့ စိန်ခေါ်မှုတွေနဲ့ ကြုံရပြန်ပါတယ်။ အစိုးရ အုပ်ချုပ်ရေး ယန္တရားမှာ ဘာသာပြန်တွေ မရှိလို့ အရေးယူဆောင်ရွက်ရာမှာ အခက်တွေ့နေရပါတယ်။ မြန်မာလူမှုအဖွဲ့အစည်းမှာ ဘေးကင်းလုံခြုံတဲ့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်မှုတွေကို သိရှိနားလည်လာအောင် မီဒီယာတွေက ပညာပေး လုပ်ဆောင်မှုတွေ တိုးပြီး လုပ်သင့်ပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ချင်တဲ့ မြန်မာတွေကို ခင်ဗျား ဘယ်လိုအကြံတွေ ပေးချင်ပါသလဲ။

နိုင်ငံပြောင်းရွှေ့ နေထိုင်ရတာ အလွန်အန္တရာယ် များပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေနဲ့ အိမ်မှာ ကျန်ခဲ့တဲ့ သူတို့ မိသားစုတွေ အန္တရာယ်ကင်းမှုဟာ သူတို့တွေကို စုဆောင်းပြီး ပြည်ပ အလုပ်အကိုင်ရှိရာ ပို့ဆောင်ဆက်သွယ်ပေးတဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ပွင့်လင်းမြင်သာရှိမှုပေါ်မှာ အများကြီး မူတည်နေပါတယ်။ အလုပ်သမားသစ် စုဆောင်းရေး ကုန်ကျစရိတ်တွေကို သက်ဆိုင်ရာ အလုပ်ရှင်တွေက ကျခံသင့်ပါတယ်။ MWRN က ထိုင်းအလုပ်သမားသမဂ္ဂတွေနဲ့ ဆက်သွယ်ကျင့်သုံး လုပ်ကိုင်နေတဲ့ စနစ်မျိုးပေါ့။ ထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေဟာ အမြဲ အဆက်အသွယ် ရှိနေရမယ်။ အလုပ်သမားတွေဟာ ညီညွတ်မှုနဲ့ အင်အားရယူထားရမယ်။ သူတို့ရဲ့ မူလအခြေခံ အခွင့်အရေးတွေ မဆုံးရှုံးစေပဲ လုပ်ငန်းခွင် အခြေအနေ တိုးတက်နေစေရမယ်။ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေနဲ့ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ သူတွေဟာ မိမိတို့ သွားရောက်လုပ်ကိုင်မယ့် အိမ်ရှင်နိုင်ငံမှာ သူတို့ရဲ့ ရပိုင်ခွင့်တွေနဲ့ တာဝန်တွေကို သိရှိနားလည်အောင် လေ့လာသင်ယူထားကြရမှာ ဖြစ်ပါတယ်။

ခင်ဗျား ဒီဒေသက ထွက်ခွာသွားပြီးတဲ့နောက် ခင်ဗျား ဘာတွေလုပ်ဖို့ ကြံရွယ်ထားလဲ။ အနာဂတ်မှာ ထိုင်းနိုင်ငံကို ခင်ဗျား ပြန်သွားဖို့ စိတ်ကူးထားလား။

လောလောဆယ်တော့ ဒီကိစ္စကို ကျွန်တော် မစဉ်းစားသေးပါဘူး။ အနည်းဆုံး ဖေဖေါ်ဝါရီ၊ မတ်လလောက်အထိတော့ မစဉ်းစားသေးဘူး။ ပုဂ္ဂိုလ်ရေးအဆင့်မှာတော့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေကို အကာအကွယ်ပေးရတဲ့ အခြေအနေဟာ အလျင်အမြန်ကို ဆိုးဝါး ဆုတ်ယုတ်လာနေတယ်။ ရန်လိုမှု အန္တရာယ်ပေးလိုမှုတွေ သိသိသာသာ တိုးပွားနေတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တင်းမာတဲ့ ပဋိပက္ခ အခြေအနေတွေ လျော့ပါးသွားတဲ့အထိ စောင့်ချင်တယ်။ လက်ရှိအငြင်းပွားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရပိုင်ခွင့်တွေ ရရှိဖို့ အရေးကြီးပုံ၊ ကျွန်တော်တို့လို လူ့အခွင့်အရေး ကာကွယ်သူတွေကို အကာအကွယ်ပေးဖို့ အရေးကြီးပုံတွေကို သူတို့ အပြည့်အဝ သဘောပေါက်နားလည်လာတဲ့ တစ်နေ့အထိ စောင့်ပြီးမှ ထိုင်းကို ပြန်သွားတော့မယ်။ ဒီလိုအပြုသဘော အခြေအနေတွေ တိုးတက်ဖြစ်ထွန်းလာမှသာ ကျွန်တော်တို့လို လူတွေ ခြိမ်းခြောက်၊ အန္တရာယ်ပေးမခံရပဲ ဖြစ်ဖြစ်မြောက်မြောက် အလုပ်လုပ်နိုင်ကြမှာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ ထိထိရောက်ရောက် အလုပ်မလုပ်နိုင်အောင် အမျိုးမျိုး အဖုံဖုံ၊ အတောမသပ် တရားစွဲ၊ နှောင့်ယှက်ခံနေရဦးမှာသာ ဖြစ်တယ်။

ကျွန်တော်ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကို သံယောဇဉ် အလွန်ကြီးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် ရေရှည်ထိရောက်မယ့် ပေါ်လစီချမှတ်ပြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ နိုင်ငံဖွံ့ဖြိုးရေး ပြဿနာမှာ ဒီအရေးကို အစိတ်အပိုင်းတစ်ရပ်အဖြစ် အရေးထား လုပ်ဆောင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ဒီကနေ ဘာတွေဖြစ်လာမယ်ဆိုတာ ကြည့်ချင်သေးတယ်။ ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်လို့ကတော့ သုံးလေးလလောက် စောင့်ကြည့်ပြီးရင် သူ့ဘာသာ ဆုံးဖြတ်သွားလိမ့်မယ် ထင်ပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar