တရုတ်နိုင်ငံက မြန်မာအစိုးရအား ယွမ်သန်း ၁,၀၀၀ အကူအညီအထောက်အပံ့ပေးရေး အပါအဝင်ကိစ္စရပ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်သမ္မတတို့ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၄ ရက်နေ့တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများအတွက် တရုတ်အစိုးရက မြန်မာအစိုးရအား ယွမ် သန်း ၁,ဝဝဝ အကူအညီအထောက်အပံံ့ပေးမည့် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အဆိုပါ အစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေးတို့အး ဆွေးနွေးခဲ့ကြသည်ဟု အတိုင်ပင်ခံရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက် အကူအညီပေးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင် ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရေးတို့နှင့် တရုတ်အစိုးရက ဆက်လက်အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။