မြန်မာလုံခြုံရေး အရာရှိခုနှစ်ဦးကို အီးယူက ပိတ်ဆို့ဒဏ်ခတ်၊ အရာရှိကြီးနှစ်ဦးကို တပ်မတော်က ထုတ်ပယ်

ကလဲရ် ဟမ်မွန်

ပြီးခဲ့သည့်နှစ်က ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မူစလင်များအပေါ် ရက်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် မြန်မာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ လုံခြုံရေးအရာရှိ ခုနှစ်ဦးကို ဥရောပ သမဂ္ဂ (အီးယူ)က ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် မြန်မာ့တပ်မတော် အရာရှိကြီးတစ်ဦးအား ရာထူးမှ ထုတ်ပယ်ပြီးဖြစ်ကြောင်းနှင့် တစ်ဦးမှာ ရာထူးမှ အနားယူသွားပြီးဖြစ်သည်ဟု တပ်တော်က သတင်းထုတ်ပြန်ခဲ့သည်။

ဇွန် ၂၅ ရက်နေ့တွင် ကြေညာခဲ့သည့် အီးယူ၏ ဆုံးဖြတ်ချက်တွင် ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းက တရားမဲ့ သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရိုဟင်ဂျာတို့၏ အိမ်နှင့် အဆောက်အဦတို့အား စံနစ်တကျ မီးရှို့မှုများ ကျူးလွန်ရာတွင် ၎င်းအရာရှိများ ပါဝင်ပတ်သက်ခဲ့သည်ဟု ပြောကြားထားသည်။ တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ထိုအရာရှိ ခုနှစ်ဦး၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းနှင့် ခရီးသွားခွင့် ပိတ်ပင်ခြင်းတို့ကို အီးယူက ချမှတ်လိုက်ခြင်းဖြစ်သည်။

ပိတ်ဆို့ဒဏ်ခတ်မှုများမှာ အများအားဖြင့် ရိုဟင်ဂျာ မူစလင် ၇ဝဝ,ဝဝဝ ခန့်ကို ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သော ပြီးခဲ့သည့်နှစ် သြဂုတ်လက စစ်တပ်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများနှင့် ဆက်စပ်နေသည်။ စစ်ဆင်ရေးများမှာ အာဆာစစ်သွေးကြွများ၏ ရဲစခန်းများအား တိုက်ခိုက်မှုကို တရားဝင် တုံပြန်မှုသာဖြစ်ကြောင်း မြန်မာအစိုးရက ပြောကြားထားသည်။

ပိတ်ဆို့ဒဏ်ခတ်ခံနေရသည့် အရာရှိခုနှစ်ဦးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ပါဝင်ပြီး ၎င်းသည် ၂ဝ၁၅ ခုနှစ် သြဂုတ်လမှ ၂ဝ၁၇ ခုနှစ်အကုန်ထိ အမှတ်-၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးဖြစ်ခဲ့သည်ဟု အီးယူက ဆိုသည်။ စစ်ဆင်ရေး အထူးအဖွဲ့သည် တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို ကြီးကြပ်ရပြီး ယင်းကာလအတွင်း ရိုဟင်ဂျာတို့အပေါ် ကျူးလွန်ခဲ့သည့် ရက်စက်မှုများအတွက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတွင် တာဝန်ရှိသည်ဟု အီးယူက ပြောကြားသည်။

အီးယူ၏ ဒဏ်ခတ်မှုတွင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာမှ ၂ဝ၁၇ နိုဝင်ဘာအထိ အနေုာက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကို ဦးဆောင်ရသည့် ဗိုလိချုပ်မောင်မောင်စိုးလည်း ပါဝင်သည်။ ၎င်းအား အမေရိကန်နှင့် ကနေဒါတို့ကလည်း အရေးယူထားပြီး ဖြစ်သည်။ ထို့အပြင် ရခိုင်ပြည်နယ် နှိမ်နင်းမှု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦးလည်း အီးယူ၏ ဒဏ်ခတ်မှုတွင် ပါဝင်သည်။

၎င်းတို့အပြင် အမှတ် (၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ အမှတ် ၁၅ ခြေမြန်တပ်မမှူး ဗိုလ်ချုပ်ခင်မောင်စိုး၊ ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာမှ ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာအထိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့သည့် ရဲမှူးချုပ်သူရ စန်းလွင်နှင့် အမှတ်-၈ လုံခြုံရေး ရဲတပ်ရင်းမှူး သန့်ဇင်ဦးတို့လည်း ပိတ်ဆို့ဒဏ်ခတ်ခံရသူများတွင် ပါဝင်သည်။

ပြစ်ဒဏ်ကျခံရခြင်းမရှိသည့် ပြစ်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက လူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်နိုင်စေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်သူများအပေါ် ပစ်မှတ်ထား တင်းကျပ်သည့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်နိုင်ရေးအတွက် တရားရေးမူဘောင်တစ်ခုအား ဧပြီ ၂၆ ရက်နေ့တွင် ချမှတ်ခဲ့သည်ဟု အီးယူကပြောသည်။

ဥရောပကောင်စီက အခြေအနေကို အနီးကပ ်စောင့်ကြည့်နေမည်ဖြစ်ပြီး စဉ်ဆက်မပြတ်သုံးသပ်ကာ ဆုံးဖြတ်ချက် ချမှတ်သွားမည်ဖြစ်၍ နောက်ထပ် အရေးယူမှုများလည်း ရှိလာနိုင်သည်ဟု အီးယူက ပြောသည်။

အရေးယူဒဏ်ခတ်မှုများအား ဦးတည်ချက်ထား ပြုလုပ်မှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အီးယူက စတင်ကျင့်သုံးခဲ့ချိန်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ကျယ်ပြန့်သည့် လူမှု-စီးပွား ဖွံ့ဖြိုးရေးအတွက် ကောင်းစွာကူညီမည်ဟုလည်း အီးယူက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အခြားအင်စတီကျူးရှင်းများကို ထောက်ပံ့သည့်အနေဖြင့် အီးယူက ယူရို ၁၄သန်း (ကျပ် ၂၂ဒသမ၇ ဘီလျံ) အား အီးယူက ငွေကြေးပံ့ပိုးထားသည့် စီမံကိန်းနှစ်ခုမှ တစ်ဆင့် ထောက်ပံ့ခဲ့သည်။

ထို့ပြင် အီးယူသည် စစ်တပ်က ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မြန်မာရဲတပ်ဖွဲ့ကိုလည်း ဆက်လက်ကူညီခဲ့သည်။ ၎င်း၏ MYPOL စီမံကိန်းက ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်း၊ တရားရေးမူဘောင် ပြုပြင်ပြောင်းလဲရေးတွင် ကူညီခြင်းနှင့် ရဲတပ်ဖွဲ့နှင့် ပြည်သူကြား ဆက်ဆံရေးတိုးတက်ရန်လည်း ရည်ရွယ်ထားသည်။

“ကျွန်တော်တို့ အဆုံးထိ အောင်မြင်မှုရအောင် ကြိုးစားနေတာက မြန်မာရဲတပ်ဖွဲ့ကို ပရောဖက်ရှင်နယ်ဆန်တဲ့၊ ခေတ်မီတဲ့ နိုင်ငံတကာ စံနှုန်းတွေ၊ လူ့အခွင့်အရေးတွေနဲ့ ကိုက်ညီတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့ပါ။ ပြီးတော့ လူ့အသိုင်းအဝိုင်းအားလုံးက ယုံကြည်တဲ့ ရဲ့တပ်ဖွဲ့လည်း ဖြစ်လာစေဖို့ပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ် မစ္စတာခရစ္စရှဲန်ရှမစ်က Frontier ကို ပြီးခဲ့သည် ရက်သတ္တပတ်က ပြောကြားသည်။

“ကျွန်တော်တို့ဟာ အနှစ်သာရရှိတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ အစမှာပဲ ရှိပါသေးတယ်။ လက်ရှိ ရှိနေတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အစိုးရ၊ တရားဥပဒေစိုးမိုးရေး အင်စတီကျူးရှင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကိုသာ ကျွန်တော်တို့ ဆက်လုပ်ရင် ပြောင်းလဲမှုကို ကျွန်တော်တို့ ထောက်ခံပေးနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

စီးပွားရေးပိတ်ဆို့မှုအများစုကို ရုပ်သိမ်းပေးခြင်း၊ မြန်မာပို့ကုန်များအတွက် အခွင့်အရေးပေးသည့် Generalized System of Preferences (GSP) ကုန်သွယ်ခွင့်ပြန်ရခြင်းတို့နှင့်အတူ ၂ဝ၁၂ ခုနှစ်မှစကာ အီးယူနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်စီးပွား ဆက်ဆံမှုမှာ သိသိသာသာ မြင့်မားလာသည်။

၂ဝ၁၃ ခုနှစ်က ရင်းနှီုးမြုပ်နှံမှုကာကွယ်ရေး သဘောတူညီချက်တစ်ခုအပေါ် လုပ်ငန်းစတင်ခဲ့သော်လည်း ယင်းကို လက်မှတ် မထိုးရသေးပေ။ နိုင်ငံရေးနှင့် လူ့အခွင့်အရေးအခြေအနေကြောင့် လက်မှတ်ထိုးခြင်းကို ရွှေ့ဆိုင်းထားခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် အောက်တိုဘာတွင် မြန်မာတိုင်းမ်က ရေးသားခဲ့သည်။

နိုင်ငံတကာဖိအား

ထိုစဉ်က မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ရက်စက်မှုများအတွက် ကျူးလွန်သူများ တာဝန်ခံမှုရှိရန် နိုင်ငံတကာ၏ ဖိအားနှင့် ရင်ဆိုင်နေရသည်။ ရိုဟင်ဂျာ မူစလင် ၆၇ဝ,ဝဝဝ ကျော်ကို ဘင်္ဂလားဒေ့ရှ်သို့ နှင်ထုတ်မှုအတွက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က တရားစီရင်ပိုင်ခွင့်ရှိသည်ဆိုသည့် မေတ္တာရပ်ခံချက်ကို ပြန်ကြားရန် ဇွန် ၂၁ ရက်နေ့တွင် ယင်းတရားရုံးက မြန်မာအစိုးရထံ တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအတိုင်းအတာထိ ဒုက္ခသည်များအား နှင်ထုတ်ခဲ့မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်နိုင်သလားဟု ဖြတ်စာချရန် တရားသူကြီးများကို အိုင်စီစီအကြီးအကဲ ရှေ့နေ မစ္စဖာတိုဘင်ဆူဒါက တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အိုင်စီစီၤအဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း စုံစမ်းစစ်ဆေးရန် ၎င်း၏ရုံးတွင် လုပ်ပိုင်ခွင့်ရှိသည်ဟုလည်း ၎င်းက စောဒကတက်ခဲ့သည်။

“နှင်ထုတ်တဲ့ ပြစ်မှုက မြန်မာ့ပိုင်နက်ပေါ်မှာ စတင်ခဲ့တယ်လို့ စွပ်စွဲထားတာကို စဉ်းစားကြည့်ရင် အိုင်စီစီအကြီးအကဲရဲ့ တောင်းဆိုမှုနှင့် ပတ်သက်လို့ ကျွမ်းကျင်မှုရှိတဲ့ မြန်မာအာဏာပိုင်တွေရဲ့ စောင့်ကြည့်လေ့လာမှုတွေကို တောင်းခံဖို့ သင့်လျော်တယ်ဟု အိုင်စီစီက ယူဆသည်” ဟု အိုင်စီစီ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။ ဇူလိုင် ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် မြန်မာအစိုးရကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံအား အိုင်စီစီသို့ လွှဲအပ်ရေး ကြိုးပမ်းမှုများကို အစိုးရက ပယ်ချထားသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက ဇွန် ၂၃ ရက်နေ့တွင် ပြောသည်။ “အိုင်စီစီရဲ့ သမိုင်းကို လေ့လာကြည့်ရင် အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေကို အရေးယူလို့မရပါဘူး။ လုပ်လို့ မရတာကြီးကို ဆက်လုပ်ဖို့ သူတို့က ကြိုးစားနေရင် ကျွန်တော်တို့က လက်ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းကပြောကြားခဲ့ကြောင်း နိုင်ငံပိုင် Global New Light of Myanmar သတင်းစာ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သုံးသပ်ချက်ပေးရန် မေတ္တာရပ်ခံချက်များကို အစိုးရနှင့် စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်များက မဖြေကြားခဲ့ပေ။

မြန်မာလုံခြုံရေးတပ်ဖွဲ့ အရာရှိကြီးများအား ပိတ်ဆို့အရေးယူသည်ဟု အီးယူက ဆုံးဖြတ်ကြေညာခဲ့သည့် တစ်ရက်တည်းမှာပင် အရာရှိကြီးနှစ်ဦးအား အရေးယူခဲ့မှုကို မြန်မာ့တပ်မတော်က ကြေညာခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၂၅ ရက်နေ့တွင် ထုတ်ပြန်ချက်အရ ဗိုလ်ချုပ်မောင်မောင်စိုးအား ဇွန် ၂၅ ရက်နေ့တွင် တပ်မတော်ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၎င်းမှာ ရခိုင်ပြည်နယ်ဖြစ်စဉ်နှင်ပတ်သက်ပြီး လုပ်ဆောင်ချက်များတွင် အားနည်းချက်များ ရှိသဖြင့် ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရပ်နားကာ အရန်အင်အားစာရင်းသွင်းပြီး စိစစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့နောက် ၎င်းအား ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလားတူဖြစ်စဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၌လည်း အထက်ဌာနများ၏ မူဝါဒများကို အနီးကပ် ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားမှုအပေါ် စီမံ ဆောင်ရွက်ရာ၌ လိုအပ်ချက်များရှိခဲ့ပြီး၊ အထိုက်အလျောက် တာဝန်ရှိသည့်အပြင် ၎င်း၏ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုကြောင့် မူလ ပေးအပ်ထားသည့် တာဝန်မှ အခြားတာဝန်တစ်ခုသို့ လွှဲပြောင်းထမ်းဆောင်စေခဲ့သော်လည်း ကျန်းမာရေး ပိုမိုအားနည်းလာခြင်းကြောင့် တာဝန်ထမ်းဆောင်မှုအပိုင်းတွင် အားနည်းချက်အချို့ကို ထပ်မံတွေ့ရှိရပြီး၊ မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်တင်ပြလာသဖြင့် မေ ၂၂ ရက်နေ့တွင် တပ်မတော်မှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အီးယူက အရေးယူခဲ့သလို အမေရိကန်ကလည်း ပြင်ဆင်နေသည်။ မြန်မာအကြီးတန်း စစ်အရာရှိများကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်ရန်နှင့် ကျောက်မျက်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးအားပေးသည့် ဥပဒေကြမ်းတစ်ခုကို အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီက မေ ၁၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။

Burma Act 2018 ၏ ပြဋ္ဌာန်းချက်များကို မေ ၂၄ ရက်နေ့တွင် အောက်လွှတ်တော်က အတည်ပြုခဲ့သည့် အမျိုးသားကာကွယ်ရေးဥပဒေ National Defense Authorization Act ထဲသို့ ပေါင်းထည့်ခဲ့သည်။

နောက်တစ်နေ့တွင် မြန်မာအတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ယင်းဥပဒေကြမ်းကို ရှုတ်ချသည့် ကျေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေကြမ်းမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို စွက်ဖက်လွှမ်းမိုးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများကို ချယ်လှယ်ရန် ပြဋ္ဌာန်းခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် စီးပွားရေးများကို ဝင်ရောက်စွက်ဖက်ရန် ရခိုင်အရေးကို အကြောင်းပြချက် တစ်ခုအဖြစ် အသုံးပြုပြီး ပြည်ပ လွှမ်းမိုးစွက်ဖက်မှုမှန်သမျှ လက်ခံမည် မဟုတ်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar