000_ad1ip.jpg
title=
နေပြည်တော်၊ မေ ၉
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများအတွက် တန်းတူအခွင့်အရေးများ ပေးရန် သမ္မတဦးထင်ကျော်က ထိုင်းဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ယနေ့တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၅၉ သန်းရှိသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာလုပ်သားများအတွက် ခံစားခွင့်များ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးမည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသည် သမ္မတဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စအပြင် အခြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင်တည်ဆောက်ရေးကိစ္စရပ်များအပေါ် ဦးထင်ကျော်နှင့် တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
ထို့ပြင် သမ္မတဦးထင်ကျော်အနေဖြင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန်အတွက် ဖိတ်ခေါ်ပါကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒေသတွင်း ပြဿနာများကို ချစ်ကြည်ရင်းနှီးမှုဖြင့် အတူ ပူးပေါင်း ဖြေရှင်းသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“အာဆီယံနိုင်ငံတွေအကြားဆက်ဆံရေးအလွန်အရေးကြီးတယ်။ ၁၉၄၇ တုန်းကတည်းက ကျွန်မ ဖေဖေဟာ အာဆီယံလို အဖွဲ့ဖွဲ့နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေ ပြောခဲ့ဖူးတယ်။ ဒေသတွင်း အကြောင်းအရာတွေအားလုံးဟာ ခြားနားပါတယ်။ အရေးကြီးတာကတော့ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာပါပဲ။ ချစ်ကြည်ရင်းနှီးမှုနဲ့ ပြဿနာတွေကို အတူတကွ ဦးဆောင်ပြီးကိုင်တွယ်ဖြေရှင်းသွားရမှာပါ” ဟု ၎င်းကပြောကြားသည်။
သတင်း- ဉာဏ်လှိုင်လင်း