မြန်မာရဲတွေ ဝီရိယ ကောင်းသလား

ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်း မီဒီယာသမားတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် အလွန် သတင်းအချက်အလက် စုဆောင်း၊ အလွန် ပူးပေါင်းဆောင်ရွက်၊ အလွန်လည်း ဝီရိယ ကောင်းစွာနဲ့ အလုပ်လုပ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားမယ့် “မြန်မာနောင်း” Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရဲတပ်ဖွဲ့ဝင်တွေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးတိုင်း မဟာအောင်မြေ ရဲတပ်ဖွဲ့ရဲ့ အကြောင်းကြားချက်အရ မင်္ဂလာဒုံ ရဲတပ်ဖွဲ့က လေဆိပ်မှာ တားဆီး၊ ဖမ်းဆီးပေးတာဖြစ်ပြီး ကိုဆွေဝင်းကို မင်္ဂလာဒုံ ရဲစခန်းမှာ တစ်ညထား၊ နောက်နေ့မနက် မဟာအောင်မြေ ရဲလက်အပ်ပြီး မန္တလေးကို ဖမ်းဆီး ခေါ်ဆောင်သွားစေပါတယ်။ ဒီ့မတိုင်ခင်တုန်းကလည်း အဲဒီ မန္တလေး မဟာအောင်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ရန်ကုန်က ကိုဆွေဝင်းကို ဖမ်းဆီးဖို့အတွက် ခရီးစရိတ် အကုန်ခံပြီး၊ နေရပ်လိပ်စာ အတိအကျ ရှာဖွေပြီး လာရောက်ဖမ်းဆီးဖို့ တစ်ကြိမ်မက ကြိုးစားခဲ့ဖူးပါသေးတယ်။

ဒီဆောင်းပါးမှာ ကိုဆွေဝင်းရဲ့ အမှုအကြောင်းကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်း မီဒီယာသမားတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် အလွန် သတင်းအချက်အလက် စုဆောင်း၊ အလွန် ပူးပေါင်းဆောင်ရွက်၊ အလွန်လည်း ဝီရိယ ကောင်းစွာနဲ့ အလုပ်လုပ်တာကို ပြောချင်လို့ပါ။

ဒါပေမဲ့ တကယ့်တကယ် ရဲတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်ရမယ့် တရားဥပဒေ စိုးမိုရေး၊ ဒုစရိုက် နှိမ်နင်းရေး၊ မှုခင်း ကာကွယ်တားဆီးရေးတွေ လုပ်နိုင်ရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်စရာ အများကြီးပါပဲ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ၂၀၁၇ မေလ ၂ ရက်နေ့တုန်းက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်မှာ ကားတစ်စီး ဓားပြ အတိုက်ခံရပါတယ်။ ရန်ကုန်မှာ ရာဇဝတ်မှုခင်းတွေ ထူပြောလာတာ မှန်ပေမဲ့ အခုလို ကားတစ်စီး ဓားပြအတိုက်ခံရတဲ့အထိ ဖြစ်ပွားခဲ့တာကတော့ အကျည်းတန် အရုပ်ဆိုးလွန်းပါတယ်။ ဖြစ်စဉ် အကျဉ်းကတော့ ခုလိုပါ။

ပဲခူးမြို့မှာ နေထိုင်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ကိုရီးယားသွားမယ့် သူ့သားကို မိသားစုဝင်တွေနဲ့အတူ မင်္ဂလာဒုံ လေယာဉ်ကွင်းကို ကိုယ်ပိုင်ကားနဲ့ လိုက်ပို့ပါတယ်။ အပြန် ကားပေါ်ပါလာတဲ့ ကလေးငယ် တစ်ယောက် အပေါ့သွားချင်တယ်ဆိုလို့ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ် ဘီအိုစီ မှတ်တိုင်နားမှာ လမ်းဘေးရပ်ပြီး အပေါ့သွားစေပါတယ်။

အဲဒီအချိန် ကယ်လ်ဒီနား အမျိုးအစား အငှားယာဉ်တစ်စီးက သူတို့ကားရှေ့ပိတ်ရပ်၊ ကားပေါ်ပါတဲ့ လူ ၄ ယောက်က အမျိုးသမီးကြီးကို ဓားနဲ့ထောက်ပြီး ပါလာတဲ့ ပိုက်ဆံအိတ်၊ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကိုင်ဖုန်း စုစုပေါင်း တန်ဖိုး ကျပ် သိန်း ၄၀ ကျော်ဖိုး၊ အားလုံးကို လုယူပြီး သူတို့ကားနဲ့ပဲ ပြန်ထွက်သွားပါတယ်။ အချိန်က ည ၉ နာရီလောက်ပဲ ရှိပါသေးတယ်။ ဓားပြတိုက်ခံလိုက်ရတဲ့ မိသားစုအနေနဲ့ ဖြတ်သွားတဲ့ ဘယ်ကားဆီကမှ အကူအညီ ရခဲ့ပုံ မပေါ်ပါဘူး။ ဒီလိုနဲ့ ပဲခူးက အဲဒီ မိသားစုဟာ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ပြန်သွားခဲ့ပါတယ်။ နောက်ထပ် တစ်လကျော်ကြာမှ ရဲတပ်ဖွဲ့ဟာ အဲဒီအမှုကို မတော်တဆ ဖော်ထုတ်နိုင်ခဲ့ပြီး တရားခံတွေကို ဖမ်းမိခဲ့ပါတယ်။

အမှု ဖမ်းမိပုံက ခုလိုပါ။ ဇွန်လဆန်းမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေမှာ အပြင်းအထန် နာကျင်စေမှု၊ လုယက်မှုနဲ့ သက်ထွေး (ခေါ်) တိုက်မောင်း (ခေါ်) အသေးလေးလို့ ခေါ်တဲ့ လူဆိုးတစ်ယောက်ကို ဖမ်းဆီးရမိပါတယ်။ သူ့ကို လှော်ကားနယ်မြေ ရဲစခန်းမှာ ချုပ်ထားပြီး အမှုကို စစ်ဆေးရင်း စစ်ဆေးရင်းနဲ့ မေလ ၂ ရက်က ပြည်လမ်းမှာ ကားတစ်စီးကို ဓားပြတိုက်တဲ့အထဲ သူပါတယ် ဆိုတာကို မတော်တဆ ဝန်ခံမိရာကနေ နောက်ထပ် ကွင်းဆက် တရားခံတွေကို ဖမ်းမိခဲ့တာပါ။

ရခိုင် AA တပ်ဖွဲ့အတွက် ရာနဲ့ချီတဲ့ လက်နက်တွေဟာလည်း နယ်စပ်တွေကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ရခိုင်ပြည်နယ်ထဲ သယ်ယူသွားကြတာပါ။ အခုနောက်ဆုံး သာစည်ဘက်မှာ ဖမ်းမိတဲ့ လက်နက်တွေဆိုရင်လည်း စစ်ကိုင်းတိုင်း အိန္ဒိယနယ်စပ်က သူပုန်တွေအတွက် ဖြစ်ပုံရပါတယ်။ ရှေ့ပိုင်းအခေါက်တွေမှာ လွတ်သွားပြီး အခုမှ မိတာပါ။

အဲဒီ ဓားပြအဖွဲ့မှာ လူ ၈ ယောက်ပါဝင်ပြီး ကယ်လ်ဒီနား အမျိုးအစား အငှားတက္ကစီ တစ်စီးကို ငှားပြီး လုယက်မှု၊ ဓားပြမှုတွေကို ပုံမှန် အလုပ်လုပ်နေသလို ကျူးလွန်နေကြသူတွေပါ။ ကျူးလွန်သူတွေကို ဖမ်းဆီးပြီးနောက် အဲဒီအဖွဲ့ရဲ့ ဝန်ခံချက်အရ သူတို့ဟာ ၂၀၁၆ ဒီဇင်ဘာလောက်ကတည်းက စပြီး ကားတစ်စီးနဲ့ လုယက်မှု၊ ဓားပြမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ့်တကယ် အဖြစ်မှန်မှာ ဒီ့ထက်မက စောချင် စောနိုင်ပေမဲ့ သူတို့ ဝန်ခံချက်အရကတော့ ၂၀၁၆ နှစ်ကုန်မှာ စတယ်လို့ ဆိုတာပါ။ အဲဒီအချိန်ကနေ သူတို့ အဖမ်းခံရတဲ့ ဇွန်လလယ်အထိ ရန်ကုန်တိုင်း ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ လုယက်မှု ဓားပြမှု ၂၈ မှု ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ လုယက်၊ ဓားပြတိုက်ခဲ့တဲ့ ပစ္စည်းအမျိုးအမည်ပေါင်းကလည်း အတော်လေး စုံပါတယ်။ ပိုက်ဆံတွေ၊ ရွှေထည်နဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေ၊ ဖုန်းတွေအပြင် ဆိုင်ကယ်တွေလည်း ပါပါတယ်။ ဒီအုပ်စုရဲ့ ပြစ်မှုကျူးလွန်ပုံတွေကို သေသေချာချာ လေ့လာဆန်းစစ်ကြည့်ရင် ကျူးလွန်သူ များတာ၊ လုယက်၊ ဓားပြတိုက်ခံရတဲ့သူ များတာ၊ လုယက် ဓားပြတိုက်လို့ ရလာတဲ့ ပစ္စည်းတွေလည်း များပြားပြီး ပြန်ရောင်းချတဲ့ နေရာတွေလည်း အနှံ့အပြား ဖြစ်နေမှာ အသေအချာပါပဲ။

ပြောရရင် အစတွေ အများကြီး ထွက်နေတဲ့ မှုခင်းတွေလို့ ပြောရင် ရနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်ပြဿနာကြီးက အဲဒီအမှုတွဲကြီးကို ရဲတပ်ဖွဲ့က ဝီရိယ စိုက်ထုတ်ပြီး သေသေချာချာ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့တာပါပဲ။ တကယ်လို့သာ အဲဒီထဲက တစ်ယောက် လှော်ကားမှာ သူ့ဖာသာသူ သီးသန့် အကြမ်းဖက် လုယက်မှု မကျူးလွန်ခဲ့ရင်၊ ကျူးလွန်ပေမဲ့ ရဲက ဖမ်းမမိခဲ့ရင်၊ ဖမ်းမိတဲ့တိုင် ပြည်လမ်းမှာ ကားနဲ့ ဓားပြတိုက်တာကို ဝန်မခံခဲ့ရင် အခုအမှုတွဲကြီး တစ်ခုလုံး ဖမ်းမိသေးမှာ မဟုတ်ဘဲ ဓားပြအဖွဲ့ဟာ ဆက်ပြီး ဓားပြတိုက် လုယက်နေဦးမှာ ဖြစ်လို့ပါပဲ။

ဒီအဖွဲ့ဟာ ပြည်လမ်းမှာ ပဲခူးက ကားကို ဓားပြတိုက်ပြီးနောက်ပိုင်း ရွှေပြည်သာနဲ့ လှိုင်သာယာမှာ နောက်ထပ် ဓားပြမှု၊ လုယက်မှု ၈ မှု ကျူးလွန်နိုင်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာသမား တစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားတာနဲ့ မှုခင်းပေါင်းများစွာ ကျူးလွန်နေတဲ့ ဓားပြဆန်ဆန် ဂိုဏ်းကို ဖော်ထုတ်နိုင်ဖို့  ရဲတပ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတို့ကို နှှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

အလားတူပါပဲ။ ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဘက်မှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးရမိပါတယ်။ ဖမ်းမိလိုက်တိုင်း အရေအတွက် သန်းနဲ့ချီရှိတဲ့ အင်ဖက်တမင်းခေါ် စိတ်ကြွဆေးတွေပါ။ အခုနောက်ပိုင်း မောင်တော နယ်စပ်ဘက်တင်မက အငူမော်ဘက်၊ စစ်တွေဘက် မှာပါ ခပ်စိပ်စိပ် ဖမ်းဆီးရမိလာပါတယ်။

တကယ်တော့ အဲဒီမူးယစ်ဆေးတွေဟာ တရုတ်နယ်စပ်မှာ ထုတ်လုပ်တာတွေ ဖြစ်ပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တခါတရံ ရန်ကုန်ကိုဖြတ်ပြီးမှ ရခိုင်ပြည်နယ်ထဲ ရောက်သွားတာပါ။ ရခိုင်ပြည်နယ်ကို သယ်ဖို့ဆိုပြီး ကြားမှာ ရဲတပ်ဖွဲ့ကနေ ကြီးကြီးမားမား ဖမ်းဆီးရမိတာ မတွေ့ရပါဘူး။ ဒါတင်လားဆိုတော့ မကသေးပါဘူး။ ရခိုင် AA တပ်ဖွဲ့အတွက် ရာနဲ့ချီတဲ့ လက်နက်တွေဟာလည်း နယ်စပ်တွေကနေ ရန်ကုန်၊ ရန်ကုန်ကနေမှ ရခိုင်ပြည်နယ်ထဲ သယ်ယူသွားကြတာပါ။ အခုနောက်ဆုံး သာစည်ဘက်မှာ ဖမ်းမိတဲ့ လက်နက်တွေဆိုရင်လည်း စစ်ကိုင်းတိုင်း အိန္ဒိယနယ်စပ်က သူပုန်တွေအတွက် ဖြစ်ပုံရပါတယ်။ ရှေ့ပိုင်းအခေါက်တွေမှာ လွတ်သွားပြီး အခုမှ မိတာပါ။

ပြောရရင် ရဲတပ်ဖွဲ့ဟာ မှုခင်းတားဆီးနှိမ်နင်းရေး၊ ဒုစရိုက်မှုတွေ ဖော်ထုတ်ရေး စတဲ့လုပ်ငန်းတွေ လုပ်ရာမှာ သတင်းမီဒီယာသမားတွေကို ဖမ်းဖို့လောက် ဝီရိယ စိုက်ထုတ်တာ မတွေ့ရပါဘူး။ နဂိုထဲကမှ အရေအတွက်ကနည်း၊ အရည်အချင်းကလည်း မပြည့်ဝသေးတဲ့ ရဲတပ်ဖွဲ့အတွက် ကိုယ် တကယ်လုပ်ရမယ့် အလုပ်တွေမှာ ဝီရိယ မကောင်း၊ သတင်းမီဒီယာသမားကို ဖမ်းဖို့ဆိုတဲ့ နေရာမျိုးလောက်မှာပဲ ဝီရိယ ကောင်းနေမယ် ဆိုရင်ဖြင့် တရားဥပဒေ စိုးမိုးရေးဟာ စိုးရိမ်စရာ ကောင်းနေဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar