ဝန်ဆောင်မှုများ တိုးချဲ့နိုင်စေရန် နိုင်ငံခြားဘဏ်များကို ခွင့်မပြုမီ ပြည်တွင်းဘဏ်များတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းများသို့ ချေးငွေများ တိုးချဲ့ပေးနိုင်စေရန်လည်း လုပ်ဆောင်ပေးရမည်ဖြစ်သည်။
မင်းသူမောင် ရေးသားသည်။
မြန်မာကျပ်ငွေတန်ဖိုး လျော့ကျနေခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လျော့ကျလာခြင်း၊ ဘတ်ဂျက်လျာထားမှုများ တိုးမြင့်လာခြင်း၊ ဘတ်ဂျက်လိုငွေ ပြနေခြင်းတို့ကြောင့် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ရသည်။ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုသည် ကျယ်ပြန့်သော ကိစ္စရပ်ဖြစ်သော်လည်း လူတိုင်းနားလည်ထားပြီးဖြစ်သည့် အချက်တစ်ခုဖြင့် လုပ်ဆောင်ခြင်းသည် အလွယ်ကူဆုံး ဖြစ်သည်။ ၎င်းမှာ ဘဏ်စနစ်ကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။
ဘဏ်များ၏ အဓိက အခန်းကဏ္ဍမှာ စုငွေများကို လက်ခံရယူခြင်းနှင့် အပေါင်ခံခြင်းတို့ ဖြစ်သည်။ အကျိုးအမြတ်သည် ချေးယူခြင်းနှင့် ချေးပေးခြင်းတို့ကြား နှုန်းထားကွာဟမှုမှ ရရှိသည်။ ဘဏ်၏ အောင်မြင်မှုကို တိုင်းတာရန် ဤမေးခွန်းများကို မေးမြန်းရမည်ဖြစ်သည်။ ထိုမေးခွန်းများမှာ လူများ၏ စုငွေများသည် ဘဏ်သို့ ရောက်ရှိပါသလား၊ ဘဏ်က ထိုစုငွေများကို ပြန်လည်ထုတ်ချေးပေးပါလား။ ထိုသို့ဖြင့် ဘဏ်သည် အမြတ် ရရှိနေပါသလား စသည်တို့ ဖြစ်သည်။
၂၀၁၄ ခုနှစ်တွင် အသက် ၁၅ နှစ်ပြည့်ပြီးသူများ၏ ၂၂ ဒသမ ၆ ရာနှုန်းသည်သာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဘဏ်စာရင်းများ ရှိကြသည်ဟု ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။ ၎င်းမှာ ထိုင်းနိုင်ငံရှိ ဘဏ်စာရင်းရှိသူ အရေအတွက်ထက် များစွာလျော့နည်းနေသည်။ ထိုင်းနိုင်ငံတွင် ဘဏ်စာရင်းထားရှိသူ ၇၈ ရာနှုန်း ရှိသည်။ ဗီယက်နမ်နိုင်ငံတွင် ၃၁ ရာနှုန်း ရှိသည်ဟု ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ သိရသည်။ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအရဆိုလျှင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံကို လိုက်မီနိုင်ရန် အများကြီး လုပ်ဆောင်ရဦးမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံနှင့်မူ နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဘဏ်တွင် စုထားသော စုငွေနှင့် GDP အချိုးအစားသည် ၂၀၁၄ ခုနှစ်တွင် ၂၂ ဒသမ ၅ ရာခိုင်နှုန်း ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ၄၃ ရာနှုန်း ရှိပြီး ဗီယက်နမ်နိုင်ငံတွင် ၁၃ ရာနှုန်း ရှိနေသည်။ သို့သော် ထိုင်းနိုင်ငံတွင် ၁၀၉ ရာနှုန်း ရှိသည်။ ထိုသို့ဆိုသဖြင့် မြန်မာနိုင်ငံတွင် ဘဏ်စုငွေသည် နည်းပါးသည်ဟု မဆိုလိုပေ။ ထိုစုငွေများသည် ဘဏ်၏ ငွေသေတ္တာထဲတွင် ရှိမနေခြင်းသာ ဖြစ်သည်။
ဘဏ်များက စုငွေများကို မည်မျှ ထုတ်ချေးနေပါသနည်း။ မြန်မာနိုင်ငံ၏ ဘဏ်စနစ်ထဲသို့ ရောက်ရှိလာသော ငွေအတော်များများကို အသုံးမချနိုင်ကြသေးပေ။ ၂၀၁၃ ခုနှစ်တွင် ဘဏ်က ရရှိသော စုငွေနှင့် ဘဏ်တွင်ရှိနေသောငွေ အချိုးအစားသည် ဗီယက်နမ်နိုင်ငံတွင် ၇၆ ရာနှုန်းရှိပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ၉၄ ရာနှုန်း ရှိသည်။ မြန်မာနိုင်ငံတွင် ၄၉ ရာနှုန်းသာ ရှိသည်။ ထို့ကြောင့် ဘဏ်တွင် စုထားသော ငွေများ၏ ထက်ဝက်ခန့်သည် ဘဏ်တွင် အလဟသ ဖြစ်နေသည်။
စုငွေနည်းပါးခြင်းနှင့် ထုတ်ချေးငွေ နည်းပါးခြင်းတို့သည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်ကို နိမ့်ကျစေသည်။ ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးငွေ နည်းပါးခြင်းကို ထည့်သွင်း စဉ်စားလိုက်သောအခါ ပိုမိုဆိုးရွားသွားသည်။ ၂၀၁၅ ခုနှစ်တွင် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၌ ရှိသောငွေသည် နိုင်ငံ GDP ၏ ၃၂ ရာနှုန်းသာ ရှိနေသည်။ ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် အများပိုင်ကဏ္ဍများသို့သာ ရောက်ရှိနေသည်။
ဗီယက်နမ်နိုင်ငံရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ရှိသောငွေသည် နိုင်ငံ GDP ၏ ၁၂၈ ရာနှုန်း ရှိသည်။ ၎င်းတို့ထဲမှ ၁၂၀ ရာနှုန်းသည် ပုဂ္ဂလိကကဏ္ဍများသို့ ရောက်ရှိနေသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစုငွေများ၏ များပြားလှသောပမာဏကို နိုင်ငံပိုင်လုပ်ငန်းများက ရရှိနေခြင်း ဖြစ်သည်။ ပြည်တွင်း ဘဏ်စုငွေ အများအပြားကို နိုင်ငံပိုင်လုပ်ငန်းများကသာ ရယူထားခြင်းသည် ကောင်းသော လက္ခဏာတစ်ရပ် မဟုတ်ပေ။
ပြုပြင်ပြောင်းလဲရန် ပထမဆုံး ခြေလှမ်းမှာ ဘဏ်အတိုးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ခွင့်ပြုရန်ဖြစ်သည်။ ဘဏ်များကို ကြိုက်နှစ်သက်ရာ အတိုးနှုန်း သတ်မှတ်ခွင့်ပေးခြင်းဖြင့် ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ သို့သော် အစိုးရက ငွေကြေးပေါ်လစီဖြင့် အတိုးနှုန်းကို အထိုက်အလျောက် ထိန်းချုပ်နိုင်ပါသည်။
၁၉၉၅ ခုနှစ်မှ စတင်ပြီး စီးပွားဖြစ်ဘဏ်များကို စုငွေရရှိရန် ယှဉ်ပြိုင်စေခြင်းဖြင့် အတိုးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ရန် ဗီယက်နမ်က ခွင့်ပြုခဲ့သည်။ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲသည့် နှစ်အပြီးတွင် ဘဏ်များအတွင်း ယှဉ်ပြိုင်မှုကြောင့် စုငွေများ တိုးပွားရရှိလာခဲ့သည်။ သို့သော် ထုတ်ချေးငွေနှုန်းသည် တိုးတက်လာခဲ့ခြင်း မရှိပေ။ ထိုသို့ဖြင့် အတိုးနှုန်း ယှဉ်ပြိုင်တိုးပေးခြင်းမှာ ပြန်လည်လျော့ကျလာခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ဘဏ်များ၏ အမြတ်ရရှိနှုန်းကို တိုင်းတာသော ပိုင်ဆိုင်မှုမှ ပြန်လည်ရရှိငွေ (return on assets) သည် အခွန်ပေးဆောင်အပြီး ၀ ဒသမ ၀၂ ရာနှုန်းသာ ရှိနေသည်။ ၎င်းမှာ အတိုးနှုန်း တိုးပွားနှုန်း ငါးရာနှုန်း၊ ထုတ်ချေးနှုန်း ၁၃ ရာနှုန်းနှင့် ချေးယူနှုန်း ရှစ်ရာနှုန်းတို့နှင့် နှိုင်းယှဉ်ပါက အံ့အားသင့်ဖွယ်ရာ ကောင်းလှသည်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် အတိုးနှုန်း တိုးပွားနှုန်းမှာ ၂ ဒသမ ၉ ရာနှုန်းနှင့် ၂ ဒသမ ၄ ရာနှုန်းသာ ရှိနေသည်။
ထိုသို့ဆိုသဖြင့် လက်ရှိ ထုတ်ချေးနှုန်းကို လျှော့ချရမည်ဟု မဆိုလိုပါ။ အတိုးနှုန်းအပေါ်တွင် အကြောင်းအချက် အမျိုးမျိုးက အကျိုးသက်ရောက်နိုင်ပြီး တခြားနှုန်းထားများက တသမတ်တည်းဖြစ်ရာ ယှဉ်ပြိုင်မှုကသာလျှင် ထုတ်ချေးနှုန်းနှင့် ချေးယူနှုန်းကြား ကွာဟမှုကို လျှော့ချနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စုငွေသတင်းအချက်အလက်ပေးသော စနစ်တစ်ခု အရေးတကြီး လိုအပ်နေသည်။ စွန့်စားရမှုများနှင့် ချေးယူသူများ၏ ထိုက်တန်မှုကို မသုံးသပ်နိုင်ပါက ပေါ်လစီပြောင်းလဲခြင်းသည်လည်း ဘဏ်များ၏ ငွေထုတ်ချေးမှုကို တိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
လေ့လာတွေ့ရှိရသည်မှာ မြန်မာနိုင်ငံမှ ဘဏ်များသည် အစိုးရ၏ နှစ်နှစ်သက်တမ်းရှိသော ငွေချေး စာချုပ်များကို အတိုးနှုန်းထား ၈ ဒသမ ၇၅ ဖြင့် ချေးယူနိုင်စွမ်း ရှိကြသည်။ သို့သော် ချေးယူရန် ကုန်ကျငွေမှာ ၁၀ ရာခိုင်နှုန်း ဖြစ်နေသောကြောင့် ဘဏ်များက အစိုးရ၏ ဘတ်ဂျက်လိုငွေကို ထောက်ပံ့ပေးနေရသလို ဖြစ်နေသည်။
အတိုးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ခွင့်ပေးလိုက်ခြင်းသည် ဘဏ်များကို ဝင်ငွေများများ ရရှိစေနိုင်ပြီး အမြတ်ရရှိနိုင်သော ရင်းနှီးမြုပ်နှံမှုများကို လုပ်ဆောင်လာစေနိုင်မည်ဖြစ်သည်။ အတိုးနှုန်းကို တသမတ်တည်း သတ်မှတ်ထားခြင်းဖြင့် ပမာဏနည်းပါးသော ငွေချေးယူသူများကို ဈေးကွက်မှ ဖယ်ထုတ်လိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘဏ်များက သတ်မှတ်ထားသော အတိုးနှုန်းဖြင့် ၎င်းတို့ကို ငွေထုတ်မချေးနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံပိုင် လုပ်ငန်းများကို ငွေထုတ်ချေးခြင်းကို ကန့်သတ်သင့်ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများသို့ ငွေထုတ်ချေးခြင်းကို မြှင့်တင်သင့်သည်။
အတိုးနှုန်းကို လွတ်လပ်စွာ သတ်မှတ်ခွင့်ပေးလိုက်သဖြင့် အစိုးရက တာဝန်ယူမှု နည်းသွားသည်ဟု မဆိုလိုနိုင်ပေ။ အမှန်မှာ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ အားကောင်းသော လုပ်ထုံးလုပ်နည်း မူဘောင်နှင့် ကောင်းမွန်သော စိစစ်သုံးသပ်ရေးစနစ် လိုအပ်သည်။ သို့မှသာ ဘဏ်စနစ် ပြိုကွဲမှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။
စုငွေများ အများအပြား ရရှိရန်အတွက် ပြိုင်ဆိုင်ကြခြင်းဖြင့် အတိုးနှုန်းများကို ဘဏ်များက ပိုမိုပေးလာစေပြီး စွန့်စားရသော အပေါင်များကိုလည်း လက်ခံလာစေနိုင်သည်။ သို့သော် အလွန်မြင့်မားသော အတိုးနှုန်များ ပေးမှုကြောင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများ ၂၀၀၃ ခုနှစ်က ရပ်ဆိုင်းခဲ့ရသည့် ဥပမာကို နမူနာယူသင့်သည်။
နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်လျှင်မူ စုငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်းတို့ ကဲ့သို့သော အပြည့်အဝ လုပ်ငန်းလုပ်ကိုင်သည့် ဘဏ်များအတွက် မြန်မာနိုင်ငံတွင် အဖွဲ့အစည်းဆိုင်ရာ မူဘောင် မရှိသေးပေ။ နိုင်ငံခြားသားများ ကိုင်ဆောင်သော နိုင်ငံခြားငွေကြေး ဘဏ်စာရင်းများနှင့် စုငွေများသည် အတိုးမရရှိကြသေးပေ။
ဗီယက်နမ်မှဘဏ်များသည် ၁၉၉၈ ခုနှစ်တွင် နိုင်ငံခြားငွေစာရင်းများကို အတိုးများ စတင်ပေးအပ်ခဲ့သည်။ နောက်ဆယ်စုနှစ် နှစ်ခုအကြာတွင် ဗီယက်နမ်နိုင်ငံမှ နိုင်ငံခြားဘဏ်များသည် လက်ကားဘဏ်စနစ်တွင် အခန်းကဏ္ဍ အနည်းငယ်မျှသာ ပါဝင်နိုင်ခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားဘဏ်များသည် မြန်မာနိုင်ငံသို့ အလျင်စလို ဝင်ရောက်လာကာ ပြည်တွင်းကုမ္ပဏီများအတွက် လိုအပ်သော ငွေကြေးများကို ထုတ်ပေးမည်ဟု ယူဆခြင်းမှာ စောလွန်းနေသေးသည်။ နိုင်ငံခြားဘဏ်များ ဝင်ရောက်လာမှုကို ခွင့်ပြုလိုက်လျှင်ပင် နိုင်ငံခြားဘဏ်များသည် ကြီးမားပြီး ပွင့်လင်းမြင်သာမှုရှိသော ကုမ္ပဏီများကိုသာ ဦးစားပေး ချေးငှားလိုကြသည်။
ပြည်တွင်းဘဏ်များထံမှ ချေးငွေအား မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရရှိနိုင်အောင် မူဝါဒများ မပြောင်းလဲပါက အပြည့်အဝလုပ်ကိုင်မည့် နိုင်ငံခြားဘဏ်များကို ဝင်ရောက်လာခွင့် ပြုခြင်းသည် သေးငယ်သော စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှုကို ထိခိုက်စေနိုင်ပါသည်။
နိုင်ငံခြားဘဏ်များ ဝင်ရောက်လာခြင်းသည် မြန်မာနိုင်ငံ၏ ဘဏ်ဈေးကွက်ကို ပိုမိုပြိုင်ဆိုင်မှု များလာစေပြီး ပြည်တွင်းဘဏ်များကို ပိုမိုထိရောက်စွာ လုပ်ကိုင်လာစေနိုင်မည်ဟု သုတေသနများက ဆိုသည်။ ၎င်းအချက်မှာ ရေရှည်တွင် လိုလားအပ်သော အချက်တစ်ခုဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ ပြည်တွင်းဘဏ်များကို ၎င်းတို့အချင်းချင်း ယှဉ်ပြိုင်ခွင့် ပေးရမည်ဖြစ်သည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။