မြန်မာပြည် အလယ်ပိုင်းက ထန်းပင်တွေ ပျောက်ကွယ် မသွားစေဖို့

မြန်မာပြည်အလယ်ပိုင်း၏ အမှတ်လက္ခဏာတစ်ခုဖြစ်သည့် ထန်းပင်များ အရည်အတွက် လျော့နည်းလာနေရာ ကျေးလက်ဒေသ ထုတ်ကုန်များဖြစ်သော ထန်းလျက်နှင့် ထန်းရည်ထုတ်လုပ်မှုကိုပါ ထိခိုက်လာနိုင်သည်။

ဟိန်းကိုစိုး ရေးသားသည်။ 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လွန်ခဲ့သည့် ၁၆၅ နှစ်ခန့်က ကုန်းဘောင်ခေတ်၊ အိမ်ရှေ့စံ ကနောင်မင်းသား စိုက်ပျိုးခဲ့သော ထန်းပင် ၂ဝ,ဝဝဝ ခန့် ကျန်ရှိနေသေးသည်။ ကနောင်မင်းသားသည် အသက် ၄၆ နှစ်အရွယ်၊ ၁၈၆၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မအောင်မြင်သော ထီးနန်းလုမှုတစ်ခု၌ မတရားသဖြင့် အသတ်ခံခဲ့ရသည်။ 

ထိုထန်းတောသည် မန္တလေးမြို့လယ်ရှိ နန်းတော်မှ ၁ဝ ကီလိုမီတာခန့် အကွာတွင် တည်ရှိပြီး ထန်းရည်ထွက်ရှိသော ထိုထန်းတောအား စောင့်ရှောက်ရန် ကနောင်မင်းသားက တာဝန်ပေး စေခိုင်းခဲ့သူများ၏ မျိုးဆက်များက ပိုင်ဆိုင်ခြင်း ဖြစ်သည်။ 

ထိုထန်းတောသည် မိသားစုများအတွက် ထန်းရည်သောက်ရင်း သွားရောက် အနားယူနိုင်သည့် သာယာသည့် နေရာတစ်ခု ဖြစ်သည်။ ထန်းရည်သည် ကျေးလက်ဒေသတွင် လူကြိုက်များသော သဘာဝယမကာတစ်မျိုး ဖြစ်သည်။ 

ဦးခင်မောင်ဝင်းအား သူ၏ ထန်းတောရှေ့၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဦးခင်မောင်ဝင်းအား သူ၏ ထန်းတောရှေ့၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

ဦးခင်မောင်ဝင်းသည် သူ၏ အဖိုးထံမှ ထန်းပင် ၁ဝဝ ခန့်ကို အမွေဆက်ခံရရှိခဲ့သည်။ ကနောင်မင်းသားကြီးက သူ၏ အဖိုးဖြစ်သူကို ထန်းပင်များ စိုက်ပျိုးခိုင်းခဲ့သည်ဟုဆိုသည်။

“ထန်းပင်တွေက တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုပါ။ ထန်းပင်တွေကနေ ဝင်ငွေရရှိနေသရွေ့ ခုတ်ပစ်ဖို့ ကျွန်တော် ဘယ်တော့မှ တွေးမှာ မဟုတ်ဘူး” ဟု သူက Frontier ကို ပြောသည်။ 

Borussus Flabellifer ဟု ရုက္ခဗေဒအမည်ရှိသော ထန်းပင်များကို အရှေ့တောင်အာရှနှင့် အာရှတိုက်တောင်ပိုင်းတွင် တွေ့ရှိရပြီး ထန်းရည်ခေါ် ယမကာရရှိရန်နှင့် ထန်းလျက် ချက်လုပ်ရန် အသုံးပြုနေကြသည်။ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးက ထန်းတောတစ်ခု။ ဓာတ်ပုံ-တေဇလှိုင်

မန္တလေးတိုင်း၊ ပုသိမ်ကြီးက ထန်းတောတစ်ခု။ ဓာတ်ပုံ-တေဇလှိုင်

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ အနုပညာများတွင် ထန်းပင်၊ ထန်းလျက်နှင့် ထန်းရည်တို့မှာ အရေးပါသည့် အခန်းကဏ္ဍက ပါဝင်နေသည်။ 

၁၉၇၂ ခုနှစ်တွင် ဦးနေဝင်း၏ ဆိုရှယ်လစ်အစိုးရသည် ၅ ကျပ်တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထိုငွေစက္ကူများ၏ နောက်ဘက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း၌ ပေါပေါများများ တွေ့ရှိရသည့် ထန်းပင်ပုံထည့်သွင်း ဖော်ပြထားသည်။

သို့သော် ယခုအခါ ထန်းပင်များ တိမ်ကော ပပျောက်သွားမည့် အန္တရာယ်နှင့် ကျရောက်သွားမည်ကို စိုးရိမ်နေကြရပြီ ဖြစ်သည်။ ထန်းပင်မှ ဝင်ငွေ ကောင်းကောင်း မရရှိကြတော့သောကြောင့် ထန်းပင် အများအပြားကို ပိုင်ရှင်များက ခုတ်လှဲပစ်လာကြသောကြောင့် ဖြစ်သည်။ 

မန္တလေးတက္ကသိုလ် ရုက္ခဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ကလျာလု၏အဆိုအရ ၂ဝ၁၂ ခုနှစ်မှ ယခုနှစ်အတွင်း ထန်းပင် ၅ဝ ရာနှုန်းခန့် လျော့ကျသွားခဲ့ပြီး အပင်ပေါင်း ငါးသန်းခန့် ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။ 

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

ထန်းပင်အရေအတွက် လျော့နည်းလာရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ ထန်းရည်ရောင်းချမှုကို မြန်မာနိုင်ငံ ယစ်မျိုးခွန် အက်ဥပဒေ ပုဒ်မ ၃ဝ ဖြင့် တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။ တရားမဝင် ရောင်းချသူများကို ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဥပဒေက ပြဌာန်းထားသည်။ ထို့ပြင် ထန်းရည်ကို တရားမဝင် ရောင်းချမှုဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖမ်းဆီးမှုများ ရှိလာခဲ့သည်။

ထန်းရွက်များကို ကျေးလက်တွင် အိမ်များအတွက် အမိုးအကာများအဖြစ် အသုံးပြုပြီး ထန်းပင်၏ ပင်စည်ကို ပရိဘောဂများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ ထန်းပင်များ နည်းပါးလာခြင်းကြောင့် အထိခိုက်ဆုံးလုပ်ငန်းမှာ ထန်လျက်ချက်လုပ်သည့် လုပ်ငန်းပင် ဖြစ်သည်။ တစ်ခေတ်တစ်ခါကမူ ထန်းလျက်သည် ထန်းတောပိုင်ရှင်များအတွက် အဓိက ဝင်ငွေ ဖြစ်ခဲ့သည်။ 

ထန်းလျက်ရရှိရန်အတွက် ထန်းနို့ရည်ကို ပျစ်သွားအောင် အပူပေးပြီး ချက်လုပ်ရသည်။ ထန်းနို့ရည် ပြစ်လာချိန်တွင် အအေးခံပြီး ထန်းလျက်များအဖြစ် လက်ဖြင့် လုံးကြခြင်း ဖြစ်သည်။ သစ်တောများ ပြုန်းတီးလာခြင်းကြောင့်လည်း  ထင်းရှားပါးလာပြီး ထန်းနို့ရေကျိုရန် လောင်စာအတွက် အခက်တွေ့လာစေသည်။ ထင်းဈေးက ထန်းလျက်ဈေးထက် ပိုကြီးနေသောကြောင့် ဖြစ်သည်ဟု ထန်းတောပိုင်ရှင်များက ပြောကြားကြသည်။ 

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

“လူတွေက ဆင်းရဲလာပြီဆိုရင် ကိုယ့်သားသမီးကိုတောင် ရောင်းစားချင်၊ ရောင်းစားလာနိုင်တယ်။ ဒီထန်းပင်တွေက ဝင်ငွေမရဘူးရင် ကျွန်တော်တို့ ခုတ်ရောင်းရမှာပေါ့” ဟု ကျောက်ပန်းတောင်းမြို့မှ ထန်းတောပိုင်ရှင်တစ်ဦးက ပြောသည်။ 

“တောထဲမှာ ထင်းမရှိတော့ဘူး။ ဒီတော့ ထန်းလျက်ကျိုလို့ မရတော့ဘူး။ ကျွန်တော်တို့က ထန်းပင်တွေကနေ ဝင်ငွေမရရင် ထန်းပင်ကို ခုတ်လှဲပြီး ပင်စည်ကို သစ်သားအဖြစ် ရောင်းဖို့ပဲ ရှိတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ရွာမှ ထန်းပင် ၅ဝ ခန့်ကို ပိုင်ဆိုင်ထားသူ ဦးဆန်းဝေက ပြောသည်။ 

ကျောက်ပန်းတောင်းမြောက်ဘက်၊ ညောင်ဦးမြို့နယ်တွင် ကိုရန်နိုင်စိုးက ထန်းပင်ပေါင်း ၄,ဝဝဝ ခန့် ပိုင်ဆိုင်ထားသည်။ သို့သော် လုပ်သားရှားပါးသောကြောင့် ထန်းပင် ၁ဝဝ ခန့်ကသာ ဝင်ငွေရရှိနိုင်တော့သည်ဟု ဆိုသည်။ “အနီးအနားက ရွာတွေမှာ ထန်းပင်တက်တတ်ပြီး ထန်းလျက်ကျိုတဲ့ အတွေ့အကြုံရှိတဲ့ အလုပ်သမား ငါးယောက်ပဲ ရှိတယ်” ဟု ကိုရန်နိုင်စိုးက ဆိုသည်။ 

“ပြီးခဲ့တဲ့လေးနှစ်လောက်ကစပြီး အလုပ်သမား ရှားပါးတာကြောင့် အလုပ်သမားတွေကို လုပ်အားခ ပိုပေးနေရတယ်။ အလုပ်သမားတွေကလည်း ဝင်ငွေပိုရတဲ့ ဆိုင်ကယ် တက်စီမောင်းတာတို့၊ ဆောက်လုပ်ရေးလုပ်ငန်းတို့မှာ ပြောင်းလုပ်ကုန်ကြတယ်” ဟု ကိုရန်နိုင်စိုးက ဆိုသည်။ 

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

“ထန်းပင်တွေက ဝင်ငွေမရနိုင်တော့ရင် ထန်းတောပိုင်ရှင်တွေက ခုတ်လှဲပြီး သစ်သားအဖြစ် ရောင်းမှာပဲ။ ထန်းလျက်ကလည်း ချက်ရောင်းလို့ မမြတ်နိုင်တော့ဘူး” ဟု သူက ဆိုသည်။ 

ထန်းထွက်ကုန်လုပ်ငန်းများ၏ မရေရာသော အနာဂတ်နှင့် ပတ်သက်ပြီး အောင်မြေသာဇံမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ်ဖြစ်သူ ဒေါက်တာလှမိုးက ပြည်သူလွှတ်တော်တွင် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလက တင်ပြဆွေးနွေးခဲ့သည်။ 

ထန်းတောများ ပြုန်းတီးခြင်းကို ကာကွယ်ရန်၊ ထန်းတောပိုင်ရှင်များနှင့် အလုပ်သမားများကို ထောက်ပံ့ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထန်းတော အလုပ်သမားများကို စုစည်းပြီး ရန်ပုံငွေ ထောက်ပံ့ပေးရန် စီစဉ်ခဲ့သော်လည်း အခြားအလုပ်အကိုင်များက ဝင်ငွေပိုရသောကြောင့် အလုပ်သမားများက ထိုအစီအစဉ်ကို ငြင်းပယ်ခဲ့ကြသည်ဟု ဒေါက်တာလှမိုးက ပြောသည်။

ဦးစိုးစိုးဝင်းက ထန်းသားဖြင့် ပရိဘောဂများ ဖန်တီး ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်

ဦးစိုးစိုးဝင်းက ထန်းသားဖြင့် ပရိဘောဂများ ဖန်တီး ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-တေဇလှိုင်

ထန်းတောပိုင်ရှင်များက ထန်းပင်များကို ခုတ်လှဲ ရောင်းစားပါက တစ်ပင်လျှင် ကျပ် ၁၅,ဝဝဝ မှ ၂၅,ဝဝဝ အထိ ရရှိနိုင်ကြသည်။ သို့သော် ထန်းပင်များသည် ထိုအရွယ်အထိ ကြီးထွားလာရန် အနှစ် ၄ဝ ခန့် စောင့်ဆိုင်းရသည်။ 

အလုပ်သမား ရှားပါးခြင်းအပြင် ထန်းပင်စည်များကို သစ်သားအဖြစ် ပရိဘောဂများ ပြုလုပ်လာခြင်းကြောင့်လည်း ထန်းပင်များ နည်းပါးလာခြင်းဖြစ်သည်ဟု ဒေါ်ကလျာလုက ဆိုသည်။ ထန်းပင်စည်ဖြင့်လုပ်သော ပရိဘောဂများသည် ပိုမိုဆွဲဆောင်မှု ရှိသည်ဟု ဆိုသည်။ 

ထန်းသားဖြင့် ပြုလုပ်သော ပရိဘောဂများသည် ပြီးခဲ့သော နှစ်က မန္တလေးမြို့တွင် ကျင်းပသော ပရိဘောဂပြပွဲတွင် လူအများ၏ နှစ်သက်မှုကို ရရှိခဲ့ကြသည်။ ထိုပရိဘောဂများကို အမရပူရမြို့နယ်မှ ဦးစိုစိုးဝင်းက ဖန်တီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သော အစိုးရ အရာရှိတစ်ဦးက ထိုပရိဘောဂများကို ချီးမွမ်းပြောဆိုခဲ့ပြီး နိုင်ငံခြားသို့ တင်ပို့ရန် အလားအလာကောင်းများ ရှိသည်ဟု ပြောကြားခဲ့သည်ဟု သူက ပြောသည်။ 

သူ၏လုပ်ငန်းအတွက် ထန်းပင်စည်များကို ကျောက်ပန်းတောင်း၊ မကွေးတိုင်းရှိ မြိုင်မြို့နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အခြားဒေသများမှ ရရှိသည်ဟု ဦးစိုးစိုးဝင်းက ဆိုသည်။ 

ပြီးခဲ့သည့် နှစ်နှစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူစက်မှုဇုန်တွင် တည်ထောင်ခဲ့သော စက်ရုံက ထန်းသားများကို အသုံးပြုပြီး ပရိဘောဂများ ပြုလုပ်ကာ ပြည်တွင်းတွင် ရောင်းချရုံသာမက တရုတ်ပြည်သို့ တင်ပို့လျှက်ရှိသည်ဟု ဆိုသည်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဦးဇော်မိုးလွင်သည် လွှတ်တော်၏ သဘာဝပတ်ဝန်းကျင် သယံဇာတဆိုင်ရာ ကော်မတီ၏ အဖွဲ့ဝင် တစ်ဦးအနေဖြင့် ထိုစက်ရုံသို့ သွားရောက်လည်ပတ်ခဲ့သည်။

ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

“ကျွန်တော်တို့က ထုတ်လုပ်တဲ့ ပရိဘောဂတွေကို ကြည့်ရှုဖို့ လာတာပါ။ သူတို့ရဲ့ လုပ်ငန်းကို ရပ်တန့်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ လုပ်ငန်းကိုလည်း မထိခိုက်စေဘဲ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်အောင် နည်းလမ်းရှာဖို့ လာရောက်ကြည့်ရှုတာပါ” ဟု ၎င်းက ဆိုသည်။ 

ကော်မတီအနေဖြင့် ထန်းပင်များကို ဥပဒေအရ ကာကွယ်ပေးမည့် အစီအစဉ်တစ်ခုအား လုပ်ဆောင်ပေးရန် လွှတ်တော်၌ တင်သွင်းသွားမည်ဟု ဆိုသည်။ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှ ဦးခင်မောင်ဝင်းကလည်း ထန်းပင်များကို တရားဥပဒေအရ ကာကွယ်ပေးရေးအတွက် အမျိုးသားအဆင့် အစီအစဉ်တစ်ခု အရေးတကြီး လိုအပ်နေသည်ဟု ဆိုသည်။ 

ထန်းတောပိုင်ရှင်များ၏ ဝင်ငွေကို မြင့်မားလာအောင် လုပ်ဆောင်ပေးခြင်းအပြင် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ သမိုင်းတွင် အရေးပါသော ထန်းပင်များကို ထိန်းပင်ရန် ဥပဒေဖြင့် ကာကွယ်ပေးခြင်းမျိုးလည်း လိုအပ်နေသည်ဟု ဦးခင်မောင်ဝင်းက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar