အငြင်းပွားမှုများရှိနေသည့် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်နိမိတ်အား သတ်မှတ်တိုင်းတာရေးအတွက် လုပ်ငန်းများ ပြန်လည်စတင်တော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ဇွန် ၂၉ ရက်က ချစ်ကြည်ရေးခရီးရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးပရာဝစ်(တ်) ဝုန်ဆူဝန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“အကြောင်းအမျိုးမျိုးကြောင့် တိုင်းတာနိုင်ခြင်းမရှိတာတွေကို အဲဒါကို ပူးတွဲကော်မတီတွေဖွဲ့ပြီး တိုင်းတာရေးတွေလုပ်ကြဖို့ ဆွေးနေွးကြပါတယ်” ဟု နိုင်ငံတော်သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံမှုအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး မကြာမီစတင်မည်ဟုလည်း ၎င်းက အသိပေးသည်။
ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများ ဥပဒေနှင့် အညီကာကွယ်စောင့်ရှောက်ခွင့်ရရန်နှင့် နစ်နာမှုများရှိပါက ထိုင်းနိုင်ငံ၊ အလုပ်သမားရေးရာဝန်ကြီးဌာနက တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့ပြီး ဥပဒေများပြင်ဆင်နေပြီးဖြစ်သည်ဟု ထိုင်းဖက်က ပြန်လည်အသိပေးခဲ့ကြောင်းလည်း သိရသည်။
တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပူးတွဲစီမံကိန်းများ ဖော်ဆောင်ရန်နှင့် ထားဝယ်စီးပွားရေးအထူးဇုန်စီမံကိန်းကိုလည်း အရှိန်မြှင့်လုပ်ဆောင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြသလို နှစ်နိုင်ငံရဲတပ်ဖွဲ့ဝင်များအကြား လေ့ကျင့်သင်ကြားရေးကိစ္စများကိုလည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။
ထို့အတူ ထိုင်းနိုင်ငံသို့ ဇွန် ၂၃ ရက်မှစ၍ သုံးရက်ကြာ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ ပြန်လာချင်သည်ဟု ဆန္ဒပြုခဲ့သော မြန်မာနိုင်ငံသား ၁၉၆ ဦးကို မူရင်းနေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့သည်ဟု ဦးဇော်ဌေးက အသိပေးသည်။
“အဓိကအလေးပေးတဲ့အချက်ကတော့ မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုက ကျွန်တော်တို့ အာဆီယံဒေသတွင်းသာမကပဲ နိုင်ငံတကာ မျက်နှာစာမှာပါ စံပြဖြစ်အောင် ရင်းနှီးချစ်ကြည်တဲ့ ရင်းနှီးမှုမျိုးဖြစ်လာအောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုင်းဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ရောက်ရှိလာသည့်နေ့တွင်ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်စောင်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်နိမိတ် တိုင်းတာရေး ပြန်လည်ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်သန်းသွားလာရေး၊ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများအရေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း-ဉာဏ်လှိုင်လင်း