မြန်မာနှင့်အာဆီယံအကြားက အကျိတ်အဖုကို ချေဖျက်ခြင်း

ဒေါ်အောင်ဆန်းစုကြည်ပါဝင်သော ၁၉၉၅ ခုနှစ် အဖြစ်အပျက်တစ်ရပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အကြား ဆက်ဆံရေးအပေါ် မကြည်မလင် ဖြစ်စေနိုင်ပါသည်။ 

ကာဝီ ချောင်ကစ်တဗွန် ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံနှင့်ပတ်သက်၍သော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ယင်းအသင်းတို့၏ အနာဂတ်ဆက်ဆံရေးနှင့်ပတ်သက်၍သော်လည်းကောင်း သဘောထားဆန္ဒမထုတ်ဖော်ဘဲ ဆိတ်ငြိမ်လျက်ရှိနေဆဲ ဖြစ်သည်။ ၎င်း၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ အောင်နိုင်ခဲ့သည်မှာလည်း နှစ်လမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်အထိ စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်းကသာ အင်န်အယ်လ်ဒီခေါင်းဆောင်ထံသို့ ဂုဏ်ပြုလွှာ ပေးပို့ထားသေးသည်။ အခြား အာဆီယံအသင်းဝင်နိုင်ငံများမှာမူ ဖေဖော်ဝါရီလတွင် ပြုလုပ်သွားဖွယ်ရှိသည့် နေပြည်တော် အစိုးရသစ်ဖွဲ့စည်းမှုကို စောင့်ဆိုင်းလျက်ရှိသည်။

နိုဝင်ဘာလက ကွာလာလမ်ပူ၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် အာဆီယံ ခေါင်းဆောင် အားလုံးက အောင်မြင်သည့် “တရားမျှတသော” ရွေးကောက်ပွဲတစ်ရပ်အတွက် ရာထူးလွှဲပေးရတော့မည့် သမ္မတဦးသိန်းစိန်အား ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ သမ္မတဦးသိန်းစိန် စတင်ခဲ့သော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက တောင်းဆိုခြင်းအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက  ထောက်ခံပေးရန် စည်းရုံးသိမ်းသွင်းနိုင်စေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဗီယင်ကျန်း၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင်မူ ပြင်ဆင်မှု မရှိသလောက် နည်းပါးသေးသည်ဟု အကြောင်းပြချက်ဖြင့် လာမည့်နှစ်၏ ဥက္ကဋ္ဌရာထူးနေရာကို ချန်လှပ်ထားခဲ့ရန် မြန်မာနိုင်ငံက သဘောတူခဲ့သည်။

အာဆီယံအသင်း၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာမှာလည်း ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို  အောင်မြင်စွာ ထမ်းဆောင်ပြီးနောက်တွင် သိသိသာသာ တိုးတက်လာခဲ့သည်။ အချို့နယ်ပယ်များတွင် မြန်မာနိုင်ငံသည် ဦးဆောင်နိုင်သည့် နိုင်ငံဖြစ်လာခဲ့သည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးဂုဏ်ပြုခံခဲ့ရသည်။ အကြောင်းမှာ တရားမျှတသော မဲပေးပွဲဖြစ်စေရန် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူ ၁၀,၀၀၀ ကျော် ပါဝင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲတစ်ရပ်အတွက် ယခုလောက်များပြားသော လေ့လာစောင့်ကြည့်သူများအား မည်သည့်အာဆီယံအဖွဲ့ဝင်နိုင်ငံကမျှ ဖိတ်ကြားခဲ့ဖူးခြင်း မရှိပေ။

စံနမူနာယူဖွယ် အခြားကိစ္စရပ်တစ်ခုမှာ မီဒီယာလွတ်လပ်ခွင့်ပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ မီဒီယာကဏ္ဍသည် လွန်ခဲ့သော ၄ နှစ်ခန့်က မြောက်ကိုရီးယားနိုင်ငံနှင့်အတူ ကမ္ဘာ့အနိမ့်ဆုံးအဆင့်ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့သော် ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ ဆင်ဆာဖြတ်တောက်သောစနစ်ကို ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံကို အာဆီယံဒေသမှ မီဒီယာလွတ်လပ်မှုအခန်းကဏ္ဍတွင် ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ တဖြည်းဖြည်းချင်း အသွင်ကူးပြောင်းစေခဲ့သည်။ မီဒီယာလွတ်လပ်ခွင့်အုပ်စုများက  သတ်မှတ်သည့် နောက်ဆုံးအဆင့် သတ်မှတ်ချက်တွင် မြန်မာနိုင်ငံရှိ အလုံးစုံမီဒီယာလွတ်လပ်ခွင့်ကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့နောက်တွင်သာ ထားရှိခဲ့သည်။

အာဆီယံသည် မြန်မာနိုင်ငံကို နောက်တန်းတွင်ထား၍ မရတော့ဟု မကြာသေးမီက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတကာမီဒီယာအခမ်းအနားတစ်ရပ်တွင် ပြောကြားခဲ့သည်။

၁၉၉၇ ခုနှစ်တွင် အာဆီယံအသင်းထဲသို့ မြန်မာနိုင်ငံ ဝင်ရောက်ခဲ့ပြီးနောက်၌ ယင်း၏ အထောက်အပံ့ရယူခွင့်မှာ အာဆီယံ၏ ညှိနှိုင်းဆွေးနွေးဘက်များက ပြဋ္ဌာန်းထားသော ကန့်သတ်ချက်များအောက်တွင် ထိန်းချုပ်ခံနေရသည်။ အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံကိုယ်စား အရေးဆိုပေးခြင်းနှင့် နောက်ပြန်ဆွဲနေသော တိုင်းပြည်စီးပွားရေးကို ဒေသတွင်း၌ စီးပွားရေးအရ ဖြည်းဖြည်းချင်း ပေါင်းစည်းရန် ကူညီခြင်းတို့ကို ၁၄ နှစ်နီးပါးမျှ ဆောင်ရွက်ပေးခဲ့ရသည်။

သို့သော် အာဆီယံအသင်းနှင့် အင်န်အယ်လ်ဒီအစိုးရတို့၏ ဆက်ဆံရေးတွင် စိန်ခေါ်ချက်များ ပေါ်ပေါက်လာနိုင်ချေ ရှိနေသည်။ အင်န်အယ်လ်ဒီက ယင်း၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရလဒ်ကို အင်အားသုံး သိမ်းယူခံရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအရေး ကြိုးပမ်းမှုများကို အာဆီယံအသင်းက လျစ်လျူရှုထားခဲ့သည်။ အာဆီယံအသင်းသည် သူ့အတွက် ခုခံကာကွယ်ပေးခြင်းနှင့် အာဆီယံနိုင်ငံသားများ၏ အခွင့်အရေးများ၊ လူ့အခွင့်အရေးများကို ထိန်းသိမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလိမ့်မည်ဟု နိုဘယ်ငြိမ်းချမ်းရေးဆုရှင်က  အမျှော်လင့်ကြီး မျှော်လင့်ခဲ့ဖူးသည်။ ယင်းသို့မူ ဖြစ်မလာခဲ့ပေ။

၁၉၉၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်း၌ ရန်ကုန်မြို့အခြေစိုက် အာဆီယံနိုင်ငံများမှ သံအမတ်အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားမှုကို စစ်ဗိုလ်ချုပ်များ၏ တောင်းဆိုချက်အရ ရုတ်တရက် ပယ်ဖျက်ခဲ့သည့်အတွက်လည်း အင်န်အယ်လ်ဒီ ခေါင်းဆောင်က စိတ်ပျက်ခဲ့ရဖူးသည်။ ထိုအဖြစ်အပျက်သည် ယနေ့ကာလ အာဆီယံဆိုင်ရာ ၎င်း၏ ဆက်ဆံရေးကို ဝေဝါးစေခဲ့ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် ၁၅ နှစ်တာ ကာလအတွင်း  အာဆီယံခေါင်းဆောင်များသည် စစ်ဗိုလ်ချုပ်များနှင့် အတိုက်အခံဖြစ်ခြင်းကို ရှောင်ရှားခဲ့ကြသည်။ အာဆီယံအဖွဲ့က စောင့်ထိန်းသောမူဝါဒ ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေး၌ ဝင်ရောက် မစွက်ဖက်ဆိုသည့် အချက်ကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ဖေးမကယ်တင်မှု မပြုနိုင်သော အကြောင်းပြချက်အဖြစ် ပြောဆိုခဲ့ကြသည်။ အာဆီယံအသင်း၏ စေ့စပ်ဆွေးနွေးဖော်များ၊ အထူးသဖြင့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ကသာ ၎င်း၏ လွတ်မြောက်ရေးအတွက် ဆက်လက်ဖိအားပေးခဲ့သည်။ ထိုင်းနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးကို ၂၀၀၈ ခုနှစ် ဇူလိုင်လမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအထိ ထမ်းဆောင်ခဲ့သည့်အချိန်တွင်မူ ဝန်ကြီးချုပ် အာဘီဆစ် ဝီဂျာဂျီဝက ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရေးအတွက် ဖိအားပေးခဲ့ပြီး မြန်မာ့စစ်ခေါင်းဆောင်များအား အလွန်အမင်း စိတ်အနှောက်အယှက် ဖြစ်စေခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်းနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ ရွေးချယ်ခံခဲ့ရပြီးကတည်းက အင်န်အယ်လ်ဒီခေါင်းဆောင်၏ ဦးစားပေးလုပ်ငန်းများမှာ အမျိုးသားနိုင်ငံရေး၊ ပါလီမန်တာဝန်များနှင့် နိုဝင်ဘာရွေးကောက်ပွဲ အောင်နိုင်ရေးတို့ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မဆောင်ရွက်ခဲ့သေးသော ကိစ္စရပ်တစ်ခုမှာ ၎င်းထုတ်ဖော်ပြောဆိုမှု မရှိသလောက် နည်းပါးသည့် အသင်းကြီးဖြစ်သော အာဆီယံအသင်းနှင့် ပြန်လည်ရင်ကြားစေ့ရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။

အင်န်အယ်လ်ဒီအစိုးရက အာဆီယံနှင့် မည်သို့မည်ပုံ ထိတွေ့ဆက်ဆံလိမ့်မည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အာဆီယံအသိုက်အမြုံဖွင့်လှစ်သည့် ဤစပ်ကူး မတ်ကူးကာလတွင် ဖြစ်သည်။ ဂျာကာတာမြို့ရှိ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များသည် ရာထူးမှ ဆင်းပေးရတော့မည့် မြန်မာအစိုးရထံမှ နေပြည်တော်ရှိ အစိုးရအဖွဲ့သစ်သည် အာဆီယံနှင့်ပတ်သက်သည့် ယင်း၏မူဝါဒများကို ဆက်လက်ထိန်းသိမ်းသွားလိမ့်မည်ဟူသည့် ခိုင်မာသော အာမခံချက်ကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ ဤကိစ္စရပ်များသည် အထူးသဖြင့် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံ မျှော်မှန်းချက်နှင့် ဆက်စပ်နေသည်။ ထိုသို့ဆိုပါက မျှော်မှန်းချက်ဆိုင်ရာ ကြေညာချက်တွင် အကျဉ်းချုံးဖော်ပြပေးမည့် လုပ်ငန်းအစီအစဉ်များကို ပြီးမြောက် အောင်မြင်ခဲ့ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် ဦးဆောင်အခန်းကဏ္ဍမှ စတင်ခဲ့ပေလိမ့်မည်။

(စာရေးသူ ကာဝီ ချောင်ကစ်တဗွန်သည် ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်တက္ကသိုလ်မှ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျု၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။) 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar