မြန်မာနိုင်ငံ၏ အင်တာနက်သုံးစွဲမှုနှုန်းမှာ အာရှပစိဖိတ်နိုင်ငံများ၏ ပျမ်းမျှအောက်အနေအထားတွင်သာ ရှိနေသေး

မြန်မာနိုင်ငံတွင် ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အတွင်း အင်တာနက်သုံးစွဲနှုန်းမှာ အာရှပစိဖိတ်နိုင်ငံများတွင် အတိုးတက်ဆုံးဖြစ်သော်လည်း အဆိုပါနိုင်ငံများ၏ ပျမ်းမျှအောက် အနေအထားတွင်သာ ဆက်လက် ရှိနေသေးသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝှမ်းရှိ မိုဘိုင်းလ်အော်ပရေတာများကို ကိုယ်စားပြုဆောင်ရွက်နေသော ကုန်သွယ်ရေးလုပ်ငန်းစု GSMA က ရေးသားခဲ့သည့် “ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် ဈေးနှုန်း သတ်မှတ်ချက်များ” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်ကုန်ထိ နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့် (၄၅ သန်းခန့်) အတွက် 4G ကွန်ရက် ဖြန့်ကျက် လွှမ်းခြုံထားခြင်း မရှိသေးဟု ဖော်ပြထားသည်။ 4G ကွန်ရက်ဖြန့်ကျက်နိုင်မှုတွင် မြန်မာနိုင်ငံက ရမှတ် ၁၄ မှတ်သာရရှိထားပြီး ထိုင်းနိုင်ငံက ၉၈ မှတ်အထိ ရရှိထားသည်။

မြန်မာနိုင်ငံတွင်း 4G ဝန်ဆောင်မှု တိုးချဲ့သွားမှုအပေါ် အထောက်အကူပြုရန်အတွက် အင်တာနက်ဆက်သွယ်မှုကွန်ရက်များအား နောက်ထပ် ပိုမို ချမှတ်ပေးရန်လည်း လိုအပ်နေသည်ဟု တိုက်တွန်းထားသည်။

“မိုဘိုင်း အော်ပရေတာတွေသာ အင်တာနက်ဆက်သွယ်ရေး ကွန်ရက်ကို သင့်တင့်တဲ့ နှုန်းထား၊ ခန့်မှန်းတွက်ချက်ရ လွယ်ကူတဲ့ အနေအထားနဲ့ အသုံးပြုခွင့်မရဘူးဆိုရင် အထိခိုက်အနစ်နာဆုံး လူတွေကတော့ သုံးစွဲသူတွေပဲ ဖြစ်မှာပါ” ဟု GSMA သတင်းအချက်အလက်စုံစမ်းရေးဌာနမှ စီးပွားရေးသုံးသပ်မှု ဒါရိုက်တာ Paul Castells က ပြောကြားသည်။

အခြေခံအဆောက်အဦး လိုအပ်ချက်မှာ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ရင်ဆိုင်ရသည့် အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံက ရမှတ် ၃၆ ရရှိချိန်တွင် ထိုင်းက ရမှတ် ၆၂ ရှိနေရာ နှစ်ဆနီးပါး ကွာဟနေသည်။

အခြေခံအဆောက်အဦး အားကောင်းလာစေရန်အတွက် မြန်မာနိုင်ငံတွင် ကွန်ရက်ဖြန့်ကျက်မှု၊ ကွန်ရက် အရည်အသွေးနှင့် အင်တာနက်ဆက်သွယ်မှုကွန်ရက်စသည်တို့တွင် တိုးတက်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသည်ဟု ဖော်ပြထားသည်။ ထိုအချက်များတွင် အာရှပစိဖိတ် ဒေသတွင်း၏ ပျမ်းမျှအမှတ် ၃၃ မှတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာက အမှတ် ၂၀ သာ ရှိနေသည်ကို တွေ့ရသည်။

GSMA မိုဘိုင်းချိတ်ဆက်မှုညွှန်းကိန်း (Mobile Connectivity Index) တွင်လည်း အာဆီယံနိုင်ငံများအနက် မြန်မာက နံပါတ် ၈ နေရာတွင်သာ ရပ်တည်နေသည်။

မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် (Spectrum) ဈေးနှုန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးနှုန်းများထက် သုံးဆကျော် ပိုမိုများပြားလျက်ရှိနေကာ ယင်းကဲ့သို့ ဈေးနှုန်း မြင့်မားမှုသည် မိုဘိုင်း ချိတ်ဆက် ထိုးဖောက်မှုအတွက် အတားအဆီးဖြစ်နေသည်ဟု အစီရင်ခံစာက ဆိုသည်။

GSMA သတင်းအချက်အလက် စုံစမ်းရေးဌာနက ထုတ်ပြန်ထားသော ယင်းလေ့လာချက်အရ အစိုးရများအနေဖြင့် အင်တာနက် ဆက်သွယ်ရေးကွန်ရက် လိုင်စင်ထုတ်ပေးခြင်းမှ နိုင်ငံအတွက် အမြတ်ဝင်ငွေများ အမြင့်ဆုံး တိုးမြှင့်ရရှိနိုင်ရန်အတွက် အင်တာနက်ဈေးနှုန်းများကို မြှင့်တင်ထားခြင်းက ဈေးနှုန်း မြင့်မားစေမှုတွင် အရေးကြီးသည့် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်နေသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက် လေလံတင်မှုများ၏ ပျမ်းမျှ ကြမ်းခင်းဈေးနှုန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဈေးနှုန်းများထက် ငါးဆကျော် ပိုမိုမြင့်မားနေသည်ကို သိသိသာသာ မြင်တွေ့ရသည်ဟု ဖော်ပြထားသည်။

“အင်တာနက် ဆက်သွယ်ရေးကွန်ရက်တွေနဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့ မူဝါဒတွေ မရှိဘဲ အားလုံးပါဝင် ချိတ်ဆက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု GSMA အင်တာနက် ဆက်သွယ်ရေးကွန်ရက်ဌာန အကြီးအကဲဖြစ်သူ Brett Tarnutzer က ပြောကြားသည်။

“လက်ရှိအချိန်ထိ အင်တာနက် ဆက်သွယ်ရေးကွန်ရက် လေလံတင်ရောင်းချမှုတွေမှာ အမြတ်အစွန်း ဘယ်လောက် တက်လာမလဲဆိုတာကိုပဲ ကြည့်ကြပြီး လူတွေအချင်းချင်း ချိတ်ဆက်မှုကနေ စီးပွားရေးအရ၊ လူမှုရေးအရ အကျိုးအမြတ် ဘယ်လောက်ရမလဲဆိုတာကို မကြည့်ကြသေးပါဘူး။ ဈေးနှုန်းတွေ ဖောင်းပွများပြားစေပြီး ရေတိုအကျိုးအမြတ်တွေကိုသာ ကြည့်တဲ့ အင်တာနက် ဆက်သွယ်ရေးကွန်ရက် မူဝါဒတွေဟာ ပိုမိုကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့ မိုဘိုင်း broadband ဝန်ဆောင်မှုကို ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဦးတည် ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီလှပါဘူး။

“ဒီဈေးနှုန်းသတ်မှတ်ချက် မူဝါဒတွေဟာ ဒီဂျစ်တယ် စီးပွားရေးလုပ်ငန်းတွေရဲ့ တိုးတက်မှုကို ကန့်သတ် ပစ်လိုက်တာဖြစ်ပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက်တာ၊ ပိုကောင်းတဲ့ ကျန်းမာရေးနဲ့ ပညာရေး ဝန်ဆောင်မှုတွေပေးတာ၊ ဘဏ္ဍာရေးကိစ္စတွေမှာ လူထုပိုမို ပါဝင်လာစေတာနဲ့ ကျားမတန်းတူညီမျှမှုကို တိုးမြှင့်ပေးတာစတဲ့ ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ ပိုမိုခက်ခဲသွားစေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

GSMA သုတေသန လေ့လာချက်အတွက် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၀၂ နိုင်ငံ (ဖွ့ြံဖိုးပြီးနိုင်ငံ ၆၀ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ ၄၂ နိုင်ငံ)တွင် အင်တာနက် ဆက်သွယ်မှုကွန်ရက် လေ့လာမှု အရေအတွက် စုစုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့သည်။ ၎င်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြုလုပ်သည့် သမိုင်းကြောင်းတလျှောက် အကြီးမားဆုံးသော အင်တာနက် ဆက်သွယ်မှုကွန်ရက် လေ့လာချက်ကြီးတစ်ခုဖြစ်သည်ဟုဆိုသည်။

သုတေသနတွင် အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဂါနာ၊ အိန္ဒိယ၊ ဂျော်ဒန်၊ မက္ကဆီကို၊ မြန်မာနှင့် ထိုင်းနိုင်ငံများ ပါဝင်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar