မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီပံ့ပိုးပေးသွားမည်ဟု တရုတ်သမ္မတ မစ္စတာရှီကျင့်ဖိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပေကျင်းမြို့တွင် သြဂုတ် ၁၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သမိုင်းဝင် ဆွေးနွေးပွဲ မစတင်မီ ၎င်းက ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား မြှင့်တင်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားရန် မစ္စတာရှီက ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် ကတိပြုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
“မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်စေရန်မှာ တရုတ်နိုင်ငံအတွက် အလွန်အရေးကြီးပါသည်” ဟု မစ္စတာရှီက ပြောကြားခဲ့သည်ဟု တရားဝင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညီလာခံအား ယခုလနှောင်းပိုင်းတွင် ကျင်းပမည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီ တခဲနက် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းပြည် စီးပွားရေး ပြန်လည်အားကောင်းလာစေရေးအတွက် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ရည်မှန်းထားသည်။
“အိမ်နီးချင်းကောင်းအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်ရေးအတွက် ဖြစ်နိုင်သမ ျှ နည်းလမ်းတွေကို တရုတ်နိုင်ငံက ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရှီကျင့်ဖိန်နှင့် မတွေ့ဆုံမီ သတင်းထောက်များကို ပြောကြားခဲ့သည်။
“တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားရှိသော အလွန်အရေးကြီးသည့် နယ်နိမိတ်” ကို နှစ်နိုင်ငံ ပူးတွဲ ပိုင်ဆိုင်ထားကြသည့်အတွက် တရုတ်နိုင်ငံ၏ စိတ်ကောင်းစေတနာသည် အထူးအရေးကြီးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အချို့သောအဖွဲ့များမှာ အစိုးရနှင့် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေကြပြီး ရှုပ်ထွေးသည့် တိုင်းရင်းသားပဋ္ဋိပက္ခများသည် မြန်မာနိုင်ငံ၏ ဆင်းရဲပြီး စစ်ဖြစ်နေသည့် နယ်စပ်ဒေသများတွင် တည်ရှိနေပြီး စစ်အစိုးရ အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် တိုင်းပြည်၏ စီးပွားရေး တိုးတက်မှုအတွက် ကြိုးပမ်းမှုများအား တားဆီးနေသည်။
အချို့သော အဖွဲ့များသည် အိမ်နီးချင်း တရုတ်နိုင်ငံ၊ ယူနန်ဒေသနှင့် ယဉ်ကျေးမှုနှင့် မျိုးနွယ်အရပါ ဆက်စပ်မှုများ ရှိနေသည်။ ထို့ပြင် အဆိုပါ နယ်ခြားဒေသများသည် မူးယစ်ဆေး၊ လက်နက်နှင့် ကျောက်မျက်ရတနာများ ကုန်သွယ်မှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။
“ကျွန်မရဲ့တိုင်းပြည်အတွက် ကျွန်မရဲ့အရေးအကြီးဆုံး ရည်မှန်းချက်က ဘာလဲလို့ ရှင်တို့မေးမယ်ဆိုရင် ကျွန်မတို့ ပြည်ထောင်စုထဲမှာ ရှိနေတဲ့ မတူညီတဲ့ လူတွေအားလုံးအကြားမှာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေး ရရှိဖို့ပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ငြိမ်းချမ်ရေး မရှိပဲနဲ့တော့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ပါဘူး” ဟု ၎င်းကပြောကြားသည်။