မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း ပိုကောင်းအောင် ဆောင်ရွက်နိုင်ဖို့

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းနှင့် ပိုမိုသဟဇာတဖြစ်သော ပတ်ဝန်းကျင် အခြေအနေကို ဖန်တီးနိုင်စေရန် အာဏာပိုင်တို့သည် အဖွဲ့အစည်းဆိုင်ရာမူဘောင်၊ အထူးသဖြင့် ချေးငွေများ လွယ်ကူလျင်မြန်စွာ ရနိုင်ရေးကို အလေးပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မင်းသူမောင် ရေးသားသည်။

နိုင်ငံံတစ်နိုင်ငံ၏ အဖွဲ့အစည်းဆိုင်ရာမူဘောင်သည် ယင်းနိုင်ငံ၏ ဘဏ္ဍာရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည်။ အဖွဲ့အစည်းဆိုင်ရာမူဘောင်၏ စွမ်းဆောင်ရည်အကြောင်း စဉ်းစားသောအခါ ခေါင်းထဲသို့ ပထမဆုံး ဝင်လာသောအချက်မှာ ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာ World Bank’s annual Doing Business report တွင် တိုင်းတာတွက်ချက်ထားသည့်အတိုင်း ယင်းမူဘောင်က စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် မည်သို့ဂယက်ရိုက်ခတ်သည်ဟူသော အချက်ပင်ဖြစ်သည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ကို ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူမှုအခြေအနေမှာ လွန်ခဲ့သော သုံးနှစ်အတွင်း ပြောင်းလဲမှု မရှိသလောက်ဖြစ်ခဲ့သည်။ ၂၀၁၇ ခု အောက်တိုဘာ ၃၁ ရက်က ထုတ်ဝေသော ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူမှုအဆင့်မှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အဆင့်တစ်ဆင့် ကျဆင်းကာ လေ့လာဆန်းစစ်သောနိုင်ငံ ၁၉၀ အနက် အဆင့် ၁၇၁ နေရာတွင် ရှိခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံမှာလည်း ယခင်နှစ်က အဆင့် ၁၂၈ နေရာ၌ ရှိခဲ့ရာမှ ၁၄၁ နေရာသို့ ကျဆင်းခဲ့သည်။ လာအိုနိုင်ငံမှာ ယခင်နှစ်ကထက် တစ်ဆင့်မြင့်ကာ အဆင့် ၁၂၅ သို့ ရောက်ရှိခဲ့သည်။ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ အဆင့် ၆၈ နှင့် ၂၆ နေရာတို့တွင် အသီးသီးတည်ရှိနေကြသည်။

စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာပါ ပိုမိုကောင်းမွန်သော အစိတ်အပိုင်းများကို မကြာခဏ မျက်စိလျှမ်းသွားတတ်ကြသည်။ စီးပွားရေးလုပ်ငန်းစတင်မှု Start a Business အမျိုးအစား၌ မြန်မာနိုင်ငံက အဆင့် ၁၅၅ နေရာတွင်ရှိပြီး အဆင့် ၁၈၃ နှင့် အဆင့် ၁၆၄ နေရာတို့တွင် အသီးသီးရောက်ရှိနေသော ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ထက် အဆင့်သာလွန်သည်။ သို့ရာတွင် အိမ်ရာမြေအဆောက်အအုံ မှတ်ပုံတင်ခြင်း၊ ကန်ထရိုက်စာချုပ်ကို လိုက်နာဆောင်ရွက်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ရရှိခြင်းစသည့် အခြေအနေတို့တွင် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အဆိုးဆုံးဖြစ်သည်။

အထူးမှတ်သားထိုက်သည်မှာ ချေးငွေရရှိမှု Getting Credit အမျိုးအစားတွင် မြန်မာနိုင်ငံသည် အဆင့်နိမ့်ကျနေခြင်းဖြစ်ပြီး အဆင့် ၁၇၇ ၌သာ ရှိသည်။ ယင်းအမျိုးအစား၌ ဒေသတွင်းမှာ အနီးကပ်ဆုံးပြိုင်ဖက်သည် လာအိုနိုင်ငံဖြစ်ပြီး လာအိုသည် နေရာပေါင်း ၁၀၀ တွင် အိမ်နီးချင်းနိုင်ငံ၏ အထက်၌ ရှိနေသည်။

အညွှန်းကိန်းပါ အစိတ်အပိုင်းများသည် ယေဘုယျအားဖြင့် နိုင်ငံ၏အဖွဲ့အစည်းဆိုင်ရာမူဘောင်ကို ပြန်လည်ထင်ဟပ်လျက်ရှိသည်။ ဥပမာအားဖြင့် အိမ်ခြံမြေမှတ်ပုံတင်ရာတွင် လွယ်ကူမှုက ထုံးစံအားဖြင့် အစိုးရ၏စွမ်း ဆောင်ရည်(သို့မဟုတ် ဗျူရိုကရေစီ) ကို ရောင်ပြန်ဟပ်ပြသလျက်ရှိသည်။ ပဋိညာဉ်စာချုပ်များကို လိုက်နာမှု ရှိမရှိဆိုသည်မှာလည်း  အခြားကိစ္စများအပြင် နိုင်ငံ၏ ဥပဒေရေးရာနှင့် တရားစီရင်မှုရေးရာ စွမ်းဆောင်ရည်အပေါ်၌လည်း တစ်နည်းအားဖြင့်တည်မှီနေပြီး အဂတိလိုက်စားမှု၏ ရိုက်ခတ်မှုကို များစွာခံရသည်။ စီးပွားရေးလုပ်ငန်းများ ချေးငွေရနိုင်မှုရှိ မရှိဆိုသည်မှာလည်း နိုင်ငံ၏ဘဏ္ဍာ ရေး စွမ်းဆောင်ရည်အပေါ်တွင် မူတည်နေသည်။ စာရင်းချကြည့်ပါက  အများကြီးရှိသေးသည်။

ရန်ကုန်မြို့ရိုးမဘဏ်ခွဲမှ ဝန်ထမ်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

ရန်ကုန်မြို့ရိုးမဘဏ်ခွဲမှ ဝန်ထမ်းများကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု Transparency International က အဂတိလိုက်စားမှုအတွက် စစ်တမ်းကောက်ယူသော နိုင်ငံပေါင်း  ၁၇၆ နိုင်ငံအနက် မြန်မာနိုင်ငံသည် ၁၃၆ နေရာတွင်ရှိပြီး အဆင့် ၁၅၆ ရှိ ကမ္ဘောဒီးယားနိုင်ငံထက်မြင့်သည်။ သို့သော်လည်း ဗီယက်နမ် (အဆင့် ၁၁၃) နှင့် လာအို( အဆင့် ၁၂၃) တို့အောက် အဆင့်နိမ့်ကျလျက်ရှိသည်။

အကောင်းဘက်မှနေ၍  အဂတိလိုက်စားမှု တစ်ခုလုံးကို ခြုံကြည့်မည်ဆိုပါက တိုးတက်မှုနှုန်း နှေးကွေးသည့်တိုင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရမှတ်များမှာ တဖြည်းဖြည်း တိုးတက် ကောင်းမွန်လျက်ရှိသည်။ ရမှတ်များမှာ ၁၅ မှတ်ရှိခဲ့သော ၂၀၁၂ ခုနှင့်နှိုင်းယှဉ်ပါက ၂၀၁၅ ခုနှစ်တွင် ၂၈ မှတ် အထိ ရောက်ရှိခဲ့သည်။ (အနိမ့်ဆုံးအမှတ် သုည – အမြင့်ဆုံးအမှတ် ၁၀၀)

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအဆင့်မှာလည်း အလားတူအခြေအနေမျိုးကို ပြသလျက်ရှိသည်။ ယင်းအမျိုးအစားတွင် ကမ္ဘောဒီးယားထက် အဆင့်မြင့်သော်လည်း ဗီယက်နမ်အောက် အဆင့်နိမ့်ကျလျက်ရှိသည်။ တရားစီရင်ရေး၏ စွမ်းဆောင်ရည်နှင့် အစိုးရ၏ဂုဏ်သိက္ခာသည် မကြာခဏဆိုသလိုပင် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေ စိုးမိုးမှုအဆင့်ကို ဖော်ပြလျက်ရှိသည်။

အစိုးရ၏ ဂုဏ်သိက္ခာကို ကြည့်မည်ဆိုပါက မြန်မာနိုင်ငံ၏ရမှတ်မှာ အထိုက်အလျောက် ကောင်းမွန်နေပြီး ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ထက် သာလွန်သည်။ သို့ရာတွင် တရားစီရင်ရေးဆိုင်ရာ အာဏာသက်ရောက်မှု၌ အိမ်နီးနားချင်းများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးဖြစ်သည်။

အကြောင်းတရား အမျိုးမျိုးက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးလွတ်လပ်မှု တစ်ခုလုံးကိုခြုံငုံ၍ မည်သို့အကျိုးသက် ရောက်ပါသနည်း။ The Heritage Foundation က တရားဥပဒေစိုးမိုးမှု၊ အစိုးရ အရွယ်အစား၊ ကြီးကြပ်ထိန်းသိမ်းမှု အရည်အသွေးနှင့် လွတ်လပ်သောဈေးကွက်တို့ကို အခြေခံလျက် နိုင်ငံပေါင်း ၁၈၆ နိုင်ငံကို အဆင့်သတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံက အဆင့် ၁၄၆ ရခဲ့သည်။ အားလုံးခြုံငုံတွက်ချက်ပါက မြန်မာနိုင်ငံသည် အိမ်ရာမြေပိုင်ဆိုင်ခွင့်၊ ဘဏ္ဍာရေးလွတ်လပ်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ခွင့်တို့၌ ရမှတ်များ နိမ့်ကျလျက်ရှိသည်။

doing_biz_3.jpg

တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု၊ အခြားဆက်စပ်အခြေအနေများနှင့် စီးပွားရေးဆိုင်ရာ လွတ်လပ်မှုအခြေအနေပြဇယားများ

သို့ရာတွင် အခြေအနေကောင်းမွန်သော နေရာအချို့လည်း ရှိနေသည်။ အဂတိလိုက်စားမှုနှင့်ပတ်သက်၍ အထိုက်အလျောက် အဆင့်နိမ့်ကျနေသည်မှာလည်း ဒေသတွင်း အနေအထားအရ ထူးခြားလှသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးမှုတွင် ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သည့် ထိုင်းနိုင်ငံသည် ကမ္ဘာ့အတိုင်းအတာအရ ထိပ်ဆုံးအဆင့် ၁၀၀ သို့ ရောက်ခဲ့ခြင်းမရှိပေ။ မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးအဆင့်မှာလည်း တိုးတက်ကောင်းမွန်လျက်ရှိပြီး အစိုးရ၏ ဂုဏ်သိက္ခာ မြင့်တက်မှုကလည်း တရားဥပဒေစိုးမိုးမှုကို မြင့်မားစေခဲ့သည်။ လျှပ်စစ်မီးရ ရှိရေးက ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေဆဲဖြစ်သော်လည်း အရင်းအနှီး အလုံအလောက် ရရှိမည့်လမ်းစ ရှိနေသည့်အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းနေပေသည်။

မြန်မာနိုင်ငံအတွက် ဦးစားပေးမှာ အထူးသဖြင့် အိမ်ရာမြေပိုင်ဆိုင်ခွင့်နှင့် ပဋိညာဉ် အကောင်အထည်ဖော်မှု အပိုင်းတို့တွင် တရားစီရင်ရေး စွမ်းဆောင်ရည်ပြည့်ဝရေး ဖြစ်သင့်သည်။ အဂတိလိုက်စားမှု ထိန်းချုပ်ရေးမှာ လိုအပ်သည့်တိုင် သူတစ်ခုတည်းဖြင့် မလုံလောက်နိုင်ပေ။ အဂတိလိုက်စားမှု မရှိသည့်တိုင်အောင် စွမ်းရည်မပြည့်ဝ၊ မထိရောက်သော တရားစီရင်ရေးစနစ်က အိမ်ရာမြေ ပိုင်ဆိုင်ခွင့်၊ သို့မဟုတ် ပဋိညာဉ်လိုက်နာမှုတို့ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။

ကမ္ဘာ့ဘဏ်သည် ပဋိညာဉ်စာချုပ်များ လိုက်နာဆောင်ရွက်မှုကို တွက်ချက်ရာ၌ ဒေသန္တရတရားရုံးတွင် ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုကို ပထမအကြိမ် တရားရုံး၌ တရားစွဲဆိုစဉ်က အချိန်၊ ကုန်ကျစရိတ်နှင့် တရားရေးလုပ်ငန်းစဉ် အညွှန်းကိန်း၏ အရည်အသွေးတို့အပေါ် မူတည်တွက်ချက်ပြီး (နိုင်ငံ) စီးပွားရေးတိုင်းက မိမိတို့၏ တရားရေးစနစ်တွင် အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော အလေ့အကျင့်ကောင်းများ ချမှတ်ခြင်းရှိ မရှိ အကဲဖြတ်သည်။

အိမ်ရာမြေ ပိုင်ဆိုင်ခွင့်နှင့် ကုန်သွယ်မှုဆိုင်ရာ ပဋိညာဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်သော တရားရေးစနစ် ခိုင်မာစွာ မရှိပါက ရင်းနှီးမြှုပ်နှံမှုကလည်း ထောင်တက်လာမည် မဟုတ်ပေ။ အိမ်ရာမြေကို မှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံ၏ ရမှတ်နိမ့်ကျနေခြင်းကလည်း ဤအချက်ကို မီးမောင်းထိုးပြလျက်ရှိသည်။ ကမ္ဘာ့ဘဏ်က အိမ်ရာမြေ မှတ်ပုံတင်မှု Registering Property ရမှတ်ကို တွက်ချက်ရာတွင် “ အိမ်ရာမြေပိုင်ဆိုင်မှုကို မှတ်ပုံတင်ရာ၌ ဆောင်ရွက်ရသောအဆင့်များ၊ အသုံးပြုရသောအချိန်နှင့် ငွေကြေးကုန်ကျစရိတ်တို့ကို အခြေခံတွက်ချက်ကာ မှတ်ပုံတင်ထားပြီးဖြစ်သည့် မြေနှင့် အဆောက်အအုံကိုသာ ဝယ်ယူလိုသော စွန့်ဦးတီထွင်လုပ်ငန်းရှင်ကို စံအဖြစ်ထား၍ တွက်ချက်သည်။” အရှင်းဆုံးပြောရပါက အိမ်ရာမြေ မှတ်ပုံတင်ရာတွင် မတန်တဆ နှောင့်နှေးကြန့်ကြာမှုများက ရင်းနှီးမြှုပ်နှံမည့်သူများကို စိတ်ဓာတ်ကျဆင်းစေသည်။

ရန်ကုန်မြို့စွန်မှ လယ်ယာလုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

ရန်ကုန်မြို့စွန်မှ လယ်ယာလုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးလွတ်လပ်မှုတို့ကို ဆောင်ရွက်ရာတွင် အဘယ့်ကြောင့် စွမ်းဆောင်ရည် အလွန်ညံ့ဖျင်းနေရသနည်း ဟူသောအချက်ကို မြန်မာတို့က သိလိုကြပေမည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှုများ နိုင်ငံအတွင်း၌ တသီကြီး ဆောင်ရွက်နေသည့်ကြားမှ ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး စေ့စပ်ညှိနှိုင်းမှုများကို ဆောင်ရွက်ရာ၌ ကြီးကြပ်ထိန်းသိမ်းမှု ကန့်သတ်ချက်များ ဆက်လက်တည်ရှိနေသောကြောင့် ဖြစ်နိုင်သည်။

မြန်မာနိုင်ငံသည် နယ်ပယ်အချို့၌ ထူးခြားပြီး အလျင်အမြန် ဖြေရှင်းရန်လိုအပ်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ပုဂ္ဂလိက အိမ်ရာမြေ မှတ်ပုံတင်မှုကို ကြန့်ကြာစေသော ဗျူရိုကရေစီနည်းစဉ်များကို ဖျက်သိမ်းရမည်။ ပုဂ္ဂလိက အိမ်ရာမြေ ပိုင်ဆိုင်ခွင့်များကို ကာကွယ်ရမည်။ ကုန်သွယ်မှုဆိုင်ရာ ပဋိညာဉ်စာချုပ်များကို အကောင်အထည်ဖော်နိုင်သော စွမ်းဆောင်ရည်ပြည့်ဝသည့် တရားစီရင်ရေးစနစ် တစ်ရပ်လိုအပ်ပြီး လူ့အခွင့်အရေးကို ကာကွယ်ရမည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးတို့အပေါ် ကန့်သတ်ချက်များကို ပြန်လည်စိစစ်ရမည်ဖြစ်သည်။

ယင်းလိုအပ်ချက်များအနက် အမြန်ဆုံး ဆောင်ရွက်ရမည့်လုပ်ငန်းမှာ စီးပွားရေးလုပ်ငန်းများကို ချေးငွေထုတ်ပေးရမည့်လုပ်ငန်းဟု ဆိုနိုင်ပေသည်။ စီးပွားရေးလုပ်ဆောင်မှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အဆင့်က စိတ်ပျက်ဖွယ် အခြေအနေဖြစ်နေခြင်းက ချေးငွေရရှိနိုင်မှု Getting Credit  အမျိုးအစား၌ ရမှတ်မြင့်တက်စေရန် အထောက်အကူ ရနိုင်သည်။ သို့ရာတွင် ခိုင်မာသော ချေးငွေအစီရင်ခံစာ တင်ပြမှုစနစ်နှင့် အရေးယူဆောင်ရွက်မှု(အာမခံပစ္စည်း ဥပဒေနှင့် ဒေဝါလီခံမှုဥပဒေတို့နှင့် သက်ဆိုင်သည်။) တို့မရှိဘဲ ချေးငွေထုတ်ပေးရန် ခက်ခဲသဖြင့် စီးပွားရေးလုပ်ငန်းအတွက် ပထမဆုံး အစီအစဉ်မှာ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအတွက် မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသော  တရားစီရင်ရေးစနစ်ကို ပြောင်းလဲသင့်သည်။ တချိန်တည်းမှာပင် ကုမ္ပဏီများ ငွေချေးယူရာတွင် လွယ်ကူမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

ဉာဏ်တင် ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar