မြန်မာနိုင်ငံ၌ စက်ရုံတည်ဆောက်မည့် အစီအစဉ်ကို ဆမ်ဆောင်း စွန့်လွှတ်

စမတ်ဖုန်း၊ သို့မဟုတ် လျှပ်စစ်အိမ်သုံးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံတစ်ခုအား မြန်မာနိုင်ငံတွင် တည်ဆောက်မည့်အစီအစဉ်ကို ဆမ်ဆောင်းက စွန့်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားသတင်းစာတစ်စောင်က ရေးသားထားသည်။

ဆမ်ဆောင်းရုံးချုပ်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ မကြာသေးမီက လာရောက်ခဲ့ပြီး မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် “နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်” ဟု The Korea Times သတင်းစာက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ရန် ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက မြန်မာအစိုးရက ဆမ်းဆောင်းအား ပြောကြားခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံရေးအတွက် သုံးသပ်နေခဲ့သည်ဟု ဆက်လက်ရေးသားထားသည်။

“ရုံးချုပ်က အဆင့်မြင့်အမှုဆောင်တွေအပါအဝင် ဆမ်ဆောင်းက တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့လေးတစ်ခုဟာ မြန်မာနိုင်ငံကို မကြာသေးမီက သွားရောက်ခဲ့ပြီး မြန်မာတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်” အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သိရှိသူတစ်ဦးက သတင်းစာကို ပြောကြားသည်။

“စက်ရုံတည်ဆောက် လည်ပတ်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကားလမ်းတွေနဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို ဆမ်ဆောင်းက (ကိုယ်တိုင် စိုက်ထုတ်)တည်ဆောက်ရမယ်လို့ မြန်မာအစိုးရက တောင်းဆိုခဲ့တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်တော့ဖို့ အစည်းအဝေးအပြီးမှာ ဆမ်းဆောင်းက ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ကိုရီးယား၏ ထိပ်တန်းလုပ်ငန်းကြီးဖြစ်သည့် ဆမ်ဆောင်းသည် ရန်ကုန်မြို့အနီးတွင် စက်ရုံတည်ဆောက်ရန်အတွက် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလက ရရှိခဲ့သည်ဟုဆိုသည်။

သို့သော် မြေယာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးကဲ့သို့သော အဓိကအချက်များကို မဖြေရှင်းနိုင်သောကြောင့် နှောင့်နှေးနေခဲ့ရသည်ဟု သတင်းစာက ဆက်လက်ရေးသားထားသည်။

မြန်မာနိုင်ငံသို့ မကြာခဏသွားရောက်လေ့ရှိပြီး အဆိုပါကိစ္စနှင့် နီးစပ်သူ နောက်ထပ်တစ်ဦးကမူ ဆမ်ဆောင်းက ရင်းနှီးမြှုပ်နှံရေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုလည်း ပါဝင်သည်ဟု ဆိုသည်။

ဆမ်ဆောင်းကမူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးအတွက် မကြာသေးမီက စဉ်းစားခဲ့သည်ဟူသည့်အချက်ကို ငြင်းဆိုခဲ့သည်။

“မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစက်တွေ ထုတ်လုပ်တဲ့ စက်ရုံတည်ဆောက်ဖို့ ၂၀၁၃ ခုနှစ်က စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးနဲ့ (စက်မှုသုံး) ရေ လိုမျိုး အခြေခံအဆောက်အဦးတွေ မရှိတဲ့အတွက် ဒီအစီအစဉ်ကို ပယ်ချခဲ့ပါတယ်” ဟု ဆမ်ဆောင်း၏ ပြောရေးဆိုခွင့်ရှိသူက The Korea Times ၏ စာဖြင့်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

“အဲဒီအချိန်ကစပြီး တစ်ခါမှ ပြန်လည်သုံးသပ်မှု မရှိတော့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ဆမ်ဆောင်းက ရန်ကုန်မြို့တွင် ဈေးကွက်ရှာဖွေရေးရုံး ဖွင့်လှစ်ထားပြီး ထိုင်းနိုင်ငံ ဆမ်ဆောင်းရုံးအောက်တွင် ထားရှိကာ စီမံကွပ်ကဲ လုပ်ကိုင်နေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar