ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေသည့် ဖြေရှင်းမှုများသည် ကျေးလက်အိမ်ထောင်စုများက နေစွမ်းအင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာသော စံနမူနာပြ နည်းလမ်းတစ်ခုဖြစ်သည်။
အယ်လီဆာ မီနစ်ချက်တီ နှင့် ဘီလ် ဂယ်လာရီတို့ ရေးသားသည်။
၂၀၁၁ ပြုပြင်ပြောင်းလဲမှုများ စတင်ချိန်မှစ၍ မြန်မာနိုင်ငံသည် အာရှဒေသတွင် အလျင်မြန်ဆုံး ကြီးထွားလျက်ရှိသော ဖွံ့ဖြိုးဆဲဈေးကွက်တစ်ခု ဖြစ်လာခဲ့သည်။ ဆင်းကတ်များအသုံးချခြင်း၊ အချက်အလက်ရရှိမှု မြန်ဆန်ခြင်းနှင့် ဈေးသက်သာသည့် စမတ်ဖုန်းများရရှိခြင်းစသည့် ဆက်သွယ်ရေးနည်းပညာကို ရရှိနိုင်သည့်အခြေအနေ တိုးတက်မှုများက ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးခဲ့သည်။
ဆက်သွယ်မှုတွင် အလားအလာကောင်းသော အကျိုးစီးပွားများဆိုသည်မှာ ပုံမှန်ငွေကြေးစနစ်၏ အပြင်ဘက်ရှိ လူဦးရေ ၈၀ ရာခိုင်နှုန်းဖြစ်သောပြည်သူများအား တီထွင်ဆန်းသစ်မှုရှိသည့် ပရိုဂရမ်နှင့် ဝန်ဆောင်မှုများပေးရန် အလားအလာ အမြောက်အမြား ရှိနေသည့်သဘောဖြစ်သည်။
သို့ရာတွင် fintech ဟုခေါ်သော ငွေကြေးဆိုင်ရာနည်းပညာ၊ သို့မဟုတ် မိုဘိုင်းနည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများသည် ငွေပေးငွေယူလုပ်ငန်းများကို ပို၍ဘေးကင်းလုံခြုံပြီး ပိုမိုလျင်မြန်ထိရောက်အောင် ဆောင်ရွက်ပေးနိုင်သည်။ ယင်းတို့သည် ဘဝတိုးတက်ကောင်းမွန်ရေး ဝန်ဆောင်မှုများပေးကာ မြန်မာလူမျိုးများ သာယာဝပြောပြီး အကျိုးစီးပွား ဖြစ်ထွန်းစေရန် ခင်းပေးသော လမ်းကြောင်းအဖြစ်လည်း ဆောင်ရွက်ပေးသေးသည်။
မိုဘိုင်းနည်းပညာဖြင့် ဆောင်ရွက်ပေးသော ငွေကြေးဝန်ဆောင်မှုများမှတဆင့် အလုံးစုံပါဝင်သော ငွေကြေးဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် မြန်မာနိုင်ငံ၌ အခြေအနေကောင်းများရှိသည်။ သို့ရာတွင် ၂၀၀၃ ဘဏ်လုပ်ငန်းအကျပ်အတည်းဖြစ်ခြင်း၊ ငွေစာရင်းဖွင့်လှစ်ရာတွင် လုပ်ငန်းဆောင်ရွက်မှု အချိန်ယူလွန်းခြင်းနှင့် အထူးသဖြင့် ကျေးလက်ဒေသများ၌ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံမရှိခြင်း စသည်တို့ အပါအဝင် ပုံမှန်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရာတွင် အဟန့်အတားပြုနေသော အကြောင်းတရား အများအပြားလည်း ရှိနေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ငွေသားကိုင်တွယ်သုံးစွဲမှုကို အကြီးအကျယ် မှီခိုနေရပြီး ငွေလွှဲရာ၌ ပုံမှန်မဟုတ်သော နည်းလမ်းများကသာ တွင်ကျယ်လျက်ရှိသည်။
သို့ရာတွင် လုပ်ထုံးလုပ်နည်း ရှင်းလင်းပြတ်သားမှုမရှိခြင်းနှင့် ဖောက်သည်များ၌ ဒစ်ဂျစ်တယ်နှင့် ငွေကြေးဆိုင်ရာ အသိပညာခေါင်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု အခင်းအကျင်းဖွံ့ဖြိုးရေးကို နှေးကွေးစေခဲ့သည်။
ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုကို အသုံးချခြင်း
မိုဘိုင်းနည်းပညာသုံး ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုများသည် ငွေပေးငွေယူလုပ်ငန်းများကို ပို၍ဘေးကင်းလုံခြုံစေကာ ပိုမိုထိရောက်လျင်မြန်အောင် ဆောင်ရွက်ပေးနိုင်သည်။ ယင်းဝန်ဆောင်မှုက ကြိုတင်ငွေပေးချေ၍ သုံးသလောက်ပေးပုံစံ Pay-As-You-Go Model ကို အသုံးပြုခြင်းဖြင့် သန့်ရှင်းသည့်စွမ်းအင်ကဲ့သို့သော အခြားကဏ္ဍများ ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန် ထောက်ကူပေးလေသည်။
ကြိုတင်ငွေပေးချေ၍ သုံးသလောက်ပေးပုံစံသည် အာဖရိကတိုက်၌ ထူးထူးခြားခြား အောင်မြင်နေပြီး နေအိမ်များတွင် နေစွမ်းအင်သုံးစနစ် ရရှိအောင်ဆောင်ရွက်ပေးကာ ဖောက်သည်များက အရစ်ကျစနစ်ဖြင့် ပေးချေနိုင်အောင် ဆောင်ရွက်ပေးသည်။
ယင်းစနစ်တွင် သုံးထားသည့်နည်းပညာအရ ငွေမပေးသွင်းပါက ပစ္စည်းကို သုံး၍မရအောင် ဆောင်ရွက်ထားခြင်းဖြင့် အော်ပရေတာများနှင့် ရင်းနှီးမြှုပ်နှံသူများသည် သူတို့၏ ရင်းနှီးမြှုပ်နှံထားသည်များ ပြန်ရမည်ဟူသော ယုံကြည်မှုကို ရရှိစေသည်။ အပြန်အလှန်အားဖြင့် ယခုကဲ့သို့ ဆောင်ရွက်မှုကြောင့် အခြားနည်လမ်းများဖြင့် ငွေကြေးရရှိရန် လမ်းစမရှိသောဖောက်သည်များကို ငွေကြေးရရှိစေပြီး အမျိုးသား လျှပ်စစ်ဓာတ်အားကွန်ရက်ပြင်ပရှိ နေစွမ်းအင်သုံးစွဲနိုင်မှု အရည်အသွေးကိုလည်း ပိုမိုတိုးတက် ကောင်းမွန်စေသည်။
အိမ်သုံးနေစွမ်းအင်ဈေးကွက်နှင့် ကြိုတင်ငွေပေးချေ၍ သုံးသလောက်ပေးစနစ်ကဲ့သို့ တီထွင်ဖန်တီးမှုရှိသည့် စီးပွားရေးလုပ်ငန်းပုံစံများ တိုးတက်လာသည်ကိုကြည့်ပါက ရာသီဥတုပြောင်းလဲမှုကို ထွန်းသစ်စဈေးကွက်များရှိ စီးပွားရေးလုပ်ငန်း အခွင့်အလမ်းအဖြစ် ရှုမြင်သော ကုမ္ပဏီများ ပိုမိုလာသည့်သဘောကို တွေ့ရသည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ခေတ်မီနည်းပညာကို ဝယ်လိုအား မြင့်မားလာစေမည့် အဓိကမောင်းနှင်အားဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း International Finance Corporation ၏ “ရာသီဥတု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းအတွက် ဈေးကွက်များဖန်တီးခြင်း” ဟူသော အစီရင်ခံစာသစ်၌ ဖော်ပြသည်။
အစီရင်ခံစာသစ်က အမျိုးသား လျှပ်စစ်ကွန်ရက်စနစ်ပြင်ပရှိ နေစွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှုစနစ်ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်သော လုပ်ငန်းကဏ္ဍ ခုနစ်ခုအနက် တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အမှန်စင်စစ် အမျိုးသား လျှပ်စစ်ကွန်ရက်စနစ်ပြင်ပရှိ နေစွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှုစနစ်အတွက် ရင်းနှီးမြှုပ်နံှမှုမှာ ၂၀၁၆ ခုနှစ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိခဲ့ရာမှ ကြိုတင်ငွေပေးသွင်း၍ သုံးသလောက်ပေးနှင့် တီထွင်ဆန်းသစ်မှုရှိသော ငွေကြေးဝန်ဆောင်မှုများကြောင့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃ ဘီလျံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
ကြိုတင်ငွေသွင်း သုံးသလောက်ပေးစနစ်ဖြင့် မြန်မာနိုင်ငံကို အလင်းရောင်ပေးမည်
မြန်မာနိုင်ငံ ဝေးလံခေါင်းပါးဒေသနေ ပြည်သူများနှင့် ဝင်ငွေနိမ့်ကျသော ဖောက်သည်များအတွက် ကြိုတင်ငွေပေးသွင်း၍ သုံးသလောက်ပေးစနစ်ဖြင့် အသုံးပြုသော နေစွမ်းအင်သုံးစနစ်သည် သမားရိုးကျ လျှပ်စစ်ဓာတ်အားပေးစနစ်ကို အစားထိုး ဝင်ရောက်နိုင်ပြီး ပိုမို၍ကုန်ကျစရိတ်သက်သာ၊ လူတိုင်းတတ်နိုင်၊ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ အားကိုးအားထား ပြုနိုင်သည့် လျှပ်စစ်စွမ်းအင်ကို ပေးစွမ်းနိုင်သည်။ နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံသည် အမျိုးသားလျှပ်စစ်ကွန်ရက်၏ ပြင်ပဒေသများတွင် နေထိုင်လျက်ရှိပြီး အိမ်ထောင်စုငါးသန်းကျော်မှာ ဖရောင်းတိုင်၊ ရေနံဆီ၊ ဘက်ထရီနှင့် ဒီဇယ်မီးစက် diesel generators တို့ကို အသုံးပြုနေရသည်။
ယင်းအိမ်ထောင်စုများသည် စွမ်းအင်ရရှိရန် ငွေအမြောက်အမြား သုံးစွဲနေရပြီး မြန်မာနိုင်ငံအလယ်ပိုင်း၌ မီးထွန်းရုံမျှကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၉ သန်းခန့် သုံးစွဲနေရကြောင်း အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ခန့်မှန်းသည်။ အစိုးရသည် ကမ္ဘာ့ဘဏ်အုပ်စုနှင့် အခြားဖွံ့ဖြိုးရေး မိတ်ဖက်များနှင့်ပူးပေါင်း၍ ၂၀၃၀ ပြည့်နှစ်တွင် ယုံကြည်အားထားထိုက်သော လျှပ်စစ်စွမ်းအင်ရရှိရေးအတွက် ကမ္ဘာ့အဆက်အသွယ်များ ရရှိရန်ဆောင်ရွက်ခဲ့သည်။ လျှပ်စစ်ဓာတ်အားကွန်ရက် တိုးချဲ့ရေးလုပ်ငန်းကို ကြိုတင်ငွေပေးသွင်း၍ သုံးသလောက်ပေးအစီအစဉ်အပါအဝင် လျှပ်စစ်ဓာတ်အားကွန်ရက် ပြင်ပအစီအစဉ်နှင့် တွဲဖက်ဆောင်ရွက်ခြင်းဖြင့် ရည်မှန်းချက်ကို ဖော်ဆောင်မည့် အမျိုးသား လျှပ်စစ်ဓာတ်အားစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။
ကြိုတင်ငွေသွင်း သုံးသလောက်ပေး နေစွမ်းအင်သုံး ရှေ့ပြေးစမ်းသပ်အစီအစဉ်ကို မြန်မာနိုင်ငံ၌ ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီမှာ ယခုအချိန်ထိ အနည်းငယ်သာ ရှိသေးသည်။ သို့ရာတွင် ရှေ့အလားအလာမှာမူ ကြီးမားစွာ ရှိနေကြောင်း ယင်းတို့က ပြသလျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံ မီးလင်းရေးအစီအစဉ် Lighting Myanmar Programme အရ ဂရင်းလိုက်ပလဲနက် Greenlight Planet နှင့် ဆိုလာဟုမ်း SolarHome တို့ကဲ့သို့သော ကုမ္ပဏီများက ဧရာဝတီ၊ ပဲခူးနှင့် အခြားဒေသများ၌ လုပ်ငန်းများ စတင်နေပြီး ဖောက်သည်များ လိုအပ်လျက်ရှိသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို လျင်မြန်စွာ လေ့လာသင်ယူလျက်ရှိသည်။
ဂရင်းလိုက်ပလဲနက်သည် မြန်မာနိုင်ငံ၌ ပထမဆုံးစတိုးဆိုင်ကို ဇူလိုင်က စတင်ဖွင့်လှစ်ခဲ့ပြီး ကြိုတင်ငွေသွင်း သုံးသလောက်ပေး နေစွမ်းအင်သုံး ထုတ်ကုန်များကို ရောင်းချခဲ့သည်။ သြဂုတ်လတွင် ဆိုလာဟုမ်းသည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၆၂၅,၀၀၀ ထည့်ဝင်ပြီး အောက်တိုဘာ၌ ကုမ္ပဏီ၏ ပထမဆုံးကြွေးမြီရန်ပုံငွေ ထူထောင်ခြင်းဖြင့် ဤထွန်းသစ်စ စီးပွားရေးလုပ်ငန်းပုံစံကို ရင်းနှီးမြှုပ်နှံသူတို့က ယုံကြည်မှုရှိကြောင်း ပြသခဲ့သည်။
စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ
မြန်မာနိုင်ငံ၏ ဈေးကွက်အလားအလာမှာ ကြီးမားလှသည်။ သို့ရာတွင် အဆင့်တိုးမြှင့်နိုင်ရေးအတွက် အော်ပရေတာများသည် ဖောက်သည်များ၏ ငွေပေးချေမှုကို ထိရောက်စွာ ကောက်ခံရာတွင် တွေ့ကြုံရသော အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရမည်ဖြစ်သည်။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရှိ ကြိုတင်ငွေသွင်း သုံးသလောက်ပေးစနစ်အရ ဆောင်ရွက်သော အော်ပရေတာများသည် ငွေပေးချေမှု အစီအစဉ်များကို ဆောင်ရွက်ရာ၌ ငွေသားလိုက်လံကောက်ခံမှု၊ ခဲဲခြစ်ကတ်များ အသုံးပြုမှုနှင့် မိုဘိုင်းဖုန်းကို အသုံးပြုရန် မိုဘိုင်းအော်ပရေတာများနှင့် ပူးပေါင်းမှုစသည့် ကြုံရာကျပန်း ငွေပေးချေမှုနည်းများကို အားထားနေရသည်။
မည်သို့ဆိုစေ ယင်းဖြေရှင်းမှုများမှာ လုပ်အားနှင့် ကုန်ကျစရိတ်မြင့်မားခြင်းတို့ကြောင့် ကြိုတင်ငွေသွင်း သုံးသလောက်ပေးစနစ်ကို တိုးချဲ့ဆောင်ရွက်ရန် အကန့်အသတ်များ ရှိနေသည်။
သို့ရာတွင် ကင်ညာနှင့် တန်ဇန်နီးယားကဲ့သို့ နိုင်ငံများတွင်မူ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက်ရှိရာ ယင်းလုပ်ငန်းသည် ကြိုတင်ငွေပေးသွင်း၍ သုံးသလောက်ပေး နေစွမ်းအင်လျှပ်စစ်ဈေးကွက်အတွက် အဓိက ငွေပေးချေမှုလုပ်ငန်း ဖြစ်လာသည်။
ယင်းနှစ်နိုင်ငံစလုံး၌ အိမ်ထောင်စုများသည် ကြိုတင်ငွေသွင်း သုံးသလောက်ပေး နေစွမ်းအင်ဈေးကွက်အတွက် မိုဘိုင်းဖုန်းမှ ပေးချေခြင်းဖြင့် အိမ်သုံးနေစွမ်းအင် ဝန်ဆောင်မှုမှရသော အကျိုးအမြတ်များကို ခံစားနိုင်သည်။ ပြည်သူများသည် ၎င်းတို့၏ မိုဘိုင်းဖုန်များမှတဆင့် ငွေပေးချေနိုင်ပြီး ခရီးသွားချိန်သက်သာကာ ငွေပေးချေမှုကို စိတ်ချလက်ချ စစ်ဆေးနိုင်သည်။
နေစွမ်းအင်ကုမ္ပဏီများသည် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုကို အသုံးချကာ ငွေပေးချေမှုကို လက်ခံရာတွင် အလိုအလျောက် ငွေပေးချေခြင်းဖြင့် ကုန်ကျစရိတ် သက်သာစွာ ငွေကောက်ခံနိုင်သည်။ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုလျင်မြန်စွာ တိုးချဲ့နိုင်အောင်လည်း အထောက်အကူပေးသည်။ အလားတူပင် ကြိုတင်ငွေပေးသွင်း၍ သုံးသလောက်ပေးစနစ်သည် အထူးသဖြင့် ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုကို အသုံးပြုသောဖောက်သည်များ တိုးပွားလာအောင် ဆောင်ရွက်ပေးသည်။
ထို့ပြင် ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှု အချက်အလက်ကို အခြေခံသော ချေးငွေအမှတ်ပေးစနစ်သည် ကြိုတင်ငွေသွင်း သုံးသလောက်ပေး အစီအစဉ်ဆောင်ရွက်သူများအား အခြားထုတ်ကုန်များအတွက် ဖောက်သည်များက ငွေပြန်လည်ပေးဆပ်နိုင်မည့် အနာဂတ်အလားအလာကိုပါ သိရှိစေနိုင်သည်။ ၎င်းတို့၏ချေးငွေကို ပြန်လည်ပေးဆပ်ရမည့်ကာလ ကုန်ဆုံးခါနီးတွင် ချေးငွေအဆင့်သတ်မှတ်ချက် အခြေအနေကောင်းသော ဖောက်သည်များသည် စမတ်ဖုန်း၊ ထမင်းပေါင်းအိုးနှင့် ရေစုပ်ပန့်တို့ကဲ့သို့ ပိုမိုအဆင့်မြင့်သော ကုန်ပစ္စည်းများကို ဝယ်ယူရန်အခွင့်အလမ်းများကို ရနိုင်သည်။
မြန်မာနိုင်ငံကဲ့သို့ ခေတ်မီတိုးတက်မှုနည်းသော ဒစ်ဂျစ်တယ် ငွေကြေးဈေးကွက်များတွင် မိုဘိုင်းကွန်ရက်ရှိ ငွေစာရင်းအရသတ်မှတ်သော ချေးငွေအဆင့်သတ်မှတ်ချက်ကို ဖောက်သည်၏ ချေးငွေဆိုင်ရာ ယုံကြည်နိုင်မှုအဆင့် သတ်မှတ်ရာ၌ နည်းလမ်းတစ်ခုအဖြစ် အသုံးပြုသည်။ ဥပမာ နိုင်ဂျီးရီးယားနိုင်ငံတွင် လူမို့စ် Lumos ကုမ္ပဏီသည် လျှပ်စစ်စွမ်းအင် ဝန်ဆောင်မှုများအတွက် အခကြေးငွေများ ကောက်ခံရာ၌ မိုဘိုင်းတယ်လီဖုန်းကွန်ရက် အသုံးပြုသူများ၏ ဖုန်းခေါ်ဆိုမှုပေးသွင်းငွေ MTN customer airtime credit ကို အသုံးပြုသည်။
ကြိုတင်ငွေသွင်း သုံးသလောက်ပေးစနစ်သုံး နေစွမ်းအင်ပုံစံများ၏ ဖွံ့ဖြိုးမှုအလားအလာသည် ယင်းစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးသော ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်း နည်းပညာများနှင့် အပြန်အလှန် မှီခိုလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ယင်းနည်းပညာ နှစ်ခုစလုံးမှာ စတင်ခါစမျှသာ ရှိသေးသော်လည်း ဘဏ္ဍာရေးကဏ္ဍအတွက် ကြီးမားသောအလားအလာများ ရှိနေပြီး ဘဏ္ဍာရေးလုပ်ငန်း ဆောင်ရွက်နေသူများသည် ပြည်သူ့ဘဝ တိုးတက်ကောင်းမွန်စေရန် နည်းပညာတိုးတက်လာအောင် ဆောင်ရွက်ပေးကြသူများ ဖြစ်လာကြလိမ့်မည်ဟု ကျွနု်ပ်တို့ ယုံကြည်ပေသည်။
ဉာဏ်တင် ဘာသာပြန်သည်။