မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာ-မွတ်ဆလင်များ

အစ္စလာမ်ဘာသာဝင်တို့၏ ရှည်ကြာ၊ ရှုတ်ထွေးလှသော ဆက်ဆံရေးသမိုင်းနှင့် ထိုသမိုင်းက ထားရစ်သောအမွေအနှစ်များကို လေ့လာရန် Frontier ၏ အကြီးတန်းသတင်းထောက် မြတ်ကျော်သူသည် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ခရီးထွက်ခဲ့ပြီး အစ္စလာမ်ဘာသာ၏ ရှေးရိုးစွဲဖြစ်တည်မှုမှ ကင်းလွတ်နေကြသည့် မြန်မာမွတ်စလင်များကို တွေ့ဆုံခဲ့သည်။

မြတ်ကျော်သူ ရေးသားသည်။

ဓာတ်ပုံများ- တေဇလှိုင်

မန္တလေး၊ တောင်မြို့ (ခေါ်) အမရပူရ နန်းမြို့တော်ဟောင်းမှာရှိတဲ့ ဗလီတလုံးနား ကျွန်တော် ချည်းကပ်သွားတော့ အဆင်အကွက်တွေတောင် မပေါ်တော့တဲ့ ချည်လုံချည်နွမ်းနွမ်းနဲ့ ရိုးရိုးရှပ်အင်္ကျီဝတ်ထားတဲ့ အဖိုးအိုတယောက်က ကွမ်းချိုးတွေနဲ့ နီနေတဲ့ သူ့သွားတွေပေါ်အောင်ပြုံးပြပြီး ကျွန်တော့်ကို နှုတ်ဆက်ပါတယ်။

သူ့နာမည် ဦးညီလှလို့ခေါ်ကြောင်း၊ အသက် ၇၁ နှစ် ရှိပြီဖြစ်ကြောင်း မိတ်ဆက်ပြီး သူ့ရဲ့ ဘာသာရေးနာမည်ကိုတောင် အတော်ကြာအောင်စဉ်းစားပြီးမှ “အင်း… အဗ္ဗဒူ …ဗျ” လို့ ခပ်ပြုံးပြုံးနဲ့ ဆိုပါတယ်။ မုတ်ဆိတ်မထားတဲ့ ဦးညီလှဟာ ဒီ ‘ကုလားပျို’ ဗလီရှေ့မှာ ရှေ့ဆောင်ဝတ်ပြုသူ ‘အီမန်’ တစ်ယောက်အဖြစ် ဆောင်ရွက်လာခဲ့တာ ၁၂ နှစ်တောင် ရှိခဲ့ပါပြီ။ ဒီဗလီရဲ့ သက်တမ်းကတော့ အနှစ် ၂၀၀ ကျော်ခဲ့ပြီ။ ကုန်းဘောင်မင်းဆက် ဘုရင် ‘ဘိုးတော်ဘုရား’ က ၁၇၈၃ ခုနှစ်မှာ အမရပူရမြို့သစ်ကို တည်ထောင်ပြီး မကြာမီမှာပဲ ဒီဗလီကို တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

ဗိုလ်မှူးဘရှင်ရေးတဲ့ “မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာ ရောက်ရှိလာခြင်း” စာအုပ်ကို မြန်မာ့သမိုင်းကော်မရှင်က ၁၉၆၃ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ “ဘိုးတော်ဘုရားဟာ မွတ်ဆလင် သစ္စာတော်ခံတွေကို ဘုရင့်အမိန့်နဲ့ တရားဝင် အသိအမှတ်ပြုခဲ့တဲ့ ပထမဆုံး မြန်မာဘုရင်ဖြစ်တယ်” လို့ ရေးသားထားပါတယ်။

ဘုရင့်တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ မွတ်စလင်လူငယ်စစ်သားတွေအတွက် ဘိုးတော်ဘုရား အမိန့်နဲ့ ဆောက်လုပ်ခဲ့တဲ့ ဗလီ ၄၀ လောက်ထဲမှာ မန္တလေး-အမရပူရလမ်းပေါ်က ‘ကုလားပျို’ ဗလီဟာလည်း တစ်ခုအပါအဝင်ပါပဲ။

သတင်းထောက်တစ်ယောက်အနေနဲ့ လုပ်ကိုင်ရင်း မြန်မာနိုင်ငံတစ်ဝန်းက ဗလီမြောက်မြားစွာထဲကို ဝင်ရောက် လေ့လာခဲ့ဖူးပါတယ်။ ဒီလိုလေ့လာတဲ့နေရာမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူ တစ်ယောက်အနေနဲ့ မရည်ရွယ်ဘဲ အမှားမလုပ်မိအောင် အမြဲပဲ သတိထားခဲ့လေ့ရှိပါတယ်။

ဒါပေမဲ့ ဒီကုလားပျို ဗလီထဲ ဝင်သွားချိန်မှာတော့ ချက်ချင်းပဲ လွတ်လပ်ပေါ့ပါးသလို ခံစားမိလိုက်ပါတယ်။ ပတ်ဝန်းကျင်ဟာ ရင်းနှီးကျွမ်းဝင်မှု ရှိနေသလိုပါပဲ။ ဗလီတစ်ခုပါလားဆိုတဲ့ အသွင်လက္ခဏာ မတွေ့ရဘဲ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း တစ်ခုလို့တောင် ထင်မှတ်မှားစရာ ဖြစ်နေပါတယ်။

အစ္စလာမ်ဘာသာ၏ ခြေရာ

မြန်မာမွတ်စလင်တို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အကြောင်း လေ့လာစူးစမ်းဖို့ ကျွန်တော် မန္တလေးကို ခရီးထွက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ မွတ်စလင်တွေဟာ ရှေးရိုးစွဲ အမျိုးသားရေးဝါဒီတွေရဲ့ရန်ကို ကြောက်ရွံ့ထိတ်လန့်နေရတဲ့ အန္တရာယ်ကြားမှာ အမြဲတမ်း အထိတ်ထိတ် အလန့်လန့်နဲ့ နေကြရတဲ့ လူနည်းစုတွေလို့ နိုင်ငံတကာမီဒီယာမှာ ရေးသား ဖော်ပြနေကြတာတွေဟာ ဒီနေရာမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပါတော့တယ်။ အညာမှာ တကယ်တွေ့လိုက်ရတာကတော့ ပေါင်းစည်းညီညွတ်ပြီး သက်ဝင်လှုပ်ရှားနေတဲ့၊ အေးချမ်းတဲ့ လူ့အဖွဲ့အစည်းကိုသာ တွေ့ရပါတယ်။ အမရပူရဟာ ကျွန်တော်ရဲ့ ခရီးကိုစတင်ဖို့ အလွန်သဘာဝကျတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ‘ကုလားပျို’ ဗလီလိုပဲ မွတ်ဆလင်တွေ ဘုရားဝတ်ပြုတဲ့ အခြားနေရာတွေဟာလည်း ဘိုးတော်ဘုရားရဲ့ အမိန့်နဲ့ တည်ဆောက်ခဲ့တာပါ။ ဒီထဲမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ‘အိုးတော်’ ဗလီလည်း ပါဝင်ပါတယ်။ ပြူတင်းပေါက်တွေ၊ မုခ်ဦးတွေ ဝတ်ပြုရာနေရာတွေကို မြန်မာ့အနုပညာ ပန်းကနုတ်လက်ရာတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဒီထဲမှာ ‘ကိုယ်ရံတော်’ ဗလီလည်း အပါအဝင်ဖြစ်ပါတယ်။

အမရပူရက ဘုရားကျောင်းတစ်ခုကတော့ Abid Shah Hussaini ကို ဂုဏ်ပြုတည်ဆောက်ခဲ့တဲ့ ဝတ်ပြုရာနေရာတခုပါ။ ဒီပုဂ္ဂိုလ်ဟာ အာဖဂန်နစ္စတန်က လာတယ်လို့ ယူဆထားကြပြီး အဲဒီခေတ်၊ အဲဒီအခါက မွတ်စလင်လူ့အဖွဲ့အစည်းထဲ အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ရင် စီရင်ဆုံးဖြတ်ပေးဖို့ ဘိုးတော်ဘုရားက ခန့်ထားတဲ့ ပညာတတ်မွတ်စလင် တစ်ယောက် ဖြစ်ပါတယ်။

Hussaini ရဲ့ ဗလီဝန်းထဲမှာ ဦးပိန်ကို ဂုဏ်ပြုဆောက်လုပ်ထားတဲ့ သင်္ချိုင်းဂူတစ်လုံး ရှိပါတယ်။ ဦးပိန်ဆိုတာကတော့ ဒေသခံ မွတ်စလင်တစ်ဦးဖြစ်ပြီး ၁၈၅၁ ခုနှစ်မှာ တောင်သမန်အင်းကို ဖြတ်ကာ နာမည်ကျော် ကျွန်းတံတားကြီးကို တည်ဆောက်ခဲ့သူပါပဲ။ နဝမမြောက် ကုန်းဘောင်မင်းဆက် ပုဂံမင်း (၁၈၄၆-၁၈၅၂) လက်ထက်မှာ ဦးပိန်နဲ့ အခြားမွတ်ဆလင်တစ်ဦးဖြစ်တဲ့ အမရပူရမြို့တော်ဝန် ‘ဘိုင်ဆပ်’ တို့ ကွက်မျက်ခံခဲ့ရပါတယ်။

 ဓာတ်ပုံ-တေဇလှိုင်

ဓာတ်ပုံ-တေဇလှိုင်

အမရပူရရဲ့  ဒီလိုအမွေအနှစ်တွေကို လစ်လျူရှုခဲ့တဲ့အကြောင်းကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် တံတားနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ ဦးပိန်အထိမ်းအမှတ်နေရာနဲ့ ဒီပတ်ဝန်းကျင်ကို ပြန်ပြုပြင်ဖို့ ၂၀၀၇ ခုနှစ်မှာ မွတ်စလင်တွေရဲ့ ကြိုးပမ်းမှုကို အစိုးရက တားမြစ်ခဲ့ပါတယ်။

မင်းတုန်းမင်းကြီးက နေပြည်တော်ကို မန္တလေးပြောင်းရွှေ့သွားတော့ အများစုက မန္တလေးကိုပါ လိုက်ပါသွားကြပါတယ်၊ အဲဒီဒေသအတွင်းမှာ ဒီ ‘ကုလားပျို’ ဗလီတစ်ခုတည်းရှိတော့ သောကြာနေ့ ဗလီဝတ်ပြုပွဲတွေမှာ မွတ်စလင် ၅၀ လောက်လာပြီး ဝတ်ပြုလေ့ရှိတယ်လို့ ဦးညီလှက ပြောပြပါတယ်။ ကျန်တဲ့ဗလီတချို့ကတော့ နှစ်ပေါင်းများစွာ မပြုမပြင်ဘဲထားလို့ ပြိုကျပျက်စီးနေပြီး အသုံးပြုလို့ မရတော့ပါဘူး။ ကျွန်တော်တို့လည်း ဗလီပတ်ပတ်လည်ကို လျှောက်ကြည့်ခဲ့ကြပါတယ်။ ဦးညီလှက အဝေးကိုလှမ်းမျှော်ကြည့်ရင်း “မင်းတုန်းဘုရင် မန္တလေးကိုပြောင်းရွှေ့သွားတော့ ဒီနေရာတဝိုက်မှာ မွတ်ဆလင်အိမ်တွေ အများကြီးရှိခဲ့တာပေါ့။ နောက်တော့ အကြောင်းအမျိုးမျိုးကြောင့် မွတ်ဆလင်တွေ အခြားနေရာတွေကို ပြောင်းရွှေ့သွားကြတယ်။ အရာရာဟာ ပြောင်းလဲခဲ့ပြီ။ အားလုံးဟာ ပြောင်းလဲခဲ့ပါပြီ” လို့ အတိတ်ကို ပြန်လည်မြင်ယောင်လာပုံနဲ့ ဆိုပါတယ်။

အသိုက်အဝန်းချင်း ပေါင်းစည်းရေးနှင့် တင်းမာမှုများ

မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း မျိုးဆက်ပေါင်းများစွာ ပေါင်းစည်းနေထိုင်လာခဲ့တဲ့ မွတ်စလင်တွေထဲမှာ ဦးညီလှကတော့ စံပြမွတ်စလင်တစ်ဦးလို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၀,၂၇၉,၉၀၀ ထဲမှာ မွတ်ဆလင် ၁,၁၄၇,၄၉၅ ဦးရှိတယ်ဆိုတော့ ၂ ဒသမ ၃ ရာနှုန်းရှိနေတာပါ။ ဒီထဲမှာ ရခိုင်ဒေသက မွတ်ဆလင် ၁,၀၉၀,၀၀၀ ကို ထည့်သွင်း တွက်ချက်မထားပါဘူး။ သူတို့ကို ‘ဘင်္ဂါလီ’ တွေလို့ သတ်မှတ်တာကို လက်မခံကြလို့ပါ။ သူတို့ကိုပါ ထည့်တွက်ရင် မွတ်ဆလင်ဦးရေဟာ ၄ ဒသမ ၃ ရာနှုန်းဖြစ်သွားမှာမို့ ၁၉၈၃ က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းပါ ၃ ဒသမ ၉ ရာနှုန်းထက်တောင် နည်းနည်းပိုသွားပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ တရားဝင်အသိအမှတ်ပြု တိုင်းရင်းသား ၁၃၅ မျိုး ရှိရာ ‘ကမန်’ လို့ခေါ်တဲ့ ရခိုင်တိုင်းရင်း သားတစ်မျိုးသာ အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ လူဦးရေက တစ်နိုင်ငံလုံးမှာ ၄၅,၀၀၀ လောက်ပဲရှိတယ်လို့ ယူဆရပါတယ်။

ကျန်တာတွေကတော့ နာမည်အမျိုးမျိုး ခံယူထားကြတယ်။ လူသိအများဆုံးကတော့ ‘ရိုဟင်ဂျာ’ လို့ ဆိုတဲ့ လူတွေပါပဲ။ မြန်မာအစိုးရက သူတို့ကို ‘ဘင်္ဂါလီ’ တွေလို့ လက်ခံထားပါတယ်။ ဒါပေမဲ့ တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသ နေရာအမျိုးမျိုးက လာတဲ့လူတွေလဲ ရှိနေပါသေးတယ်။ တရုတ်ပြည်တောင်ပိုင်းက အစပြုလာတဲ့ ‘ပန်းသေး’  ဆိုတဲ့ လူတွေက ထူးခြားပါတယ်။ အိန္ဒိယတောင်ပိုင်း၊ တမီနာဒူးပြည်နယ်က တမီလ်ဘာသာစကားပြော Cholia (ကျူလီယာ) တွေလဲ ရှိပါသေးတယ်။ ကျန်တဲ့သူတွေကတော့ သူတို့ကိုယ်သူတို့ မြန်မာတွေ၊ ဗမာမွတ်ဆလင်တွေလို့ပဲ ခံယူထားကြပါတယ်။ သန်းခေါင်စာရင်းအရ ရန်ကုန်၊ မန္တလေးတိုင်းနှစ်ခုနှင့် မွန်ပြည်နယ်တို့မှာ မွတ်ဆလင် လူဦးရေ အများဆုံးလို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ မွတ်ဆလင် ၃၄၅,၆၁၂ ဦး (လူဦးရေ၏ ၄ ဒသမ ၇ ရာခိုင်နှုန်း)၊ မန္တလေးတိုင်းမှာ မွတ်ဆလင် ၁၈၇,၇၈၅ (လူဦးရေ၏ ၃ ရာခိုင်နှုန်း) နဲ့ မွန်ပြည်နယ်မှာ မွတ်ဆလင် ၁၁၉,၀၈၆ (လူဦးရေ၏ ၅ ဒသမ ၈ ရာခိုင်နှုန်း) အသီးသီး ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အဖွဲ့အစည်းအချင်းချင်းကြား ဆက်ဆံရေးဟာ ၂၀၁၂ ခုနှစ်လောက်က စပြီး တင်းမာလာနေခဲ့တယ်။ အဲဒီနှစ်က ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုက စလိုက်တာ ၂၀၁၃ ခုနှစ် မိတ္ထီလာ ပဋိပက္ခ အထိပါပဲ။ လူလေးငါးဆယ် သေဆုံးခဲ့ရာမှာ မွတ်ဆလင် ဘော်ဒါကျောင်းတစ်ခုက ကျောင်းသား ၃၀ လောက် ပါဝင်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ အမျိုးသားရေး စိတ်ဓာတ်တွေ မြင့်တက်လာခဲ့တဲ့အတွက် အရင်က အတူတကွ သဟဇာတနေခဲ့ကြတဲ့ မိတ်ဆွေ သူငယ်ချင်း၊ အိမ်နီးချင်းနဲ့ အသိုက်အဝန်းတွေအကြား ခင်မင်မှုတွေ ပျက်ပြားကုန်ခဲ့ပါတယ်။

တောင်ဘလူဗလီတွင်း၌ ဝတ်ပြုနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်

တောင်ဘလူဗလီတွင်း၌ ဝတ်ပြုနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်

ရန်ကုန်နဲ့ မြန်မာပြည်အလယ်ပိုင်းက မိတ္ထီလာလိုမြို့တွေက မွတ်ဆလင်ဈေးဆိုင်မှာ ဗမာတွေ မဝယ်ကြတော့သလို အပြန်အလှန်အနေနဲ့ ဗမာဆိုင်တွေမှာ မွတ်ဆလင်တွေ ဈေးဝယ်တာလည်း အတော်တွေ့ရခဲလာပါတယ်။ မန္တလေးနဲ့ ပတ်ဝန်းကျင်နေရာတွေကတော့ ချွင်းချက်ပါပဲ။ အဲဒီမှာတော့ အသိုက်အဝန်းနှစ်ခုအကြား ဆက်ဆံရေးဟာ နွေးထွေးနေဆဲဖြစ်ပြီး သမိုင်းကြောင်းတလျှောက် ရန်ကုန်မှာ ဖြစ်တဲ့အကြမ်းဖက်မှုတွေ၊ ဥပမာ- ၁၉၃၀ ပြည့်နှစ်က ဗမာသင်္ဘောကျင်းလုပ်သားတွေနဲ့ အိန္ဒိယအလုပ်သမားတွေအကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေမျိုး မန္တလေးမှာ မဖြစ်ခဲ့ပါဘူး။

မန္တလေးမှာ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားရာမှာ လူ နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူထုက တင်းမာမှုတွေ အေးငြိမ်းဖို့ ဝိုင်းဝန်းပြီး ကြိုးပမ်း လှုပ်ရှားခဲ့ကြတယ်။ ဒါက လူ့အသိုက်အဝန်းအတွင်း အကြမ်းဖက် ပဋိပက္ခတွေဖြစ်လာအောင် ဦးဝီရသူက လူမှုမီဒီယာမှာ စေတနာဆိုးနဲ့ လုပ်ကြံတင်လိုက်တဲ့ ဖေ့စ်ဘွတ်ပေါ်ကစာကြောင့် ဖြစ်ရတယ်ဆိုတာကို ရှင်းပြခဲ့ကြတယ်။ ဒီကိစ္စမှာ မွတ်စလင်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာအမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲထားပါတယ်။ နောက်တော့လည်း ဒီစွတ်စွဲချက် မဟုတ်မှန်ကြောင်း သိလာခဲ့ကြရပါတယ်။

“မန္တလေးမှာဆိုပြီး ရေးပြထားတဲ့အကြောင်းအရာတွေဟာ အရင်ကြမ်းဖက်မှု ဖြစ်စဉ်တွေအတိုင်း တစ်ပုံစံတည်းပါပဲ။ ဒါပေမဲ့ အရေးကြီးဆုံးနဲ့ အမှန်ကို ထုတ်ပြလိုက်တဲ့ ခြားနာမှုကတော့ ဒေသခံလူထုဟာ ဆူပူလှုပ်ရှားလိုသူတွေနောက်ကို မလိုက်ကြတော့တာပါပဲ” လို့ အမေရိကန်အခြေစိုက် Justice Trust ရဲ့ ဇူလိုင် ၁-၂ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ၂၀၁၅ မတ်လ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဆူပူလှုပ်ရှားသူတွေဟာ သန်းခေါင်ကျော်အချိန်မှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းကို ဝင်ပြီး သူတို့ ဆူပူလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ သံဃာတွေကို သွေးဆောင်စည်းရုံးဖို့ကြိုးစားတော့ ကျောင်းထိုင်ဆရာတော်ကြီးတွေက လက်မခံပဲ မောင်းထုတ်လိုက်ကြောင်း အစီရင်ခံစာက ဒီလိုရေးထားပါတယ်။

“အဲ့ဒီအချိန်မှာ ဘာသာပေါင်းစုံ မဟာမိတ်အဖွဲ့က တက်ကြွလှုပ်ရှားသူတွေဟာ မန္တလေးငြိမ်းချမ်းရေး ကော်မတီကို ခေါ်ယူလိုက်တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂက ရဟန်းတွေချက်ချင်းထွက်လာပြီး သူတို့အဆက်အသွယ် ကွန်ယက်တွေကို အကြောင်းကြားလိုက်တာ လမ်းမပေါ် ချက်ချင်းရောက်လာလို့ အပျက်အစီးတွေသိပ်မရှိဘဲ ထိမ်းသိမ်းလိုက်နိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ သမ္မတဦးသိန်းစိန် ရေဒီယိုက မိန့်ခွန်းပြောရာမှာ “အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် သွေးထိုး လှုံ့ဆော်နေသူတွေကို မန္တလေးမြို့ခံလူထုက မပျံ့ပွားအောင် တားဆီးနိုင်ခဲ့တဲ့အတွက် ချီးကျူး ကျေးဇူးတင်ပါကြောင်း၊ မန္တလေးမြို့ဟာ ဘာသာစုံလူမျိုးတွေ နှစ် ဆယ်စုနှစ်ပေါင်းများစွာ အေးချမ်းစွာ အတူအကွ နေထိုင်လာခဲ့ကြတဲ့ စံပြလူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း” ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ “မန္တလေးသားကွ” ဆိုတဲ့ စိတ်ထားနဲ့ ညီညွတ်မှုကို ပြသခဲ့ကြောင်း၊ ဒီအကြမ်းဖက်မှုကြောင့် လူ့အသိုင်းအဝန်းတွေကြားမှာ အပြန်အလှန် ယုံကြည်မှုတွေ တိုးပွားလာပြီး ညီညွတ်မှုကို ပြသနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဇူလိုင်လကဖြစ်စဉ်မှာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ စည်းရုံးဆော်သြသူတစ်ယောက်ကတော့ ကိုသန်းဆွေ ဖြစ်ပါတယ်။ သူဟာ အဲဒီမြို့ကြီးမှာ မွေးခဲ့တဲ့ မွတ်စလင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ပါ။ သူဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ တခြားဘာသာရေးနဲ့ လူ့အသိုင်းအဝိုင်းခေါင်းဆောင်တွေနဲ့ အတူလက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။

“မန္တလေးမှာ ဘာသာပေါင်းစုံနေထိုင်ပြီး အတူယှဉ်တွဲ အလုပ်လုပ်နေတယ်ဆိုတဲ့အချက်က ဒီလိုမျိုးလုပ်ရကိုင်ရတာ ပိုပြီး လွယ်ကူပါတယ်” လိ့ သူကပြောပါတယ်။ “ရန်ကုန်နဲ့တော့ မတူဘူး။ မန္တလေးမှာက ဘာသာတူ လူ့အသိုင်းအဝိုင်း တစ်ခုတည်းက လုံးဝလွှမ်းမိုးထားတဲ့ ရပ်ကွက်၊ မြို့နယ်ရယ်လို့ ထင်ထင်ပေါ်ပေါ် မရှိဘူး” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့က (ဗုဒ္ဓဘာသာ) ဘုန်းကြီးကျောင်းတွေမှာ အနေများရင်း ကြီးလာတာပဲ။ ဘုန်းကြီးကျောင်းတွေမှာ ဆော့ရင်း ဒီကိစ္စတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိတောတာပေါ့။ မန္တလေးက တခြားမွတ်စလင်တော်တော်များများလည်း ဒီအတိုင်းပါပဲ” လို့ သူကပြောပါတယ်။ မန္တလေးရဲ့ သဘောထားကြီးပြီး သည်းခံတာနဲ့ သဟဇာတဖြစ်တဲ့သမိုင်းဟာ ကျယ်ပြန့်တဲ့ ကုန်းဘောင်မင်းတွေရဲ့ အမွေတစ်ခု ဖြစ်နိုင်ပါတယ်။

သောကြာနေ့ ဝတ်ပြုဆုတောင်းရန် ပြင်ဆင်နေသူတစ်ဦးကို တောင်ဘလူဗလီအတွင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

သောကြာနေ့ ဝတ်ပြုဆုတောင်းရန် ပြင်ဆင်နေသူတစ်ဦးကို တောင်ဘလူဗလီအတွင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

မြန်မာမင်းတို့ရဲ့ နောက်ဆုံးမင်းနေပြည်အဖြစ် ၁၈၅၇ ခုနှစ်မှာ မန္တလေးကို တည်ထောင်ခဲ့တဲ့ လူကြိုက်များပြီး ခေတ်မီရေး ဆောင်ရွက်ခဲ့တဲ့ မင်းတုံးမင်းဟာ နန်းတွင်းမှာ ဗလီတစ်လုံး ဆောက်ခွင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဟာ့ဂျ်လုပ်မယ့် မွတ်စလင်တွေအတွက် မက္ကာမှာ ဇရပ်တစ်ဆောင်ဆောက်လုပ်ဖို့ ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ မန္တလေးမှာရှိတဲ့ ဗလီတွေ၊ တရုတ်နဲ့ ဟိန္ဒူတွေရဲ့ ဘုရားကျောင်းအများအပြားဟာ မင်းတုံးမင်းနန်းစံခဲ့တဲ့ ၁၈၅၃ ကနေ ၁၈၇၈ ခုနှစ်တွေအတွင်း ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ 

ဗလီတွေထဲမှာ ၂၇ လမ်းက ဦးဘိုတည်ဆောက်ခဲ့တဲ့ ဂျွန်ဗလီပါဝင်ပြီး သူဟာ ပုဂံမင်းကို ဖြုတ်ချနိုင်ခဲ့တဲ့ မင်းတုံးမင်းနဲ့ သူ့ရဲ့ညီဖြစ်သူ ကနောင်မင်းတို့ ဦးဆောင်ပုန်ကန်မှုကို ကူညီခဲ့တဲ့မွတ်စလင်နှစ်ဦးအနက် တစ်ဦးဖြစ်ပါတယ်။ တခြား မွတ်စလင်တစ်ဦးဖြစ်တဲ့ ဦးယွက်ကတော့ မင်းတုံးမင်းရဲ့နန်းတွင်းမှာ စားတော်ကဲကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဦးလှဝင်းဟာ ဘုရင့်အမှုတော်ထမ်းရွက်ခဲ့တဲ့ ကုလားပျိုစစ်သားတွေဆီကနေ ဆင်းသက်လာခဲ့တာပါ။ အမေဘက်က သူရဲ့ဘေးဟာ အမြောက်တပ်က ဗိုလ်မှူးတစ်ဦးပါ။ ဦးလှဝင်းဟာ အာဏာရှင် ဦးနေဝင်းရဲ့ ခေတ်ကာလအတွင်း အချိန်ပိုင်း မြို့နယ်တရားသူကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့မှာ မွတ်စလင်နာမည်မရှိဘဲ သက်သတ်လွတ်စားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ယုံကြည်မှုနဲ့ ပတ်သက်ပြီး အစွန်းလွတ်သူလည်း ဖြစ်ပါတယ်။

“ကျွန်တော် အလ္လာရှင်နဲ့ တမန်တော်မိုဟာမက်ကို ယုံကြည်ပါတယ်။ ကိုရမ်ကျမ်းရဲ့ အဆုံးအမကိုလည်း လိုက်နာတယ်။ ဒါပေမဲ့ ဒီကနေ့ မွတ်စလင်တချို့ လုပ်နေတာကိုတော့ သိပ်မကြိုက်ဘူး” လို့ သူက ကျွန်တော့ကို ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်တွေလိုပဲ မွတ်စလင်တွေကြားမှာလည်း ယုံကြည်မှုနဲ့ပတ်သက်လို့ ကျယ်ပြန့်တဲ့ ကွဲလွဲချက်တွေရှိပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ လွှမ်းမိုးလျက်ရှိပြီး မဟာယန ဗုဒ္ဓဘာသာကတော့ အာရှတိုက်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကို လွှမ်းမိုးလျက်ရှိပါတယ်။ Vajrayana ဗုဒ္ဓဘာသာကတော့ တိဘက်မှာ လွှမ်းမိုးလျက်ရှိပါတယ်။

လူပုဂ္ဂိုလ်၊ သို့မဟုတ် သက်ရှိတို့ရဲ့ ရုပ်ပုံ ဆင်းတုတွေကို ရှိခိုးတာကို ကိုရမ်ကျမ်းစာမှာ တားမြစ်ထားပေမယ့် မြန်မာနဲ့ ကမ္ဘာတစ်ဝန်းက သိပ်မပြင်းထန်တဲ့ မွတ်စလင်တွေကတော့ သူတို့ရဲ့ သူတော်စင်ဂူဗိမာန်မှာ ဆုတောင်းဖို့ စုပြုံ တိုးနေကြပါတယ်။ အမရပူရမှာရှိတဲ့ Abid Shah Husaini ဂူဗိမာန်နဲ့ စဉ့်ကိုင်မြို့နယ် တစ်ဘက်ဆွဲက ဒါဒကာ လူရှား Lushah ဂူဗိမာန်တွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းက ဘာသာရေးကိုင်းရှိင်းကြတဲ့ မွတ်စလင်တွေအတွက် လူကြိုက်များတဲ့ ဘုရားဖူးနေရာတွေပါ။

“ဒီကို လူတွေအများကြီးပဲ ဆုတောင်းဖို့ လာကြတာ။ ဗုဒ္ဓဘာသာတွေနဲ့ ခရစ်ယာန်တွေတောင်ပါတယ်။ ကျွန်တော်တို့အရှင်က တန်ခိုးကြီးလို့ပေါ့” လို့ အသက် ၅၁ နှစ်အရွယ် Lushah ဗိမာန် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက ပြောပါတယ်။ သူ့ရဲ့ အစ္စလာမ်နာမည်က မိုဟာမက် အဘီရှား ဖြစ်ပါတယ်။

မတ်လက ကျွန်တော်သွားလည်တော့ သုံးဧကလောက်ကျယ်တဲ့ ဗိမာန်ရဲ့ အရိပ်ရှိနေရာမှာ ဗုဒ္ဓဘာသာကလေးတွေ ကစားနေတာ တွေ့ခဲ့ရပါတယ်။ ဗိမာန်ရဲ့ရှေ့မှာ အမျိုးသမီးတစ်ဦး ဆုတောင်းနေတာလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မျက်နှာနဲ့ ဆံပင်တွေကို ဘာတစ်ခုမှ ဖုံးအုပ်ထားတာ မတွေ့ရတော့ ကျွန်တော် အံ့အားသင့်သွား မိပါသေးတယ်။

Lushah ဗိမာန်၌ ဆုတောင်းနေသည့် အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-တေဇလှိုှုင်

Lushah ဗိမာန်၌ ဆုတောင်းနေသည့် အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-တေဇလှိုှုင်

ဂေါပကဦးအေးကိုက အဲဒီဗိမာန်နဲ့ ပတ်သက်လို့ မူလဇစ်မြစ်တွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေကိုတော့ မသိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ၁၉ ရာစုအစောပိုင်း၊ ဒါမှမဟုတ် အလယ်ပိုင်းလောက်မှာ ဗဟိုအာရှကလာတဲ့ Lushah လို့ခေါ်တဲ့ မွတ်စလင်သာသနာပြု ဆရာတော်တပါးရဲ့ ဂူဗိမာန်ဖြစ်ကြောင်း သူကပြောပါတယ်။ အဲဒီဗိမာန်မှာ လာပြီး ဝတ်ပြုဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ လာရောက်သူတွေက ယုံကြည်ကြပါတယ်။

ဦးအေးကိုနဲ့ တဘက်ဆွဲက ဗမာမွတ်စလင်လူကြီးတွေဟာ ဗမာလိုပဲ ဝတ်ဆင်ကြပါတယ်။ သူတို့ဟာ ဘယ်တော့မှ နုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးမထားကြသလို တောင်အာရှမှာ မွတ်စလင်အမျိုးသားတွေ အစဉ်အလာအရ ဝတ်ဆင်ရတဲ့ kurta လို့ခေါ်တဲ့ ကော်လာမပါတဲ့ အကျီအရှည်တွေလည်း မဝတ်ကြပါဘူး။

မြန်မာနိုင်ငံအလယ်ပိုင်းကို သွားတဲ့ ကျွန်တော့ခရီးစဉ်တွေမှာ ဒီဗိမာန်က မုဒ်ဦးဟာ အကြီးဆုံးပါပဲ။ ဗိမာန်ရဲ့ ဝင်ပေါက်ဟာ မြန်မာပုံစံ ပန်းပုပညာနဲ့ ခြယ်မှုန်းထားပြန်ပါတယ်။

တဘက်ဆွဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်အိမ်ထောင်စု ၁,၀၀၀ လောက်ရှိပြီး လူ့အသိုင်းအဝိုင်းနှစ်ခုဟာ သဟဇာတရှိရှိ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်။ တစ်ညနေ၊ အစောပိုင်း အဲဒီရွာကို ကျွန်တော်ရောက်သွားတော့ ဗလီက ဆုတောင်းဖို့ဆော်သြသံနဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုက ဘုန်းကြီးတစ်ပါးရဲ့ တရားဒေသနာ ဟောကြားသံတို့ကို တချိန်တည်းမှာ ကြားနေရပါတယ်။

“ဒီမှာ ဘာသာရေးက ဘာသာရေးပဲ။ ဗုဒ္ဓဘာသာကလေးတွေက ဗလီထဲက ကွင်းမှာ ကစားကြတယ်။ မွတ်စလင်တွေလည်း ဗုဒ္ဓဘာသာတွေရဲ့ ပွဲရှိတဲ့အခါ လှူစရာရှိတာလှူဖို့ ဘုန်းကြီးကျောင်းကို သွားကြတယ်။ တနေရာရာမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရင်တောင်မှ ကျွန်တော်တို့ရွာကိုတော့ လာပြီး မထိခိုက်ပါဘူး။ ကျွန်တော်တို့လည်း ဘာမှ မဖြစ်ပါဘူး” လို့ ဦးအေးကိုက ဆိုပါတယ်။

“ကျွန်တော်တို့က ဗမာမွတ်စလင်”

ချွင်းချက်အနည်းငယ်ရှိပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းက ဗမာမွတ်စလင်တွေဟာ သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်စွမ်း ရှိနေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ ဗမာ့ယဉ်ကျေးမှုကို လက်ခံယုံကြည်ကြလို့ပါ။

ဒါပေမဲ့ လူကြီးသူမတွေကတော့ အိန္ဒိယတိုက်ငယ်နဲ့ အရှေ့အလယ်ပိုင်းက ပိုပြီးရှေးရိုးစွဲဆန်တဲ့ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးမှုကိုတော့ စိုးရိမ်နေကြပါတယ်။ ရလဒ်ကတော့ ရှေးရိုးစွဲအစ္စလာမ်ကို လက်ခံယုံကြည်မှု တိုးပွားလာခြင်းဖြစ်ပြီး ဒါဟာ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ မြင့်မားလာခြင်းနဲ့အတူ မကြာသေးခင်က လူ့အသိုင်းအဝိုင်းကြား ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ လူကြီးသူမတွေက သံသယဖြစ်ကြပါတယ်။

ဦးအောင်အောင်သန်း။ ဓာတ်ပုံ-တေဇလှိုင်

ဦးအောင်အောင်သန်း။ ဓာတ်ပုံ-တေဇလှိုင်

“ရန်ကုန်နဲ့ မွတ်စလင်တွေအများကြီးနေတဲ့ တချို့မြို့နယ်တွေမှာတော့ တော်တော် ပြောင်းလဲနေပြီ” လို့ မွတ်စလင် စာရေးဆရာတဦးလည်းဖြစ်၊ ကျူရှင်ဆရာလည်းဖြစ်တဲ့ (ဦး) အောင်အောင်သန်းက ပြောပါတယ်။ “ခွဲပြောရရင် ဒီဖက် အလယ်ပိုင်းက မွတ်စလင်တွေကတော့ ခုချိန်ထိ အေးအေးဆေးဆေးပါပဲ” မန္တလေးမြို့ခံတစ်ဦးလည်းဖြစ်တဲ့ သူက ဆိုပါတယ်။

“ကျွန်တော်တို့အထက်မြန်မာနိုင်ငံက မွတ်စလင်တွေက ဗမာမွတ်စလင်တွေပါ။ ကျွန်တော်တို့ ဗမာ့ယဉ်ကျေးမှုကို ချစ်တယ်။ နောက်ပြီး တစ်ချိန်တည်းမှာ အလ္လာအရှင်ကို ယုံကြည်တယ်။ ပြီးတော့ ကိုရမ်ကျမ်းစာရဲ့ အဆုံးအမကို လိုက်နာပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရက်သတ္တပတ် သုံးပတ်လောက်ရှိနေစဉ်အတွင်း မွတ်စလင် ဒါဇင်ပေါင်းများစွာနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ဟာ ဗမာမွတ်စလင်တွေဖြစ်တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ မိတ်ဆက်ကြပါတယ်။

“ကျွန်တော့မြေးတွေကို ပြောပြတယ်။ ကိုးကွယ်တဲ့ဘာသာဆိုတာ သတ်မှတ်ချက် တစ်ခုပဲ။ မွတ်စလင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ် လူသားတွေက အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်တာတော့ ရှိတယ်။ အဲဒါက မွတ်စလင်တွေရဲ့ သဘောထားတွေက ပြင်ပက စွက်ဖက်မှုတွေကြောင့် ပြောင်းလဲမှုတွေရှိတယ်” လို့ အငြိမ်းစားတရားသူကြီးဖြစ်တဲ့ ဦးလှဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းတစ်လျောက် ကျွန်တော့ခရီးစဉ်ဟာ တစတစနဲ့ ပြီးဆုံးလုနီးလာခဲ့ပါပြီ။ ဒါပေမယ့် ကျွနတော့ရဲ့ နောက်ဆုံးအင်တာဗျူးတစ်ခုကတော့ အမှတ်ရဆုံး တခုပါပဲ။ ဗလီဆရာ ဦးတိုးမိုးအောင်နဲ့ အင်တာဗျူးလုပ်ဖို့ မန္တလေးက တောင်ဘလူဗလီကို သွားခဲ့ပါတယ်။ ဗလီက လူတိုင်းကတော့ သူ့ကို ဒီအမည်ပဲ ခေါ်ကြတယ်။ ဒါပေမဲ့ သူ့ရဲ့ မွတ်စလင်နာမည်က နေဇွာ မူဒင် ဖြစ်ကြောင်း ကျွန်တော့ကို နောက်တော့မှ ပြောပြပါတယ်။

အဲဒီဗလီက မန္တလေးမှာတော့ ထူးခြားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသမီးတွေအတွက် “အမျိုးသမီးဝတ်ပြုခန်း” ဆိုပြီး သီးခြားဝတ်ပြုခန်း ထားပေးလို့ပါပဲ။

ကိုတိုးမိုးအောင်က ရခိုင်ရိုးရာလုံချည်ကို ဝတ်ဆင်ထားပါတယ်။ ဗမာအမျိုးသားတွေ ပွဲသွားပွဲလာဝတ်ကြတဲ့ ဒီလိုလုံချည်ကို သူက ဘုရားဝတ်ပြုချိန်မှာ ဝတ်ဆင်ထားတာပါ။ သူ့ရဲ့ ဝတ်စားမှုနဲ့ ပတ်သက်လို့ မေးမြန်းကြည့်မိတော့ “ကျွန်တော်တို့ရဲ့ ကိုရမ်းကျမ်းက ဘာဝတ်ရမယ်လို့ တိတိကျကျ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ သင်ထိုင်ရာနေရာနဲ့ သင့်တော်ပြီး အဆင်ပြေအောင်သာ ဝတ်စားဆင်ယင်သင့်တဲ့အကြောင်း ပြောထားတာပဲ ရှိပါတယ်” လို့ ကိုတိုးမိုးအောင်က ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံအလယ်ပိုင်းက မွတ်စလင်အများအပြားရဲ့ နှလုံးသားထဲ စွဲနေတဲ့ အဆုံးအမတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဆောင်းပါးဟာ အခန်းဆက် ဆောင်းပါးနှစ်ပုဒ်ထဲက ပထမတစ်ပုဒ်ဖြစ်ပြီး နောက်ထပ် ဒုတိယပိုင်း ဆောင်းပါးတစ်ပုဒ်ကို ဆက်လက်ဖော်ပြပေးပါမယ်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar