ရခိုင်ပြည်နယ်အရေး ဆွေးနွေးဖို့ မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက်မယ်လို့ ကြေညာထားချိန်မှာပဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက အဆိုပြုလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ သူ့ရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုပါ လာရောက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိမယ့် Tillerson ဟာ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရခိုင်ပြည်နယ် အကျပ်အတည်းကို မြန်မာအစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေနဲ့ ပတ်သက်တာတွေအပြင် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပတ်သက်တာတွေကိုပါ ဆွေးနွေးမှာဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သူကတော့ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ မြန်မာနိုင်ငံကို လာရောက်တဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေထဲမှာ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
သူလာရောက်မယ့်သတင်း ထွက်ပေါ်လာချိန်မှာပဲ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်လွှတ်တော်အမတ်တွေက အဆိုပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်က မူဆလင်တွေအပေါ် အနိုင်အထက်ပြုကျင့်မှုတွေ ရပ်တန့်သွားဖို့ ဖိအားပေးတဲ့အနေနဲ့ နိုဝင်ဘာ ၂ ရက်နေ့က အဆိုပြုလိုက်တယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို ARSA က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။ အဲဒီစစ်ဆင်ရေးတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတင်းအဓမ္မပြုကျင့်မှုတွေ၊ နှိပ်စက်မှုတွေနဲ့ နေအိမ်တွေကို မီးရှို့မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာက စွပ်စွဲထားပါတယ်။ သြဂုတ် ၂၅ ရက်နေ့က စတင်ကာ လက်ရှိအချိန်အထိ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူပေါင်း ခြောက်သိန်းလောက်ဟာ အိုးအိမ်တွေစွန့်ခွာပြီး အိမ်နီးချင်းဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရှိ အပြစ်မဲ့တဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ရွှေ့ပြောင်းခဲ့ရမှုနဲ့ သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် အရာရှိကြီးတွေကို ဦးတည်ပြီး ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ Armed Services Committee ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဂျွန်မက်ကိန်းက ပြောကြားတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
“အမေရိကန်ပြည်ထောင်စုကဒီလို ရက်စက်ယုတ်မာမှုတွေနဲ့ အတူရပ်တည်မှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိစေမှာ ဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။
အဆိုပြုထားတဲ့ ဥပဒေမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထောက်ပံ့မှုတွေကို ဖြတ်တောက်ဖို့နဲ့ စစ်တပ်က အဆင့်မြင့်အရာရှိကြီးတွေကို အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုတွေ ပြုလုပ်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးနဲ့ သွင်းကုန်တားမြစ်ချက်တွေကို ပြန်လည်လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို တားမြစ်ဖို့လည်း ပါဝင်ပါတယ်။
ဒီလိုမျိုး ပြင်းထန်တဲ့ အဆိုပြုချက်ဟာ အာရှခရီးစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စတင်ထွက်ခွာချိန်မှာပဲ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်ရပ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအပေါ် ပြစ်တင်ရှုံ့ချမှု မပြုလုပ်မိအောင် သတိထားနေပြီး မြန်မာစစ်တပ်ကိုသာ ပြစ်တင်ရှုံ့ချမှု ဆောင်ရွက်နေပါတယ်။