မြန်မာနိုင်ငံသို့ အိန္ဒိယသမ္မတ လာရောက်မည်

မြန်မာနိုင်ငံသို့ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရောက်ရှိမည့် အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် နေပြည်တော်တွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သလို နှစ်နိုင်ငံသဘောတူညီချက်အချို့ကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

အဆိုပါသဘောတူညီချက်များတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ကြိုတင်တပ်ဆင်နိုင်သည့် အိမ်ယာများ ပေးအပ်ရန်လည်းပါဝင်သည်ဟု အိန္ဒိယနိုင်ငံထုတ် The Financial Times သတင်းစာက ရေးသားထားသည်။

အဆိုပါခရီးစဉ်အကြို ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးအတွင်းဝန် Vijay Gokhale က မြန်မာနိုင်ငံသည် “နီးကပ်သည့်အိမ်နီးချင်း” ဖြစ်ကာ အိန္ဒိိယအား အရှေ့တောင်အာရှဒေသနှင့် ချိတ်ဆက်ပေးနေသည်ဟု ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် အိန္ဒိယက မြန်မာနိုင်ငံနှင့် ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေရပ်ပြန်လာကြမည့်သူများအတွက် နေအိမ်များ တည်ဆောက်ပေးရန် အိန္ဒိယက မြန်မာအစိုးရကို ကူညီပေးမည်ဖြစ်သည်။

ပထမအဆင့်အနေဖြင့် အိမ်ယာယူနစ် ၂၅၀ ကို ပေးအပ်ရန် စီစဉ်ထားရာ ယူနစ် ၅၀ ကို သမ္မတက လွှဲပြောင်းပေးအပ်မည်ဟု နိုင်ငံခြားရေးအတွင်းဝန်က ပြောကြားသည်။

အိန္ဒိယက ၎င်း၏ Act East Policy အရ အရှေ့တောင်အာရှနိုင်ငံများနှင့် ထိတွေ့မှုများကို တိုးမြှင့်လာခဲ့သလို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ပံ့ပိုးပေးနေသူလည်း ဖြစ်သည်။ အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်မည့် သုံးနိုင်ငံဖြတ် အဝေးပြေးလမ်းမနှင့် မီဇိုရမ်ပြည်နယ်အား စစ်တွေဆိပ်ကမ်းနှင့် ဆက်သွယ်ပေးမည့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အိန္ဒိယအစိုးရက လုပ်ကိုင်နေသည်။

သုံးနိုင်ငံဖြတ်အဝေးပြေးလမ်းမ၏ အဓိကလမ်းပိုင်းများကို သက်ဆိုင်ရာနိုင်ငံများက တည်ဆောက် ပြီးစီးနေပြီဖြစ်သော်လည်း အဓိက မြစ်ကြီးများနှင့် ချောင်းများကို ဖြတ်ကျော်မည့် တံတားများကို တည်ဆောက်နေဆဲဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောကြားသည်။

ကီလိုမီတာ ၁,၆၀၀ ရှည်လျားသည့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျောက် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ရန်အတွက်လည်း အိန္ဒိယိက နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးသန်းပေးအပ်ရန် ကတိပြုထားသည်။

အိန္ဒိယသမ္မတသည် ရန်ကုန်မြို့တွင် ကျင်းပမည့် အိန္ဒိယကုန်စည်ပြပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံအစိုးရ၊ စက်မှုလုပ်ငန်းနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့်အတူ အိန္ဒိယနိုင်ငံ စက်မှုှုလုပ်ငန်းရှင်များ အသင်းချုပ် (CII)၊ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံအခြေစိုက် အိန္ဒိယ-မြန်မာကုန်သည်စက်မှုအသင်း (IMCC) နှင့် မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးတို့၏ စီစဉ်မှုဖြင့် အိန္ဒိယကုန်စည်ပြပွဲ (5th Enterprise India Show 2018) ကို ရန်ကုန်မြို့ရှိ Lotte Hotel တွင် ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar