လာမည့်နိုဝင်ဘာလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်ဖွယ်ရှိနေပြီး အကယ်၍ လာရောက်ဖြစ်ခဲ့ပါက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီး ဖြစ်လာမည်ဖြစ်သည်။
ခရီးစဉ်ဖြစ်မြောက်နိုင်ခြေအတွက် လေ့လာနေသည်ဟု ဗာတီကန်က ပြောကြားခဲ့သော်လည်း အတည်ပြုရန်အတွက် စောလွန်းသေးသည်ဟု ပြောကြားကြောင်း Ucanews.com က ရေးသားထားသည်။ လာမည့် စက်တင်ဘာလတွင် ခရီးစဉ်နှင့် ပတ်သက်ပြီး တရားဝင်ကြေညာဖွယ်ရှိသည်ဟုလည်း ဆက်လက် ရေးသားထားသည်။
ပုပ်ရဟန်းမင်းကြီးအား မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် သမ္မတဦးထင်ကျော်က ဖိတ်ကြားထားသည်ဟုလည်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လေးညကြာခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရောက်ရှိမည်ဟု Ucanews.com က ဆိုသည်။
ထိပ်တန်း ကတ်သလစ်ဘုန်းတော်ကြီးများအကြားတွင် လွန်ခဲ့သည့်နှစ်ပတ်ခန့်ကတည်းက ဖြန့်ဝေနေသည့် သတင်းများအရ ပုပ်ရဟန်းမင်းကြီးသည် နေပြည်တော်သို့ ဦးစွာသွားရောက်ပြီး သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံမည်ဟု ဆိုသည်။ ထို့နောက် ရန်ကုန်မြို့သို့ လာရောက်မည်ဖြစ်သည်ဟုလည်း ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ကတ်သလစ်ဘာသာဝင် ခုနစ်သိန်းခန့်ရှိနေသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်လများအတွင်း မြန်မာနိုင်ငံနှင့် ပုပ်ရဟန်းမင်းကြီး ဦးဆောင်သည့် ဗာတီကန်တို့အကြား ဆက်ဆံရေး ပိုမိုတိုးမြှင့်လာပြီးနောက် သံတမန်ဆက်ဆံရေးကိုလည်း ထူထောင်နိုင်ခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက ဥရောပသို့ သွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်မင်းကြီး ဖရန်စစ်တို့ တွေ့ဆုံပြီးနောက် ထိုသို့ သံတမန်ဆက်ဆံရေး ထူထောင်ရန် ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ၁ ဒသမ ၃ ဘီလျံခန့်ရှိသည့် ကတ်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင်ဖြစ်သော ပုပ်ရဟန်းမင်းကြီးနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့သည်။