ဘင်္ဂလားဒေရှ့်နယ်မြေအတွင်း မြန်မာနိုင်ငံမှ သောင်းကျန်းသူများကို လုံးဝ လှုပ်ရှားခွင့်ပြုမည်မဟုတ်ဟု ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် Ms Sheikh Hasina Wajed က မြန်မာ့တပ်မတော် အဆင့်မြင့်ခေါင်းဆောင်တစ်ဦးကို ပြောကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် ဒါကာမြို့တွင် နိုဝင်ဘာ ၉ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ကတိပြု ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် BSS က ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများအား စစ်သွေးကြွများက အောက်တိုဘာ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခြင်းလည်း ဖြစ်သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံအနေဖြင့်လည်း မြန်မာနှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ဆက်စပ်နေသည့် စစ်တကောင်းတောင်တန်းဒေသတွင် သောင်းကျန်းမှု ပြဿနာကို တစ်ချိန်က ကြုံတွေ့ခဲ့ဖူးသော်လည်း မည်သည့်အခြားနိုင်ငံ၏ စွက်ဖက်မှုမှ မလိုအပ်ပဲ အခြေအနေကို ဖြေရှင်းနိုင်ခဲ့သည်ဟု ဝန်ကြီးချုပ်၏ ပြန်ကြားရေးအတွင်းဝန်ကို ကိုးကားပြီး BSS က ဖော်ပြထားသည်။
နယ်စပ်ဒေသတွင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုအား ဆန့်ကျင်ရန် ဘင်္ဂလားဒေရှ့်၏ ထောက်ခံမှုများအား ကျေးဇူးတင်သည်ဟု ဗိုလ်ချုပ်ကြီးခင်အောင်မြင့်က ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပြီး အဆိုပါဒေသတွင် ယခုအခါ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း BSS က ဖော်ပြသည်။
ဘင်္ဂလားဒေရှ့်အနေဖြင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသည်ဟု Sheikh Hasina က လေတပ်ဦးစီးချုပ်ကို ပြန်လည်ပြောကြားခဲ့သည်။
“အိမ်နီးချင်းတွေအနေနဲ့ ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တန်ဖိုးထားပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံနဲ့ သမိုင်းဝင်ဆက်ဆံရေးတွေ ရှိခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြန်ကြားရေးအတွင်းဝန်က ပြောကြားသည်။
နှစ်နိုင်ငံကြား ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့သော နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို ဝန်ကြီးချုပ်က ရည်ညွှန်းပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။
ဘင်္ဂလားဒေရှ့်၏ Ashrayan ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံချက်ကို ရေတပ်ဦးစီးချုပ်က စိတ်ဝင်စားသလို ကမ်းရိုးတန်းဒေသများတွင် ဆိုင်ကလုန်းဒဏ်ကာကွယ်ရန် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်သည့် အစီအစဉ်ကိုလည်း စိတ်ဝင်စားသည်ဟု သတင်းတွင် ဖော်ပြထားသည်။