မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်းလာသော အမေရိကန်ဒေါ်လာ ၅၄၃,၀၀၀ (ကျပ် ၇၃၅ သန်း)တန်ဖိုးရှိသည့် ရွှေများကို အိန္ဒိယအာဏာပိုင်များက ယခုလအစောပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။
ယခုလ ၁၅ ရက်နေ့က ကိုလ်းကတ္တားမြို့ရှိ ဟိုတယ်တစ်ခုအား အခွန်ဘဏ္ဍာ စုံစမ်းစစ်ဆေးရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ဝင်ရောက်စီးနင်းရာတွင် ရွှေ ၁၁ ဒသမ ၆၅ ကီလိုနှင့်အတူ သံသယရှိသူ နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု Press Trust of India က ရေးသားထားသည်။
ယခုနှစ်အစပိုင်းက စတင်ကာ ကိုလ်းကတ္တားမြို့အနီးတစ်ဝိုက်တွင် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံမှ ၂၄ ကာရက် ရွှေ စုစုပေါင်းပမာဏမှာ ယခုနောက်ဆုံးဖမ်းဆီးမှုအပါအဝင် ၉၃ ဒသမ ၃၅ ကီလိုဂရမ်၊ တန်ဖိုး ဒေါ်လာ ၄ ဒသမ ၉၈ သန်းရှိပြီး ဖမ်းဆီးထားသူ စုစုပေါင်း ၂၉ ဦးရှိနေပြီဖြစ်သည်။
ဧပြီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့သည့် သံသယရှိသူနှစ်ဦးမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် နယ်နိမိတ် ဆက်စပ်နေသည့် မီဇိုရမ်ပြည်နယ်တွင် နေထိုင်သူများဖြစ်ကြသည်ဟု အဆိုပါဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အား ကိုးကားကာ သတင်းဌာနက ရေးသားထားသည်။
အဆိုပါရွှေများကို ၎င်းတို့ထံ မြန်မာတစ်ဦးက လာရောက်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ ဖမ်းဆီးခံထားရသူ ၂၉ ဦးထဲတွင် မြန်မာနိုင်ငံသားများလည်း ပါဝင်သည်ဟု ၎င်းတို့က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် အိန္ဒိယအစိုးရက ရူပီး ၅၀၀ နှင့် ၁၀၀၀ တန်ငွေစက္ကူများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှုများ အလွန်များပြားလာသည်ဟု Times of India သတင်းစာက ဧပြီ ၁၀ ရက်နေ့တွင် ရေးသားထားသည်။
ယခင်က ရွှေများကို ဒူဘိုင်းနှင့် ဘန်ကောက်တို့မှ လေကြောင်းလမ်းနှင့် ဘင်္ဂလားဒေရ်ှ့မှ ကုန်းလမ်းတို့ဖြင့် မှောင်ခို တင်သွင်းခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မှောင်ခိုတင်သွင်းလာကြသည်ဟု အကောက်ခွန်အရာရှိများကို ကိုးကားကာ သတင်းစာက ရေးသားထားသည်။