ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ ထွက်ပြေးကြသည့် ဒုက္ခသည်များကို တရုတ်နိုင်ငံက မောင်းထုတ်ခဲ့သည်ဟု ကချင်လူမှုအဖွဲ့အစည်းများက ပြောကြားသော်လည်း တရုတ်အစိုးရကမူ အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုထားသည်။
အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ကေအိုင်အေ တပ်ရင်း(၃) အခြေစိုက်ထားသည့် နာဂရန်းဒေသ၌ လက်တလောဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် လုန်ဗျန်ဝန်းကျင်နှင့် ခေါဝ်ရှောင် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်သူ ၄၀၀၀ ကျော်သည် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခိုလှုံရန် ကြိုးစားခဲ့ကြသည်ဟု ကချင်လူမှုအဖွဲ့အစည်းများ စုစည်းထားသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့က ဇန်နဝါရီ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ဘေးတိမ်းရှောင်သူများမှာ လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က ဇိုင်းအောင် စစ်ရှောင်စခန်းမှ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။
သို့သော် တရုတ်နိုင်ငံတွင် ခိုလှုံရန် သွားရောက်ခဲ့ကြသည့် ၎င်းတို့အား တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်လည်မောင်းထုတ်ခဲ့သဖြင့် လုန်ဗျန်ဝန်းကျင်နှင့် ခေါဝ်ရှောင်စခန်းတို့၌ ပြန်လည်ခိုလှုံနေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ဘေးရှောင်သူအချို့မှာမူ အစိုးရက ထိန်းချုပ်ထားသည့် နယ်မြေများဆီသို့ ဦးတည်ထွက်ခွာသွားကြသည်ဟုလည်း ဖော်ပြထားသည်။
သို့သော် စစ်ဘေးတိမ်းရှောင်သူများက တရုတ်နိုင်ငံက ပြန်လည်မောင်းထုတ်နေသည်ဟူသည့် စွပ်စွဲချက်ကို တရုတ်နိုင်ငံက ပြန်လည်ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် စစ်ဘေးမှ တိမ်းရှောင်လာသူများကို မည်သည့်အခါကမှ မောင်းမထုတ်ခဲ့ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
“၎င်းတို့ တရုတ်နိုင်ငံတွင်း ဝင်ရောက်လာခြင်းအား တရုတ်ဘက်ခြမ်းက တားဆီးထားသည်ဟူသည့် ဖြစ်စဉ်မျိုး မရှိပါ” ဟု ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံသံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
လူသားချင်း စာနာထောက်ထားမှုအရ တရုတ်နိုင်ငံက အစာအစာနှင့် ဆေးဝါးကဲ့သို့ အကူအညီများကို မြန်မာနိုင်ငံမှ စစ်ဘေးတိမ်းရှောင်လာသူများထံ ဆက်တိုက်ပေးအပ်နေသည်ဟု သံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ၎င်း၏ ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။
ထို့ပြင် အဆိုပါ စစ်ဘေးတိမ်းရှောင်သူများအနေဖြင့် မလိုအပ်ပါက တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း မရှိစေရန်လည်း လိုအပ်သည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလက စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာမှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ရှမ်းနှင့် ကချင်ပြည်နယ်များတွင် မငြိမ်သက်မှုများ ပေါ်ပေါက်နေခြင်းက ဖေဖော်ဝါရီလတွင် ထပ်မံ ကျင်းပရန် စီစဉ်ထားသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ခြိမ်းခြောက်နေသည်။
နယ်စပ်မြို့တစ်ခုဖြစ်သည့် လိုင်ဇာမြို့အနီးကို တပ်မတော်က ဇန်နဝါရီ ၁၀ ရက်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ကချင်ကွန်ယက် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ အတွင်းရေးမှူးဖြစ်သူ ဒါရှီနော်လောင်းက ပြောကြားသည်။
ကေအိုင်အေဗဟိုဌာနချုပ်ဖြစ်သည့် လိုင်ဇာပတ်ဝန်းကျင်ရှိ ကေအိုင်အေစခန်းအချို့ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသားအများအပြားမှာ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံလာကြသည်ဟုလည်း တရုတ်နိုင်ငံက ပြောကြားထားသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး Wang Wei ၏ ပြောကြားချက်အရ နိုဝင်ဘာ ၂၉ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံသား ၁၄,၀၀၀ ခန့်မှာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးလာကြရာ အများစုမှ ယူနန်ပြည်နယ်တွင်းသို့ ရောက်ရှိလာကြသည်ဟုဆိုသည်။