ဆယ်စုနှစ်ပေါင်းများစွာ ရာစုနှစ်တစ်ဝက်ခန့် စစ်အုပ်ချုပ်ရေးလက်အောက်တွင် နေလာခဲ့ရသော မြန်မာတို့၏ ပုံစံကျနေသော အတွေးအခေါ်နှင့် ယဉ်ကျေးမှု ဓလေ့စရိုက်ကြောင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများမှာ အနှောင့်အယှက် အခက်အခဲများနှင့် တွေ့ကြုံနေရသည်။ ထိုအခက်အခဲကို ကိုင်တွယ်ဖြေရှင်းရန်မှာ ခိုင်မာသော နိုင်ငံရေးအဓိဋ္ဌာန်နှင့် ရေရှည်ကြိုးပမ်းမှု လိုအပ်ပေသည်။
Hendrich Dahm ရေးသားသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများမှာ စွမ်းရည်ကင်းမဲ့၍ နုံချာချိနဲ့လှသော ဗျူရိုကရေစီ ယန္တရားကြောင့် ခရီးမရောက် ဖြစ်နေရသည်။ ဗျူရိုကရေစီယန္တရားသည် ပြုပြင်ပြောင်းလဲမှု အားလုံးအတွက် ကျောရိုးသဖွယ် ဖြစ်နေရပေမည်။ သို့သော် ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်အုပ်ချုပ်ရေး၏ ဗဟိုဦးစီးစနစ်ကြောင့် အရပ်ဖက်အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးမှာ စစ်တပ်၏ ထိန်းချုပ်မှုအောက် ခိုင်မြဲစွာ ရောက်ရှိနေသည်။ အုပ်ချုပ်ရေးယန္တရား အရပ်ဖက်ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိရေးနှင့် အစိုးရဋ္ဌာနများက သိသာထင်ရှားသော ရလဒ်ကောင်းများကို ထုတ်ဖော်ပြသနိုင်ရေးသည် အစိုးရအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လျက်ရှိသည်။
စိန်ခေါ်မှုကို နိုးနိုးကြားကြား ရှိလာခြင်း
လူထုတွင် တွေ့ကြုံနေရသော ပြဿနာများမှာ တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေးဘဝတွင် စစ်တပ်က လွှမ်းမိုးနေသောကြောင့် ဖြစ်သည်။ အရပ်ဖက်အုပ်ချုပ်ရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုကြောင့် အစိုးရဋ္ဌာနများသည် ချောဆီထည့်ထားသော စက်ယန္တရားများကဲ့သို့သော နေ့တဓူဝလုပ်ငန်းများကို အထစ်အငေ့ါမရှိ ခိုင်းသည့်အတိုင်း လုပ်ရမည်ဟူသော ပုံစံကျ အတွေးအခေါ် ဖြစ်ပေါ်စေသည်။ စက်ရုပ်ဆန်သော ထိုအမြင်သည် ဗျူရိုကရေစီကို အထောက်အကူပြုနေသည်။ အကြောင်းမှာ နေ့စဉ် ထပ်တလဲလဲ ပုံစံကျ အထက်မှအောက် သတ်မှတ် ရာထူးအဆင့်အတိုင်း စည်းခြား လုပ်ဆောင်စေသောကြောင့် ဖြစ်သည်။ လုပ်ငန်းစဉ်အားလုံးကို အထက်မှ ညွှန်ကြားချက်အတိုင်း ဝန်ထမ်းများက တသဝေမတိမ်း လုပ်ဆောင်ရန် ဒီဇိုင်းပုံစံချထားသည်။ ဤပုံစံကျအတွေးအခေါ်သည် တပ်မတော်၏အာဏာကို အားဖြည့်ပေးနေသောကြောင့် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ချည့်နဲ့ အားလျော့စေလေသည်။
မကြာမီနှစ်များအတွင်း ဗျူရိုကရေစီယန္တရား၏ ပြုလွယ်ပြင်လွယ် မရှိမှုနှင့် နှေးကွေးမှုများကြောင့် အစိုးရ၏ ဗျူဟာရွေးချယ်ပိုင်ခွင့်နှင့် လုပ်ကိုင်နိုင်စွမ်းကို ထိန်းချုပ်ကန့်သတ်ထားသလို ဖြစ်နေသည်မှာ သိသာ ထင်ရှားလာသည်။ သို့နှင့်တိုင် အစိုးရသည် ထိုစိန်ခေါ်မှုကို တကယ်တမ်း နိုးနိုးကြားကြား မရှိသေးချေ။ ၎င်းတို့၏ ပေါ်လစီသစ်များနှင့် ပြုပြင်ပြောင်းလဲမှုများမှာ အဘယ်ကြောင့် မျှော်မှန်းထားသည့်အတိုင်း ရလဒ်ကောင်းများ ရမလာပါသနည်းဟု ဇဝေဇဝါ ဖြစ်နေတုန်းပင်ဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရသည် တတိယလှိုင်းဟု ၎င်းတို့ခေါ်ဆိုခဲ့သည့် ပြုပြင်ပြောင်းလဲမှုတွင် ထိရောက်မှုရှိ၍ ကျွမ်းကျင်သော အစိုးရဖြစ်ရေး အရေးကြီးပုံကို ပြောဆိုခဲ့သည်။ သို့သော် ပေါ်လစီများကို ထုတ်ပြန် ကြေညာနေသလောက် တကယ်လက်တွေ့ အကောင်အထည်ဖော်ရာတွင်မူ အဆင်မပြေခဲ့ချေ။ ဤသို့သော ပြုပြင်ပြောင်းလဲမှုများသည် ၎င်းတို့အစိုးရသက်တမ်း ကုန်ဆုံးပြီး အချိန်မှာပင် ထိရောက်မှုအနည်းငယ်သာ ရှိလိမ့်မည်ဆိုသည်ကို အလျင်အမြန်သိရှိ သဘောပေါက်သွားခဲ့ပြီး မြန်မြန်ဆန်ဆန် ဥပဒေပြု ပြဋ္ဌာန်းနိုင်သော မူဝါဒ ပြုပြင်ပြောင်းလဲရေးများကိုသာ ဦးစားပေး ဆက်လက်လုပ်ဆောင်ခဲ့သည်။ အမှန်တကယ် ပြဿနာကမူ မည်သို့ လုပ်ကြမည်နည်းဟူသည့် ပြဿနာပင်ဖြစ်သည်။ စစ်သမိုင်းပညာရှင် သီအိုရီသမား ဗိုလ်ကြီး BH Liddell Hart ယခုလို ပြောခဲ့ဖူးသည်။ “စစ်သားတွေရဲ့ စိတ်ထဲ အတွေးအမြင်သစ်တစ်ခု ထည့်ပေးဖို့ထက် ခက်တာကတော့ အတွေးအခေါ်ဟောင်းကို ထုတ်ပစ်ဖို့ပဲ” ဟု ဖြစ်သည်။ စစ်တပ်၏ အရွယ်အစား၊ ရှုပ်ထွေးမှုနှင့် စစ်ယဉ်ကျေးမှုကြောင့် အပြောင်းအလဲအား တွန်းလှန်ဆန့်ကျင်ကြခြင်း ဖြစ်သည်ဆိုသည်ကို စစ်ခေါင်းဆောင်အများက သဘောတူ လက်ခံကြပါသည်။ စနစ်က အပြောင်းအလဲကို တားမြစ်ဟန့်တားရန် တမင်ပုံဖော် ရေးဆွဲထားသည်ဆိုပါက ထိုစနစ်ကို မောင်းနှင်နေသည့် အင်အားစုများကို ပြောင်းလဲရပေလိမ့်မည်။
ရှင်သန်နေသော အစိုးရများနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသည် သွက်လက်ဖြတ်လတ်မှုကို ရှာလေ့ရှိကြသည်။ ခွန်အားနှင့် လှုပ်ရှားပြီး တချိန်တည်းမှာပင် တည်ငြိမ်သော စွမ်းရည်မျိုး ဖြစ်သည်။ ထိုအရည်အချင်းနှစ်ခုမှာ ဝိရောဓိ ဖြစ်သယောင် ထင်ရသည်။ အဖွဲ့အစည်းများစွာတို့က ပို၍ ဆန်းသစ်ရန်၊ ပို၍ ပြုလွယ်ပြင်လွယ်ရှိရန်၊ ပို၍ကောင်ရန်သာ လိုသည်ဟု မှားယွင်းစွာယူဆနေကြသဖြင့် ထိုသို့ရရှိအောင် ကြိုးစားရုန်းကန်နေကြသည်။
စမတ်ဖုန်းသည် ကမ္ဘာကြီးကို (အထူးသဖြင့် မြန်မာနိုင်ငံကို) လွှမ်းမိုးသွားခဲ့ပြီး လူသန်းပေါင်းများစွာ၏ဘဝကို ပြောင်းလဲသွားစေခဲ့သည်။ ဤဖြစ်ရပ်သည် ခွန်နှင့်အားနှင့် တက်ကြွလှုပ်ရှားမှုနှင့် တည်ငြိမ်မှုတို့ တပြိုင်တည်း ဖြစ်ပေါ်ပုံကို နမူနာပြနေသည်။ ဤသည်မှာ အဖွဲ့အစည်းဆိုင်ရာ ဖြတ်လတ်လှုပ်ရှားမှု အစစ်၏ အနှစ်သာရပင် ဖြစ်သည်။ Hardware နှင့် Operating system တို့က တည်ငြိမ်သော အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေသည်။ ထိုအခြေခံပေါ်တွင် အသုံးပြုသူက ပေါင်းထည့်ခြင်း (add)၊ (update)နှင့် ပြုပြင်မွမ်းမံခြင်း (modify) လုပ်နိုင်ပြီး လိုအပ်ချက်များ ပြောင်းလာကာ အသစ်အသစ်များ ပေါ်ထွက်လာသည်နှင့်အမျှ မလိုချင်တော့သည့် အက်ပလီကေးရှင်းများကို ဖျက်ပြစ်နိုင်လေသည်။
ထိုနည်းအတိုင်းပင် နိုင်ငံ့ဝန်ထမ်းဌာနများသည် တည်ငြိမ်သော အခြေခံများကို ကျောရိုးပြု၍ ၎င်းတို့၏ အဖွဲ့အစည်းများကို ပုံဖော်နိုင်ပေသည်။ ဥပမာ – ရိုးရှင်းသော အဖွဲ့အစည်း အဆောက်အအုံ၊ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှုစံများ သတ်မှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအခြေခံအုတ်မြစ်များသည် စမတ်ဖုန်း၏ Hardware နှင့် Operating System တို့ကဲ့သို့ပင် ကြာရှည်ခံနိုင်ရန် စီမံလုပ်ဆောင်ထားသည်။ ပေါ့ပါးသွက်လက်သော ဌာနများတွင် တက်ကြွလှုပ်ရှားသော အခြေခံများရှိနေသည်။ အခွင့်အလမ်းသစ်များ ပေါ်လာစဉ် သို့မဟုတ် မျှော်လင့်မထားသော စိန်ခေါ်မှုများကြောင့် လုပ်ငန်းစံနှုန်းများ ပြောင်းလဲရလျှင် အဖွဲ့အစည်းဆိုင်ရာ အက်ပလီကေးရှင်းများကို အသုံးပြုနိုင်ပေသည်။ စံနမူနာအဖြစ် ဤလုပ်ငန်းတာဝန်များ၊ စီမံကိန်းများနှင့် အုပ်ချုပ်ရေးကော်မတီသစ်များသည် ပြောင်းလဲနေသော လိုအပ်ချက်များနှင့် လိုက်လျောညီထွေ ရှိစေရန် သွက်သွက်လက်လက် ပြောင်းလဲဆောင်ရွက်ပေးနိုင်သည်။ ဤသို့ဖြင့် တည်ငြိမ်မှုနှင့် တက်ကြွလှုပ်ရှားမှုကို ပေါင်းစပ်ပေးသည်။
ကိုယ့်ဟာကိုယ်လုပ် ဒီအရှုပ်၊ ဖြည်ထုတ်နိုင်မှ နေရာကျမည်
မြန်မာနိုင်ငံ၏ ပြည်သူ့ဝန်ထမ်းလောကသည် အလွန့်အလွန် ရှုပ်ထွေးလှသည်။ ပြည်သူ့ဝန်ထမ်း ရာထူးအဆင့် အမျိုးမျိုးနှင့် နိုင်ငံပိုင်လုပ်ငန်း အမျိုးမျိုးတွင် လုပ်ကိုင်နေကြသူ စုစုပေါင်း တစ်သန်းနီးပါး ရှိနေသည်။ ဝန်ကြီးဌာနအများစုသည် ၁၉ ရာစု အင်္ဂလိပ်ဝတ္ထုရေးဆရာ Charles Dickens ၏ ဝတ္ထုများထဲမှ လောကအနိဋ္ဌာရုံများနှင့် ဂွကျကျဇာတ်ကောင်များလို စားပွဲပေါ်တွင် ဖိုင်များ၊ စက္ကူများ တောင်လိုပုံနေသည်။ ဝန်ကြီးဌာနတစ်ခုနှင့်တစ်ခုအကြား ညှိနှိုင်းမှုရှိရန် အသာထား၊ ဝန်ကြီးဌာနတစ်ခုတည်း လက်အောက်မှ ဦးစီးဌာနများ၊ ကော်ပိုရေးရှင်းများ အချင်းချင်းပင် ညှိနှိုင်းမှု မရှိပေ။
အစိုးရဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု သွက်လက်မြန်ဆန်လာမှုကို ဆန့်ကျင်တွန်းလှန်နေသည့် အဓိက အတွင်းအင်အားစုကြီး သုံးခုရှိသည်။
လက်ရှိစနစ်အရ ပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်အထိ ရောက်ရန် လမ်းတွင် ထိန်းထားသော အဆင့် များပြားလှပေရာ ထိုစနစ်ဝန်အောက်တွင်ပင် ပိပြား၍ လှုပ်ရှားမရနိုင်အောင် ဖြစ်နေသည်။ ၎င်းအပြင် စီမံခန့်ခွဲမှု အဆင့်ဆင့်နှင့် လုပ်ဆောင်မှုအဆင့်ဆင့်တွင်လည်း ဆုံးဖြတ်ချက်ကို အထက်ကသာ လုပ်ဆောင်ရန် တွန်းပို့နေသလို ဖြစ်နေသည်။ ထိုအခြေအနေသည် ကာလရှည်ကြာရှိနေခဲ့သော လုပ်ပိုင်ခွင့်အာဏာကို လက်တစ်ဆုပ်စာ လူတစ်စု လက်ထဲတွင်သာထားသော စံနစ်ကို ပိုမို အားကောင်းလာစေပြီး လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုကို ပိုမိုလျော့နည်းစေသည်။
ရလဒ်အနေနှင့် အုပ်ချုပ်မှုစနစ်သည် ဗဟိုဦးစီးစနစ်သို့ ရောက်သည်ထက် ရောက်သွားပြီး ဆုံးဖြတ်ချက် အများစုကို နေပြည်တော်ကသာ လုပ်နိုင်သောအဖြစ်သို့ ရောက်ရှိသွားသည်။ ဥပမာအားဖြင့် ဝန်ကြီးဌာန တစ်ခုတည်းအတွင်းမှာပင် ဌာနတွင်း ပူးပေါင်းလုပ်ဆောင်မှု၊ အခြားဝန်ကြီးဋ္ဌာနများနှင့် ဆက်သွယ် ဆောင်ရွက်မှုတို့ကို ဆောင်ရွက်ရန် အခွင့်အာဏာရှိသူမှာ ညွှန်ကြားရေးမှူးချုပ်၊ အမြဲတန်းအတွင်းဝန် သို့မဟုတ် ဝန်ကြီးကိုယ်တိုင်သာလျှင် ဖြစ်နေတော့သည်။ ဝန်ကြီးဌာနတစ်ခုလို ကျယ်ပြန့်လှသော အဖွဲ့အစည်းတစ်ခုတွင် လုပ်ဆောင်ရမည့် အလုပ် ဝန်ထုတ်ဝန်ပိုးမှာ လက်တစ်ဆုပ်စာ လူသုံးလေးယောက်အတွက် (၎င်းတို့မည်မျှပင် တော်လှသည်ဖြစ်စေ) ပြီးမြောက်အောင်လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သော အလုပ်ပင်ဖြစ်သည်။ အထူးသဖြင့် အုပ်ချုပ်ရေးအောက်ပိုင်းအလွှာတွင် စွမ်းဆောင်ရည် အားနည်းလွန်းသည် ဖြစ်ရကား ထိန်းချုပ်မှုတစ်ခုခု လိုအပ်နေသည်မှာ သံသယဖြစ်စရာ မလိုချေ။ သို့သော် မြန်မာနိုင်ငံ ဝန်ထမ်းများသည် အကျင့်ဆိုး အကျင့်ဟောင်းများကိုတော့ ဖျောက်ကြရန် လိုနေပြီဖြစ်သည်။ ဝန်ထမ်းများ၏ အလုပ်များ မြန်ဆန်သွက်လက်လာရန်မှာ ထိန်းချုပ်မှု လိုအပ်ပုံကို နားလည် သဘောပေါက်စေရမည်။ အရိုးရှင်းဆုံး လုပ်ကိုင်နည်းမှာ တန်ဖိုးတက်လာသည့် ကိစ္စများတွင်သာ ထိန်းချုပ်မှုပြုလုပ်ပြီး ကျန်ကိစ္စများကို လွှတ်ထားရန်ဖြစ်သည်။
စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် စွန့်စားမှုကို မနှစ်သက်သည့် အမွေကို ရရှိထားသည်။ “ဘုရင် မကြားလိုသည့် သတင်းတွေမပြောနဲ့” ဟူသည့် ဆိုရိုးစကားအတိုင်း အစိုးရအရာရှိများသည် အထက်လူကြီး မကြိုက်သည်ကို ပြောမိ၊ လုပ်မိမှာကို စိုးရိမ်တတ်သည့် အကျင့် ပါနေသည်။ အခြားဌာနများနှင့် ညှိနှိုင်းပူးပေါင်းကာ ပိုမိုထိရောက် လျင်မြန် ကောင်းမွန်သော လုပ်နည်းကိုင်နည်းများကို ကိုယ်စွမ်းကိုယ်စဖြင့် စမ်းသပ်လုပ်ကိုင်ရမည့်အစား အခြားလုပ်ငန်းဌာနများနှင့် ခပ်ကင်းကင်း နေထိုင်လုပ်ကိုင်ရန် ပို၍အကျင့်ပါနေကြသည်။ အရေးတကြီး မလုပ်မဖြစ်လုပ်ရမည့် အလုပ်မဟုတ်ပါက နောက်ထပ် အချက်အလက်များ စောင့်နေခြင်း၊ အထက်အမိန့်စောင့်နေခြင်းတို့ဖြင့် အဖွဲ့အစည်းတစ်ခုလုံး အကျိုးအတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည့်အစား မိမိအတွက် အကျိုးအရှိဆုံးဖြစ်မည့် အခြေအနေကိုသာ စောင့်စားနေကြမည်မှာ သဘာဝပင် ဖြစ်သည်။
ရိုးရိုးသာမာန် နိုင်ငံသူနိုင်ငံသားများမှအစ လွှတ်တော်အထိ ကျေနပ်အောင်လုပ်ရမည့် ကိစ္စကလည်းရှိ၊ ထိုကြားထဲတွင် မီဒီယာများက ဆီလိုအပေါက်ရှာ၍ လိုက်လံစစ်ဆေး စူးစမ်းနေကြမည့် အရေးကလည်း ရှိနေပြန်ရာ ဝန်ထမ်းဌာန အကြီးအကဲများအနေဖြင့် စွန့်စားလုပ်ကိုင်လိုစိတ်မှာ လျော့သထက် လျော့သွားလေတော့သည်။ ထိုအတွက် ရလဒ်မှာ အထက်အဆင့်မြင့် ခေါင်းဆောင်လုပ်သူများအတွက် တန်ဖိုးအနိမ့်ဆုံး ထောက်ခံတင်ပြချက်များသာ ရရှိနိုင်တော့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အောင်မြင်လိုလျှင် စိတ်ထားခံယူချက်ကို ပြောင်းကို ပြောင်းပစ်မှ အောင်မြင်နိုင်ပေမည်။ မြန်မာ့အုပ်ချုပ်ရေးစနစ်သည် ကိုလိုနီအုပ်ချုပ်ရေးနှင့် စစ်အုပ်ချုပ်ရေး နှစ်ခုစလုံးမှ ဆတူ ဆင်းသက်လာခဲ့ရခြင်း ဖြစ်သည်။ ပြည်သူ့အုပ်ချုပ်ရေးပုံစံသည် လုပ်ငန်းတာဝန်လမ်းကြောင်းအတိုင်း ဖွဲ့စည်းထားပြီး အစအဆုံး တာဝန်ခံသော အစိတ်အပိုင်း တစ်ခုမျှ မပါရှိချေ။ ထို့ကြောင့် ဦးစားပေးလုပ်ငန်း အပြိုင်အဆိုင် ဖြစ်လာပြီး လုပ်ငန်းတစ်ခုနှင့်တစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု မရှိတော့ချေ။ လုပ်ဆောင်ရန် လုပ်ငန်းအတွက် တာဝန်ခံမှုသည် ညွှန်ချုပ်နှင့် ၎င်းထက်မြင့်သော အဆင့်တွင်သာလျှင် ရှိနေသည်။ ယခုလိုအပ်နေသည်မှာ ရှင်းလင်းပြတ်သားသော၊ အလုပ်တာဝန်ယူရသော ကိုယ်တိုင်ပြည့်စုံသည့် ယူနစ်အဖွဲ့လေးများပင် ဖြစ်သည်။ ထိုယူနစ်များသည် မိမိဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ထိုတာဝန်ကိုလုပ်ဆောင်ရန် လုပ်ငန်းကျွမ်းကျင်မှုနှင့် အရင်းအမြစ်များ အလုံအလောက်ရှိရမည်ဖြစ်သည်။
လမ်းပြမြေပုံ – လျှော့လုပ်၊ ထိထိရောက်ရောက်နဲ့ မတူညီအောင်လုပ်
အောက်ပါလမ်းပြမြေပုံသည် ဆန့်ကျင်လိုသော အင်အားစုများအား လက်နက်မဲ့ ဖြစ်သွားစေနိုင်ပြီး မြန်မာအစိုးရ ယန္တရားကို ပိုမိုသွက်လက်လာစေမည် ဖြစ်သည်။ ဤအဆင့်တွေ ဘာကြောင့် လိုအပ်ပါသနည်း။ မဟာဗျူဟာက ဝန်ထမ်းများကို ရှင်းလင်းသောအမြင်နှင့် လမ်းညွှန်မှုကို ပေးသည်။ ဖွဲ့စည်းပုံက လူနှင့်အရင်းအမြစ်များ၏ ပျံ့နှံ့တည်ရှိပုံကို ပြသသည်။ လုပ်ငန်းစဉ်က မည်သို့ လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ပေးသည်။ လူများ၏ လုပ်ဆောင်ပုံက ဘယ်သူလုပ်သည်ဆိုသည်ကို ဆုံးဖြတ်ပြီး ၎င်းတို့လုပ်ငန်းခွင်၏ ယဉ်ကျေးမှုကို ဆုံးဖြတ်ပေးသည်။
မဟာဗျူဟာ – အစိုးရနှင့် အစိုးရဌာနအသီးသီးတို့သည် လုပ်ဆောင်စရာ ကိစ္စအနည်းငယ်ကိုသာ ဦးစားပေးသင့်သည်။ ယခင်က မရရှိဖူးသေးသော ရလဒ်များကို ရရှိပြီး တိုးတက်လာသော လုပ်ရည်ကိုင်ရည်ကိုလည်း ဆက်လက်ထိန်းထားနိုင်သော လုပ်ငန်းဧရိယာ သုံးမျိုးမှ ခြောက်မျိုးခန့်အထိကို ပထမ ရွေးချယ်လုပ်ရမည်ဖြစ်သည်။ ရရှိလိုသောရလဒ်ကိုလည်း အတိအကျ သတ်မှတ်ပြဋ္ဌာန်းထားရမည်ဖြစ်သည်။ ဦးစားပေးရွေးချယ်ရာတွင် အခက်အခဲများ တွေ့နိုင်သည်။ ခေါင်းဆောင်များအနေနှင့် ၎င်းတို့ ဦးစားပေးဆောင်ရွက်ရမည့် ပြဿနာများကို ဆုံးဖြတ် ရွေးချယ်ရာတွင်လည်း အထောက်အကူ ရရှိစေနိုင်သည်။ အရိုးရှင်းဆုံး ပုံသေနည်းမှာကား “တစ်မျိုးတည်းကို ထပ်တလဲလဲ မလုပ်ပါနှင့်။ လျှော့လုပ်ပါ။ သို့သော် ကွဲပြားခြားနားမှုနှင့် ထိရောက်မှုရှိပါစေ” ဟု ဖြစ်သည်။
များမကြာမီကပင် နိုင်ငံစီးပွားရေး တိုးတက်စေမည့် လုပ်ငန်းပေါင်း ၂၃၈ မျိုးထက်မနည်းကို အစိုးရက ထုတ်ပြန်လိုက်သည်။ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးမှအစ နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင် ပြောင်းလဲရေးအထိ အမျိုးမျိုးပါသည်။ သို့သော် မည်သည့်အရာကို ဦးစားပေးလုပ်မည်၊ ထိုပြုပြင် ပြောင်းလဲရေးများကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်မည် ဆိုသည်များ ပါမလာခဲ့ချေ။ ဆောင်ရွက်မည့်လုပ်ငန်းများ တသီကြီး ချပြထားသဖြင့် လက်တွေ့ အကောင်အထည်ဖော်ရာတွင် ရည်ရွယ်ချက်နှင့် အမြင်များကို မျှဝေခံစားနိုင်ရန် ခဲယဉ်းသွားသည်။ ရှင်းလင်းသော အမာခံမူဝါဒနှင့် လုပ်ငန်းတာဝန်ကို မည်သို့ ဆောင်ရွက်မည်ဆိုသည်တို့မှာ မရှိမဖြစ်လိုအပ်ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာသော ကျောရိုးသဖွယ်ပင် ဖြစ်သည်။
ဖွဲ့စည်းတည်ဆောက်ပုံ – သွက်လက်မြန်ဆန်သော အဖွဲ့အစည်းတစ်ခုသည် တည်ငြိမ်ပြီး ရိုးရှင်းသော ဖွဲ့စည်းပုံကို ကျောရိုးအဖြစ်ထားရှိသည်။ ထိပ်ဆုံးမှအဖွဲ့သည် အရင်းအမြစ်များကို မည်သို့နေရာချထားမည်ကို ဆုံးဖြတ်သော ဌာနအကြီးအကဲများ ဖြစ်ကြသည်။ တက်တက်ကြွကြွ လုပ်ဆောင်မည့်အင်အားစုမှာ စံပြအဖွဲ့များပင် ဖြစ်သည်။ ထိုအဖွဲ့များတွင် ဆုံးဖြတ်ပိုင်ခွင့်နှင့် ရှင်းလင်းပြတ်သားသော လုပ်ငန်းတာဝန်များ ရှိသည်။ ထိုအဖွဲ့များသည် လုပ်ငန်းစဉ်များ ထိပ်ခြင်းဆက်ထားပြီး ပြတ်သားသော အလုပ်တာဝန်ရှိသည်။ လေ့ကျင့်သင်ကြားခြင်း၊ ဝယ်ယူခြင်း၊ လုပ်ဆောင်ခြင်း အစရှိသော လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင် ထိုအဖွ့ဲများကပင် စီမံဆောင်ရွက်သည်။ လူသစ်စုဆောင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ အိုင်တီအစရှိသည်တို့သည် ထိပ်ချင်းဆက်အဖွဲ့များကို အထောက်အပံ့ ပေးသည်။ အမျိုးသားလုံခြုံရေးနယ်ပယ်တွင် ခေါင်းဆောင်များသည် ပိုမိုသေးငယ်ပြီး အပြည့်အစုံ ပါဝင်သော အဖွဲ့များ ထားရှိ လုပ်ဆောင်လေ့ရှိကြသည်။ အရွယ်အစားအမျိုးမျိုး၊ လုပ်ငန်းတာဝန်အမျိုးမျိုး၊ လုပ်ဆောင်နိုင်စွမ်း အမျိုးမျိုး ရှိနေကြသော ထိုအဖွ့ဲအစည်းများသည် အဖွဲ့အစည်း၏ အက်ပလီကေးရှင်းများပင်ဖြစ်သည်။
လုပ်ငန်းစဉ် – ပေါ့ပါးသွက်လက်သော အဖွဲ့အစည်းများသည် သတ်မှတ်ပြဋ္ဌာန်းမှု အနည်းဆုံးနှင့် စံသတ်မှတ်ထားသော အမာခံလုပ်ငန်းစဉ်က ကျောထောက် နောက်ခံပြုထားသည်ဖြစ်ရာ တည်ငြိမ်စွာ လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ၎င်းတို့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် မရှိမဖြစ် လိုအပ်ချက်များပင် ဖြစ်သည်။ ဌာနတိုင်းသည် ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်ကို ဖော်ထုတ်သတ်မှတ်ထားပြီး ဗလာစာရင်းမှ စတင်လုပ်ဆောင်ရမည်။ မြန်မာနိုင်ငံတွင် အတွေ့အကြုံအရ ရှိနှင့်ပြီးလုပ်ငန်းစဉ်ကို တိုးမြှင့်ချိန်ဆပေးသော နည်းများက အလုပ်ဖြစ်ရန် ခဲယဉ်းကြောင်း တွေ့ရှိရသည်။ အကြောင်းမှာ ရုံးတွင်းတိုက်ပွဲကို ပိုမိုကြာရှည်စေနိုင်သောကြောင့် ဖြစ်သည်။ အဖွဲ့အစည်းသည် လိုအပ်သော အချိန်ကာလအတွင်း လုပ်ဆောင်နိုင်သည်ထက် မပိုစေဘဲ အဆင့်များကို နည်းနိုင်သမျှ နည်းနည်းချင်း လုပ်ဆောင်သင့်သည်။ အရေးအကြီးဆုံးမှာ ပြန်လှန်သုံးသပ်မှု အကြိမ်အရေအတွက်ကို များများလျှော့ချပြီး သိသာသော ရလဒ်ကောင်းပေးနိုင်သည့် အခြေအနေတွင်သာ လုပ်ဆောင်ရမည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့်သာလျှင် ကိုယ်တိုင်လုပ်ကိုင်၍ ရှုပ်ထွေးနေသော လက်ရှိလုပ်ငန်းစဉ် အရှုပ်ထွေးကို ဖြေနိုင်ပေလိမ့်မည်။
လူ၏ကဏ္ဍ – မည်သို့ပင်ဖြစ်စေ အဆုံးတွင် မည်သည့် ဖွဲ့စည်းတည်ဆောက်ပုံတွေ လုပ်ငန်းစဉ်များ ချမှတ်သည်ဖြစ်စေ အလုပ်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရမည့်သူမှာ လူသာလျှင် ဖြစ်ပေသည်။ လက်ရှိအုပ်ချုပ်ရေးစနစ်တွင် ဦးဆောင်နေသူအများစုမှာ စစ်တပ်ထဲတွင် အဆင့်ဆင့် ရာထူးတက်လာသူများ၊ စစ်တိုက်ရာတွင် ဦးဆောင်မှု ကျွမ်းကျင်သူများသာ ဖြစ်ကြသည်။ သို့သော် အပြောင်းအလဲလုပ်ရန် လိုအပ်သော အရည်အချင်းမှာ စီမံကိန်းစီမံခန့်ခွဲမှုကဲ့သို့ နေရာတွင် စစ်ဘက်အရည်အချင်းမဟုတ်ဘဲ၊ အုပ်ချုပ်စီမံခန့်ခွဲမှု အရည်အချင်းသာလျှင် ဖြစ်သည်။ ဝယ်ယူရေးနှင့် လူထုဘဏ္ဍာရေးတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ အစိုးရအဆင့်မြင့် ရာထူးကြီးများတွင် ကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်များရှိကြသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရန် အဖွဲ့အစည်း အထောက်အပံ့ ၎င်းတို့တွင် မရှိကြပေ။ ၎င်းတို့ကို မှန်ကန်သော နည်းလမ်းဖြင့် နိုးကြားတက်ကြွအောင် လုပ်ပေးခြင်း၊ လုပ်ဆောင်ရန် အမိန့်အာဏာပေးခြင်းတို့ လုပ်ဆောင်ပေးမှ ပြောင်းလဲလာနိုင်ပေသည်။
ဗျူရိုကရေစီ ယန္တရားဟောင်းကြီးတစ်ခုကို ခေတ်မီ၍ တုန့်ပြန်နိုင်စွမ်းရှိသော အစိုးရ၏ လုပ်ငန်းတာဝန်ကို ဆောင်ရွက်နိုင်စေရေး ပြန်လည်အားသစ်လောင်းပေးရန်မှာ နိုင်ငံရေးအဓိဋ္ဌာန်နှင့် ရေရှည်ရင်းနှီးမြုပ်နှံမှု လိုအပ်သည်။ ထိုအပြောင်းအလဲများသည် ဖြည့်စွက်တိုးမြှင့်ပေးရန် မဟုတ်ဘဲ ပုံစံပါ ပြောင်းလဲပစ်ရမည်ဖြစ်ရာ စိတ်နေစိတ်ထား (mind-set)၊ လုပ်ပုံကိုင်ပုံနှင့် လုပ်ဆောင်နိုင်စွမ်းများကိုပါ အဓိက ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။ နိုင်ငံ၏ထိရောက်မှုကို ပြောင်းလဲစေရန် အစိုးရသည် မျှော်မှန်းချက် ကြီးမားသော၊ ခိုင်မာသည့် ချည်းကပ်မှုများ ရှိရပေမည်။ တည်ငြိမ်သော အမာခံ လှုပ်ရှားမှုကျောရိုးနှင့် လျှင်မြန်သော အမြင်၊ လျင်မြန်သော အပြောင်းအလဲအတွက် တက်ကြွသော စွမ်းဆောင်နိုင်မှုတို့ ပေါင်းစပ်ထားသော လျင်မြန်သွက်လက်သည့် အဖွဲ့အစည်း မော်ဒယ်ပုံစံသည် ဤအပြောင်းအလဲကို သယ်ဆောင်ရန် အင်အားတစ်ရပ်ပင် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံ၌ လူထုအုပ်ချုပ်ရေးကဏ္ဍ၏ ဆင့်ကဲဖြစ်စဉ်သမိုင်းကိုလည်း အသိအမှတ်ပြု နားလည်ထားရပေမည်။ စစ်တပ်လွှမ်းမိုးသော စနစ်မှ ဒီမိုကရေစီနည်းကျ လူထုအုပ်ချုပ်ရေးကဏ္ဍသို့ အောင်မြင်စွာ ပြောင်းလဲရန်အတွက် လက်ရှိကျင့်သုံးနေသော စနစ်၏ အရေးပါသော ဝိသေသလက္ခဏာများကိုလည်း ထည့်သွင်းသုံးသပ်ရပေမည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။