ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့က နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနို လောင်းကစားရုံတွေနဲ့ပတ်သက်လို့ တရားဝင် ခွင့်ပြုသင့် မသင့် ဆွေးနွေးစရာတွေ ရှိလာပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းက တပ်မတော် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ BGF တာဝန်ရှိသူတချို့ ပြည်တွင်း သတင်းမီဒီယာတွေကို ဖိတ်ခေါ်ပြီး ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနို လောင်းကစားရုံနဲ့ပတ်သက်တာတွေ ရှင်းပြခဲ့ပါတယ်။
အဓိကကတော့ သူတို့အနေနဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ရည်ရွယ်ပြီး ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်ထားတဲ့အကြောင်း၊ ဒီလို ဖွင့်လှစ်တာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ခွင့်ပြုချက်ရဖို့ အစိုးရဆီ တင်ပြထားပေမဲ့ ဒီနေ့ချိန်ထိ ခွင့်ပြုချက် မရသေးတဲ့အကြောင်း၊ ဒါကို သတင်းမီဒီယာတွေ သိအောင် ရှင်းပြတာပဲ ဖြစ်ပါတယ်။
ပြောရရင် ကုန်သွယ်လမ်း အချက်အချာလည်းကျ၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့လည်း ပြည့်နှက်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းနား တလျှောက်မှာ တရားမဝင် ကာစီနို လောင်းကစားရုံတွေ အများကြီး ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနယ်စပ် တခြားနေရာတွေမှာလည်း ကာစီနို လောင်းကစားရုံတွေ ရှိနေပါသေးတယ်။ ဥပဒေ က ခွင့်ပြုမထားတဲ့ အဲဒီ လောင်းကစားရုံတွေဆိုတာ ဘယ်လိုမျိုးလဲ၊ ဒီလိုလောင်းကစားရုံတွေကို ပိတ်ပင်သင့်သလား၊ ဖွင့်ခွင့်ပေးသင့်သလားဆိုတာ ခုတစ်ပတ် လေ့လာဆွေးနွေး ကြည့်ကြရအောင်ပါ။
၁၉၈၉ ခုနှစ် တပ်တွင်း ပုန်ကန်မှု ဖြစ်ပြီးနောက် တရုတ်နိုင်ငံ နယ်စပ်မှာ အခြေစိုက်တဲ့ အင်အားကြီး ဗမာပြည် ကွန်မြူနစ်ပါတီ CPB ပြိုကွဲသွားပါတယ်။ ဗကပ ပြိုကွဲသွားပြီးတဲ့နောက် တသီးတခြားစီ ဖြစ်သွားတဲ့ NDA ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ ဝ တပ်ဖွဲ့၊ ကိုးကန့် တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး အဲဒီနှစ်ထဲမှာပဲ တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေး လုပ်ပါတယ်။
စစ်ပွဲ မရှိဘဲ တည်ငြိမ်သွားတဲ့ အဲဒီတပ်ဖွဲ့တွေ အခြေစိုက်ရာ ဒေသတွေဟာ တရုတ်နယ်စပ်ဖြစ်တော့ နယ်စပ်ကုန်သွယ် ကူးသန်းရေးတွေ လုပ်ပါတယ်။ သစ်၊ ကျောက်မျက်ရတနာ၊ ဓာတ်သတ္တု ထုတ်တဲ့လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ နောက်ပိုင်း အဲဒီလက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ဒေသတွေမှာ ကာစီနို လောင်းကစားရုံကြီးတွေ တည်ထောင်ကြပါတော့တယ်။ ထုံးစံအတိုင်း တရုတ်သူဌေးတွေရဲ့ အရင်းအနှီးနဲ့ တရုတ်ပိုင်ရှင်တွေက ထူထောင်ကြတာဖြစ်ပြီး တိုင်းရင်းသား စစ်ဘုရင်တချို့က ဝေစုနည်းနည်းပါးပါး ရကြပါတယ်။
နဂိုမူလတုန်းကတော့ တရုတ်နိုင်ငံဘက်ခြမ်းက တရုတ်သူဌေးတွေ၊ ငွေရှိသူတွေ လာကစားပြီး အဲဒီကနေ ဝင်ငွေရအောင် ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒါပေမဲ့ နောက်ပိုင်း အဲလိုမျှော်မှန်းတဲ့အတိုင်း ဖြစ်မလာပါဘူး။ နမူနာအားဖြင့် ကချင်ပြည်နယ် ကမ်ပိုင်တီ နယ်စပ်မှာ ဖွင့်လှစ်ခဲ့တဲ့ လောင်းကစားရုံမှာဆို ပြင်ပက တရုတ်တွေ လာကစားတာနည်းနည်း၊ ဒေသခံတွေ ဝင်ကစားတာများများ၊ နောက်ပိုင်း အဲဒီဒေသခံတွေ ငွေကြေးဆုံးရှုံး၊ စီးပွားရေး ချွတ်ခြုံကျ၊ အတော်များများလည်း ဘိန်းစားတွေ ဖြစ်ကုန်တာ ဒီကနေ့အချိန်ထိ ကုစားလို့ မရနိုင်သေးပါဘူး။ ကမ်ပိုင်တီ နယ်စပ်နည်းတူ ပန်ဝါနယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကာစီနို လောင်းကစားရုံတွေကလည်း ဒေသခံတွေကို ဒုက္ခပေးတာပါပဲ။
အဲလို ကာစီနို လောင်းကစားကစားရုံတွေနဲ့ပတ်သက်ရင် မိုင်းလားဒေသဘက်က လောင်းကစားရုံတွေကတော့ နာမည်ကြီးပါတယ်။ တရုတ်တွေလည်း လာကစား၊ ငွေကြေးသုံးဖြုန်းကြပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို လက်မခံနိုင်တဲ့ တရုတ် ယူနန်ပြည်နယ် အစိုးရဘက် တာဝန်ရှိသူတွေဟာ မိုင်းလားမှာရှိတဲ့ ကာစီနို လောင်းကစားရုံတွေကို ပိတ်ပစ်ဖို့ ဖိအားပေးတာမျိုးအထိ ကြုံရပါတယ်။ အလားတူ ကချင်ပြည်နယ် နယ်စပ်ဘက်က လောင်းကစားရုံတွေ ပိတ်ဖို့လည်း ဖိအားပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သိပ်အများကြီး အောင်မြင်ပုံတော့ မရပါဘူး။
နမူနာအားဖြင့် ကချင်ပြည်နယ် ကမ်ပိုင်တီ နယ်စပ်မှာ ဖွင့်လှစ်ခဲ့တဲ့ လောင်းကစားရုံမှာဆို ပြင်ပက တရုတ်တွေ လာကစားတာနည်းနည်း၊ ဒေသခံတွေ ဝင်ကစားတာများများ၊ နောက်ပိုင်း အဲဒီဒေသခံတွေ ငွေကြေးဆုံးရှုံး၊ စီးပွားရေး ချွတ်ခြုံကျ၊ အတော်များများလည်း ဘိန်းစားတွေ ဖြစ်ကုန်တာ ဒီကနေ့အချိန်ထိ ကုစားလို့ မရနိုင်သေးပါဘူး။
မြန်မာနိုင်ငံက အစိုးရအုပ်ချုပ်မှု အာဏာစက် သက်ရောက်တဲ့နေရာမှာ အကောင်အထည်ဖော်ခဲ့တဲ့ ကာစီနို လောင်းကစားရုံကြီးကတော့ တနင်္သာရီတိုင်း ထိုင်းနယ်စပ် ကော့သောင်းမြို့နားက သူဌေးကျွန်း ကာစီနို လောင်းကစားရုံပါ။ ၁၉၈၈ အာဏာသိမ်းတက်လာတဲ့ တပ်မတော် အစိုးရက ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးမယ်ဆိုပြီး ကြေညာပြီးနောက်ပိုင်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လုပ်ပုံ လုပ်နည်းကတော့ ထိုင်းသူဌေး တစ်ယောက်ကို ကျွန်းတစ်ကျွန်းလုံး လုပ်ကိုင်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ သာယာလှပတဲ့ကျွန်းမှာ ဟော်တယ်တွေ၊ အပန်းဖြေစရာနေရာတွေနဲ့ ကာစီနို လောင်းကစားရုံ အများကြီး ဖွင့်ထားပါတယ်။ ရနောင်းဘက်ကနေ ထိုင်းနိုင်ငံသားတွေ အမြန်စက်လှေတွေနဲ့ လာရောက်လေ့ရှိပြီး အဆင့်မြင့် လုံခြုံရေးစနစ်တွေ ထားရှိပါတယ်။ ကျွန်းပတ် ကားလမ်းငယ်တောင် ရှိပါတယ်။
မြန်မာနိုင်ငံ ကော့သောင်းဘက်အခြမ်းကလာမယ့် မြန်မာနိုင်ငံသားတွေကိုတော့ စိစစ်လက်ခံပြီး အရင် တပ်မတော် အစိုးရလက်ထက်က တိုင်းမှူးတွေ၊ စစ်အရာရှိကြီးတွေဟာ သူတို့မိသားစုတွေနဲ့အတူ သွားပြီး အပန်းဖြေလေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီသူဌေးကျွန်းကို ဘယ်လို လိုင်စင်၊ ဘယ်လို လုပ်ကိုင်ခွင့်တွေ ပေးထားပြီး တိုင်းပြည်အတွက် တစ်နှစ် အခွန်ဘယ်လောက် ရနေသလဲဆိုတာကိုတော့ ဒီနေ့အချိန်ထိ ပြည်သူတွေ သိခွင့်မရကြပါဘူး။
ထိုင်းနယ်စပ် မြဝတီမြို့မှာရှိတဲ့ ကာစီနို လောင်းကစားရုံတွေကတော့ အများကြီး နောက်ကျပြီးမှ ပေါ်ပေါက်လာတာပါ။ အဲဒီလောင်းကစားရုံတွေဟာ ထိုင်းဘက်အခြမ်းက လာကစားမယ့် သူဌေးသူကြွယ်တွေအတွက် ရည်ရွယ်တယ်ဆိုပေမဲ့ လူနေ အလွန်ထူထပ်တဲ့၊ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူတွေ အများဆုံးနေထိုင်တဲ့ မြဝတီ ဧရိယာထဲမှာပဲ အများကြီး တည်ဆောက်ထားတာ ဖြစ်လေတော့ မြန်မာနိုင်ငံသားတွေပဲ အများဆုံး သွားကြ၊ ကစားကြ အခြေအနေ ဆိုက်ရောက်စေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး စောချစ်သူက ဒေသဖွံ့ဖြိုးရေးနဲ့ အစိုးရ အခွန်ဘဏ္ဍာဝင်ငွေရဖို့ တရားဝင် ခွင့်ပြုသင့်တယ်လို့ ပြောပေမဲ့ ကရင်ပြည်နယ် လွှတ်တော်အမတ် ဦးသန့်စင်အောင်ကတော့ ဒီကာစီနို လောင်းကစားရုံတွေကနေ နိုင်ငံအတွက်လည်း အခွန်မရ၊ လောင်းကစားကြောင့် မြန်မာနိုင်ငံသားတွေရဲ့ဘဝတွေ ပျက်ရသလို၊ နောက်ဆက်တွဲ မူးယစ်ဆေးဝါး ပြဿနာ၊ ဒုစရိုက်မှု ပြဿနာတွေ ဖြစ်ပေါ်လာစေတာကလည်း အမှန်ပဲ ဖြစ်နေပါတယ်။
တကယ်တော့ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံအဖြစ် ရှိနေဆဲပါ။ ဒါကြောင့် မြန်မာနိုင်ငံသားတွေအတွက်ဆို ကာစီနို လောင်းကစားရုံတွေ လုံးဝ မလိုအပ်ပါဘူး။ ဒါပေမဲ့လည်း အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံဟာလည်း ကာစီနို လောင်းကစားရုံတွေကို ဥပဒေအရ ခွင့်ပြုထားတာ မရှိလေတော့ ကမ္ဘောဒီးယားနိုင်ငံနမူနာယူပြီး အဲဒီ အချက်ကနေ ခရီးသွားတွေ ဝင်ရောက်လာအောင်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးလာအောင်၊ တိုင်းပြည် အခွန်ဘဏ္ဍာရအောင် ဆောင်ရွက်ဖို့ စဉ်းစားသင့်ပါတယ်။
ဒါပေမဲ့ အဲလို အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံသားတွေ မထိခိုက်ရလေအောင်၊ တကယ့်ကို တိုင်းပြည်အတွက်လည်း ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာငွေတွေ ရရှိလာအောင် စနစ်ကျပြီး အလွန်တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ပြီးမှ၊ အစိုးရကိုယ်တိုင် အဲဒီကာစီနို လောင်းကစားရုံ လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ထိန်းချုပ်နိုင်မှ အကောင်အထည်ဖော်စေသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။