မြန်မာနိုင်ငံတွင် မွေးဖွားသူ လေးသန်းကျော်မှာ ပြည်ပနိုင်ငံများတွင် ယခုအခါ နေထိုင်နေကြပြီး အများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် ဖြစ်ကြသည်ဟု ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ (UNFPA) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကိန်းကဏန်းများတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံနေချိန်အတွင်း ပြည်ပသို့ ရောက်ရှိနေသည်ဆိုသည့် လူနှစ်သန်းလည်း ပါဝင်သည်ဟု ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် “၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ရွှေ့ပြောင်း သွားလာခြင်းနှင့် မြို့ပြ ထွန်းကားလာခြင်းဆိုင်ရာ အစီရင်ခံစာ” တွင် UNFPA က ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမတိုင်မီက နောက်ဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံခဲ့သည့် ၁၉၈၃ ခုနှစ်ကတည်းက တိုင်းပြည်မှ ထွက်ခွာသွားသူများလည်း ပါဝင်သည်။
ပြည်ပတွင် နေထိုင်နေကြသည့် မြန်မာအများစုမှာ နယ်စပ်ဒေသများမှ ရွှေ့ပြောင်းသွားကြသူများ ဖြစ်ကြသည်။ အသိသာဆုံးမှာ ကရင်နှင့် မွန်ပြည်နယ်တို့မှ ဖြစ်ကြပြီး အဓိကအားဖြင့် ပြည်ပတွင် ဝင်ငွေကွာခြားမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် ဖြစ်ကြသည်။
ပြည်ပသို့ ရွှေ့ပြောင်းသွားလာမှုတွင် အမျိုးသားများက ဦးဆောင်နေကြပြီး အမျိုးသမီး ၁၀၀ ဦးလ ျှင် အမျိုးသား ၁၅၆ ဒသမ ၃ ဦးမှာ ပြည်ပသို့ ရွှေ့ပြောင်းသွားကြသည်။ ထိုင်းနိုင်ငံသို့ မကြာသေးမီက ရွှေ့ပြောင်းသွားကြသူများ၏ လေးပုံသုံးပုံမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အကြားဖြစ်ကြသည်။
ပြည်တွင်းရွှေ့ပြောင်းသွားလာမှုနှင့် ပတ်သက်ပြီးမူ နိုင်ငံသားအများစုမှာ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာကြသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ဖြစ်ကြသည်။ ၎င်းတို့အများစုမှာ စီးပွားရေးမြို့တော်အနီးတွင် တည်ရှိသည့် စက်မှုဇုန်များတွင် ကျပန်းလုပ်သားများအဖြစ် လုပ်ကိုင်နေကြသည်။
“ရန်ကုန်မြို့အပြင်ဘက်မှာ စက်မှုဇုန်တွေ ထားရှိခြင်းအားဖြင့် မြို့ပြဖွံ့ဖြိုးမှု နှေးကွေးသွားအောင် မူဝါဒ ချမှတ်သူတွေက ကူညီဆောင်ရွက်ပေးနိုင်တယ်ဆိုတာကို ဒီအချက်တွေက ပြသနေပါတယ်” ဟု UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ မစ္စဂျဲနက် ဂျက်ဆင်က ပြောကြားသည်။
“စက်မှုဇုန်တွေမှာ အိမ်ယာ၊ ဝန်ဆောင်မှုစတာတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီဆိုတာကိုလဲ ဒီအချက်အလက်တွေက ပြသနေပါတယ်” ဟု ၎င်းကပြောကြားသည်။
ရွှေ့ပြောင်းဝင်ရောက်လာမှုတွင် ကချင်၊ ကယားနှင့် ကရင်ပြည်နယ်များသို့ အများဆုံးဖြစ်ပြီး အဓိကအားဖြင့် သယံဇာတ တူးဖော်ထုတ်ယူသည့် လုပ်ငန်းများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ကြောင့် ဖြစ်သည်။ ရွှေ့ပြောင်းထွက်ခွာမှုတွင် ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးများမှ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်လည်း ပါဝင်သည်။
မကြာမီက ရွှေ့ပြောင်းသွားလာမှုများတွင် အမျိုးသမီးများ ထက်ဝက်ကျော် ပါဝင်နေသည့်အတွက် နိုင်ငံ၏ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာနေကြသော ထိခိုက်လွယ်သည့် အဆိုပါအမျိုးသမီးများကို အစိုးရအနေဖြင့် ကာကွယ်မှုပေးရန် ဂျက်ဆန်က တိုက်တွန်းလိုက်သည်။
“အမျိုးသမီး ရွှေ့ပြောင်းသွားလာသူတွေကို အမြတ်ထုတ်ခြင်းကနေ ကာကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံမှာ ပေါ်လစီတွေ၊ ဝင်ရောက်ဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်။ အဲဒီထဲမှာ နေထိုင်ခိုနားစရာတွေ စီစဉ် ဆောင်ရွက်ပေးတာနဲ့ သူတို့အခွင့်အရေးတွေအတွက် သတင်းအချက်အလက် ပေးတာတွေလဲ ပါဝင်ပါတယ်” ဟု ၎င်းကပြောကြားသည်။
သတင်-အိုလီဗာ ဆလိုး