အေအက်ဖ်ပီ
မြန်မာစစ်တပ်က ရိုဟင်ဂျာမူဆလင်များအပေါ် ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခဲ့သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ခေါင်းဆောင်၏ ရှင်းလင်းပြောကြားမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြားနာရန် စီစဉ်ထားကြောင်း သံတမန်များက အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြောကြားသည်။
ထိုသို့ရှင်းလင်းပြောကြားရန် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် ကိုးနိုင်ငံက တောင်းဆိုခဲ့ခြင်းဖြစ်ကာ မြန်မာစစ်တပ်နှင့် ရင်းနှီးသော ဆက်နွယ်မှုရှိသည့် တရုတ်နိုင်ငံကမူ ကန့်ကွက်ဖွယ်ရှိနေသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများမှ တွေ့ရှိချက်များကို ပယ်ချထားသည့် မြန်မာနိုင်ငံက ကန့်ကွက်နေသော်လည်း တွေ့ဆုံပွဲကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြလုပ်ရန် စီစဉ်ထားသည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်သည် အငြင်းပွားဘွယ် ဒေါသပေါက်ကွဲစေသည့် အစီရင်ခံစာတစ်စောင်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သ်။ မြန်မာနိုင်ငံ၏ အခြေအနေကို ဟိဂ်မြို့ရှိ နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲရန်၊ သို့မဟုတ် ယခင်ယူဂိုဆလားဗီးယားအား အရေးယူခဲ့သကဲ့သို့ သီးခြား နိုင်ငံတကာရာဇဝတ်ခုံရုံးတစ်ခု ဖွဲ့စည်းရန် အစီရင်ခံစာက တောင်းဆိုထားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာထိပ်တန်း ဗိုလ်ချုပ်ကြီးများကို ရခိုင်ပြည်နယ်တွင် လူမျိုးတုံးသုတ်သင် ရှင်းလင်းမှုအတွက် စုံစမ်းစစ်ဆေးကာ တရားစွဲရမည်ဟု ၎င်းမစ်ရှင်က ဆိုသည်။ ရိုဟင်ဂျာ ၇၀၀,၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် နှိမ်နင်းမှု စစ်ဆင်ရေးတွင် စစ်တပ်က ရက်စက်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များမှာ မဟုတ်မှန်ကြောင်း မြန်မာက ပယ်ချထားသည်။
လုံခြုံရေးကောင်စီသို့ ပေးပို့ ပို့သည့် သီးခြားစာတစ်စောင်တွင် မစ်ရှင်ကို ကြားနာရန် တောင်းဆိုခြင်းအား ၎င်း၏အစိုးရအနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုစွမ်းက ပြောသည်။
ဗြိတိန်၊ ပြင်သစ်၊ ပီရူး၊ ဆွီဒင်၊ အိုင်ဗရီကိုစ့်၊ နယ်သာလန်၊ ပိုလန်၊ ကူဝိတ်နှင့် အမေရိကန်ပြည်ထောင်စုတို့က အစည်းအဝေးပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သို့သော် လုပ်ထုံးလုပ်နည်း မဲပေးမှုဖြင့် တားမြစ်ခံရဖွယ်လည်း ရှိနေသေးသည်။
အစည်းအဝေးအား တားမြစ်ရန် လှုပ်ရှားမှုမရှိခဲ့ပါက မစ်ရှင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် လုံခြုံရေးကောင်စီက ပြီးခဲ့သည့်နှစ်တွင် ခန့်အပ်ခဲ့သည့် အင်ဒိုနီးရှားရှေ့နေ Marzuki Darusman ၏ ရှင်းလင်းပြောကြားမှုကို ကောင်စီက ကြားနာမည်ဖြစ်သည်။
ရိုဟင်ဂျာများကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ရက်စက်မှုများကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသည့် အခြေခံအကြောင်းအချက်များ ရှိခဲ့သည်ဟု မစ်ရှင်က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူမျိုးတုန်းကျူးလွန်မှုဖြင့် စွဲချက်တင်မည်ဟုလည်း သတိပေးထားသည်။
ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် နယ်ခြားစောင့်စခန်းများအား တိုက်ခိုက်ခဲ့သည့် ရိုဟင်ဂျာအစွန်းရောက်များက စတင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာက စွဲကိုင် ပြောဆိုနေသည်။