မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းမယ်ဆိုရင်

ကချင်ပြည်နယ်က တရုတ်ကျောထောက်နောက်ခံ ပေးထားတဲ့ အငြင်းပွားဖွယ် မြစ်ဆုံဆည်စီမံကိန်းကို ဖျက်သိမ်းဖို့အတွက် ဖြစ်နိုင်ခြေရှိနေမှုက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ပြီး နိုင်ငံရဲ့ တခြားနေရာတွေမှာ ပိုမိုသေးငယ်တဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ရှေ့တိုးဆောင်ရွက်ဖို့ အခွင့်အလမ်းတစ်ခု ရှိလာမှာ ဖြစ်ပါတယ်။

JOERN KRISTENSEN  ရေးသားသည်။

ငါးနှစ်ကြာမသေချာမရေမှုတွေဖြစ်ခဲ့ပြီးတဲ့ နောက်မှာတော့ မြစ်ဆုံဆည်စီမံကိန်းကို ဖျက်သိမ်းတော့မယ်ဆိုတာ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။

ဖျက်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရေအားလျှပ်စစ်အပါအဝင် လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်လုပ်ဖြန့်ဖြူးမယ်ဆိုတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးဖို့ ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးပါလိမ့်မယ်။ ဒီအခွင့်အရေးကို ဆုံးရှုံးမခံသင့်ပါဘူး။

မြန်မာနိုင်ငံက မြစ်တွေပေါ်မှာ ဆည်ဆောက်တာဟာ အငြင်းပွားဖွယ်ဖြစ်နေဆဲပါ။ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) က မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲပတ်သက်ပြီး စီစဉ်ထားတဲ့ မဟာဗျူဟာမြောက် သဘာပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက် (Strategic Environmental Assessment) နဲ့ပတ်သက်ပြီး သတင်းပေးဖို့နဲ့ သဘောထားတုံ့ပြန်မှုကို လက်ခံရရှိဖို့ ဇန်နဝါရီလ နောက်ပိုင်းနဲ့ ဖေဖော်ဝါရီလ အစောပိုင်းက ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ လူထုဆွေးနွေးညှိနိုင်းပွဲတွေ ကျင်းပခဲ့တဲ့အခါ ဒီလိုအငြင်းပွားမှုတွေကို ထပ်ပြီးတွေ့ရပါတယ်။ ပြည်သူတွေက ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ အစည်းအဝေးကျင်းပရာနေရာ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။

ဒါပေမယ့် နှစ်ဖက်စလုံးမှာ တင်းမာမှုတွေက ရှိနေဆဲပါ။ လူထုရဲ့ ကန့်ကွက်မှုကြောင့် အစိုးရအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်းသစ်တွေ ရှေ့မတိုးနိုင်တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်း မကြာသေးမီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ရရှိနိုင်မှုနဲ့ပတ်သက်လို့  ထည့်သွင်းစဉ်းစားရာမှာ လူထုက လက်ခံမှု မရှိတာကို နားလည်နိုင်ပါတယ်။ အရင်က စစ်အုပ်ချုပ်ရေးကာလတွေအတွင်း ချဉ်းကပ်မှုဟာ မဟာဗျူဟာ မကျပါဘူး။ ရည်ရွယ်ချက်က အမြတ်အများဆုံးရရှိဖို့ပါ။

ရေအားလျှပ်စစ်ထုတ်လုပ်မယ့် ဆည်တွေဆောက်ဖို့အတွက် တည်ဆောက်မယ့်သူတွေကို နေရာရွေးခွင့်ပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအန္တရာယ်ကင်းရှင်းရေးကို ထည့်မစဉ်းစားခဲ့ကြပါဘူး။ ဆောက်လုပ်မှုကြောင့် ထိခိုက်မယ့် လူ့အသိုင်းအဝိုင်းတွေမှာ မျိုးဆက်များစွာ နေလာခဲ့ကြပြီး ပြောင်းရွှေ့ပေးရတဲ့ ရွာသူ၊ ရွာသားတွေ ပါဝင်ပါတယ်။ ဒါပေမယ့် တွေ့ဆုံညိနှိုင်းမှုတော့ မလုပ်ခဲ့ပါဘူး။

အထူးသဖြင့် ဆည်စီမံကိန်းအများစုရှိတဲ့ တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ စိတ်ခံစားချက်တွေ၊ ရိုးရာအစဉ်အလာတွေ၊ အသက်မွေးမှုတွေနဲ့ လူ့အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားမှု မရှိတာတွေကြောင့် မြစ်ဆုံနဲ့ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဆည်အချို့ကို ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လူမှုရေးဖယ်ကြဉ်မှုကို ဆယ်စုနှစ်များစွာ ခံစားနေရတဲ့ တိုင်းရင်းသား လူမှုအသိုင်းအဝိုင်းတွေကတော့ အစိုးရရဲ့ စီမံကိန်းတွေကို လက်မခံကြပါဘူး။ လျှပ်စစ်ထုတ်ပေးတဲ့  ဒေသခံ အသိုင်းအဝိုင်းတွေအတွက် မဆိုထားနဲ့၊ နိုင်ငံတွင်းထက် အိမ်နီးချင်းနိုင်ငံတွေဆီ လျှပ်စစ်ဓါတ်အား အချိုးအစားပိုမိုပေးမယ်ဆိုတဲ့ အချက်ကြောင့်လည်း ဆည်တွေကို ကန့်ကွက်မှု ပိုမိုအားကောင်းစေခဲ့ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓါတ်အား လိုအပ်တယ်ဆိုတာကတော့ အငြင်းပွားစရာမရှိပါဘူး။

“လျှပ်စစ်မီး ရသွားပြီဆိုလို့ရှိရင် အလုပ်အကိုင် ဖန်တီးရေးဟာ ပိုပြီးတော့တိုးတက်လာတယ်။ လျင်မြန်လာတယ်။ ပြည်သူတွေကလည်း မိမိတို့ကိုယ်တိုင် မိမိဘာသာ အလုပ်အကိုင်တွေကို ဖန်တီးနိုင်တဲ့ခွင့်လည်း ရလာတယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒီလို လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့နေရာ၊ လျှပ်စစ်မီးရတဲ့နေရာမှာဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံချင်တဲ့စိတ်တွေဖြစ်လာတယ်။”

ဒီတော့ ဒါကြောင့်မို့ ကျွန်မတို့ အခုကနေစပြီးတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးနဲ့တန်းတူ လျှပ်စစ်မီးရရှိရေးကို ကျွန်မတို့ အဓိကထားပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်” လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ ပထမနှစ်ပတ်လည်အထိမ်းအမှတ်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

စီးပွားရေး ဖွံ့ဖြိုးလိုတဲ့ဆန္ဒတစ်ခုနဲ့ လျှပ်စစ်ဓါတ်အားထုတ်ဖို့ နိုင်ငံရဲ့ မြစ်ကြီးတွေအသုံးပြုတာကို အရပ်ဖက် လူ့အဖွဲ့အစည်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေမှုရဲ့ကြားထဲကနေ ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေက ရုန်းထွက်ဖို့ နည်းလမ်းတစ်ခု ရှာခြင်းဟာ အခြေခံအားဖြင့် ရိုးရှင်းသလို ထူးထူးခြားခြားလည်း ရှုပ်ထွေးတတ်ပါတယ်။ ဒါကတော့ ယုံကြည်မှု တည်ဆောက်ခြင်းပါပဲ။

၂၀၁၁ ခုနှစ်က အာဏာရခဲ့တဲ့ ဦးသိန်းစိန်အစိုးရကလည်း သမိုင်းတစ်လျှောက် မြန်မာနိုင်ငံကို ဖိစီးနေတဲ့ အလားတူ ပြဿနာမျိုးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒါကတော့ နိုင်ငံရဲ့ အစွန်းပိုင်းဒေသတွေမှာနေကြတဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ နိုင်ငံရဲ့အလယ်ပိုင်းမှာနေကြတဲ့ ဗမာလူမျိုးတွေကြားက ယုံကြည်မှု ကင်းမဲ့နေခြင်းပါ။ ဒီပြဿနာက NLD အစိုးရလက်ထက်ထိ ကြံ့ကြံ့ခံ ဆက်ရှိနေဆဲပါ။

မယုံကြည်မှုဟာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ပါပဲ။ လျှပ်စစ်ဓါတ်အားသုံးစွဲမှုစနစ် ပြောင်းလဲမှုအပါအဝင် စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုတွေရအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု တစ်စုံတစ်ရာမစတင်မီ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားပါတယ်။

မြစ်ဆုံဆည်ကို ဖျက်သိမ်းခြင်းက ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ တစ်ကယ်လို့ အရေးယူဆောင်ရွက်မှုတချို့ကိုသာ နောက်ကကပ်ပါလာရင် ရှေ့မတိုးနောက် မဆုတ်သာအခြေအနေကနေ ရုန်းထွက်နိုင်စေပြီး အစိုးရနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုကို လုပ်လာနိုင်မှာပါ။

ဒီလိုကိစ္စမျိုးမှာ အစိုးရဘက်က ဦးဆောင်ဦးရွက် လုပ်ရမယ့် အစီအစဉ်တွေအများကြီးရှိပါတယ်။ အဲဒါတွေကတော့

(၁) ဧရာဝတီနဲ့ သံလွင်မြစ်တွေပေါ်မှာ ဆည်ကြီးတွေ တည်ဆောက်မယ့် လက်ရှိအစီအစဉ်မှန်သမျှ ရပ်ဆိုင်းပါ။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းဆောင်ရွက်ပေးပါက မြစ်လက်တက်များပေါ်မှာ ဆည်အလတ်နဲ့ ဆည်အသေးတွေ ဆောက်လုပ်ခြင်းကို ဦးစားပေးမယ်လို့ ကြေညာပါ။ ဒီလိုမျိုးလုပ်ဆောင်ချက်က ၂၀၀၀ ပြည့်နှစ်က ဆည်များဆိုင်ရာ ကမ္ဘာ့ကော်မရှင် (World Commission on Dams) က ထုတ်ပြန်ထားတဲ့ ထောက်ခံအကြံပြုချက်တွေနဲလည်း ကိုက်ညီပါလိမ့်မယ်။

 (၂) လက်ရှိရှိနေတဲ့ ရေအားလျှပ်စစ်စက်ရုံတွေကို အဆင့်မြှင့်တင်ပြီး အချိန်တိုအတွင်း လျှပ်စစ်ဓါတ်အား အမြင့်ဆုံးထုတ်နိုင်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို အပြီးသတ်ပါ။

 (၃) စွမ်းအင်ရင်းမြစ်မျိုးစုံပေါ်အခြေပြုတဲ့ လျှပ်စစ်ဓါတ်အားစနစ်ကို အသုံးပြုဖို့ စီမံကိန်းရေးဆွဲပါ။ မြန်မာနိုင်ငံမှာ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့၊ ရေအားလျှပ်စစ်နဲ့ အခြားစွမ်းအင်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ရွေးချယ်စရာတွေ အများကြီးပါ။ ကမ်းရိုးတန်းဒေသတွေမှာ လေအားလျှပ်စစ်အသုံးပြုပြီး အပူပိုင်းဒေသတွေမှာ နေရောင်ခြည်စွမ်းအင် အသုံးပြုပါ။ ဒီစွမ်းအင်တွေဟာ သဘောဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ရုံမက ကုန်ကျစရိတ်လည်း သက်သာပါတယ်။

 (၄) နိုင်ငံရဲ့ ပင်မဓါတ်အားလိုင်းနဲ့ ချိတ်ဆက်မှုမရှိတဲ့ အိမ်ထောင်စုတွေကို လျှပ်စစ်ဓါတ်အား ပေးနိုင်ဖို့ ဒေသတွင်း ကွန်ရက်တွေကို ထူထောင်ဖို့ မဟာဗျူဟာတစ်ခုကို ချမှတ်ပါ။ ဒါပေမဲ့ လောလောဆယ်တော့ ဒီလိုမဖြစ်နိုင်သေးပါဘူး။ ပွင့်လင်းမြင်သာမှုရှိရှိ ညိနှိုင်းပြီးဆောင်ရွက်တဲ့ ဒီလိုစီမံကိန်းမျိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတောင် အထောက်အကူ ပြုနိုင်ပါတယ်။

 (၅) ပြည်နယ်တွေအပါအဝင် နိုင်ငံတစ်ဝန်း ပြည်သူလူထု ဆွေးနွေးညိနှိုင်းပွဲတွေမှာ IFC Strategic Environmental Assessment ရဲ့ အကဲဖြတ်မှုရလဒ်တွေကို တင်ပြပါ။ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်အကဲဖြတ်ချက်(SEA)ဟာ အခြားရွေးချယ်စရာတွေနဲ့ နှိုင်းယှဉ်ရင် ရေအားလျှပ်စစ်နဲ့ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကြားထဲကနေ လမ်းညွှန်သူတစ်ဦးအဖြစ် ဆောင်ရွက်နိုင်ပါတယ်။

ရေအားလျှပ်စစ်နဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ နိုင်ငံတော်တော်များများမှာလည်း မကောင်းသတင်းတော့ ရှိတတ်ပါတယ်။ ဒါပေမယ့် ဆည်အားလုံးအတူတူပဲလို့တော့ မပြောနိုင်ပါဘူး။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကုန်ကျမှုထက် အကျိုးကျေးဇူးက ပိုများတယ်ဆိုတဲ့ နည်းလမ်းနဲ့ ထုတ်လုပ်အသုံးပြုနေတဲ့ သာဓကတွေရှိပါတယ်။

ကမ္ဘာပေါ်မှာ လူမှုရေးအရည်အသွေးနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်မှု အမြင့်ဆုံးစံနှုန်းရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ နော်ဝေမှာတော့ ရေအားလျှပ်စစ် သုံးရတာကို လူထုတစ်ရပ်လုံးက သဘောကျကြပါတယ်။

ဘယ်စီမံကိန်းတွေကတော့ဖြင့် ပြည်သူတွေအတွက် အကျိုးရှိမယ်။ ဘယ်မြစ်ကိုတော့ဖြင့် ကာကွယ်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့ ကျယ်ပြန့်တဲ့ ပင်မစီမံကိန်းတစ်ခုကို နိုင်ငံတွင်း ဖော်ဆောင်ပြီးတဲ့နောက်မှာ ဆည်တွေရဲ့ တည်ရှိမှုနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေ လျော့ပါးသွားခဲ့ပါတယ်။

ဒီနေ့အချိန်မှာတော့ နော်ဝေပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားပြီး နော်ဝေလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံး လူသားတွေအဖြစ် မကြာသေးမီက မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါပေမယ့် ကောင်းကောင်းမွန်မွန် စီစဉ်မှုမရှိရင်တော့ ဆည်တွေဟာ ဆိုးကျိုးများစွာ သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်မှာ ဖြစ်ပါတယ်။ ဒါက ကျေးလက်လူထုအပေါ် သက်ရောက်မှု ဖြစ်စေမှာပါ။

ဆည်တစ်ခု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ နောက်ဆုံးဆုံးဖြတ်ချက်တွေ မချခင်မှာ အန္တရာယ်မရှိကြောင်းကို တည်ဆောက်အကောင်အထည်ဖော်သူတွေက သက်သေပြဖို့တာဝန်ရှိပြီး သင့်လျော်တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာနဲ့ လူမှုရေးသက်ရောက်မှု အကဲဖြတ်ချက်တွေ၊ လူထုဆွေးနွေးညိနှိုင်းပွဲတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို မလွဲမသွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar