ရပ်နားထားသည့် မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
မြစ်ဆုံဆည် စီမံကိန်းသည် ”နှစ်ဖက်လုံးက သဘောတူညီထားပြီးဖြစ်သည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း” ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Sunying က နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်သည့် နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စီမံကိန်းမှာ “အတည်ပြုသည့် လုပ်ငန်းစဉ်များကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။
ယခုရက်သတ္တပတ်အစောပိုင်းက ဖော်ပြခဲ့သည့် ရိုက်တာသတင်းတစ်ပုဒ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား ရရှိရန် မြစ်ဆုံစီမံကိန်းအစား သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်များနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းများကို လုပ်ဆောင်ရန် ပိုမိုလိုလားသည်ဟု ပြောကြားခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် Sunying က ပြောကြားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံနဲ့ ဆက်လက် ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းဆောင်ရွက်ရာတွင် ပေါ်ပေါက်လာသည့် ပြဿနာများနှင့် အခက်အခဲများကို တက်ကြွစွာနှင့် သင့်လျော်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောကြားသည်။
အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခန့် တန်ဖိုးရှိသည့် အဆိုပါစီမံကိန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးရှိ ဧရာဝတီမြစ်ဆုံနေရာတွင် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ စီမံကိန်းကို မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ အေးရှားဝေါလ်က ငါးရာခိုင်နှုန်းနှင့် တရုတ် CPI ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ကိုင်ရန် သဘောတူညီခဲ့သည်။ စက်ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁,၆၀၀ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။
ယခင် စစ်အစိုးရလက်ထက်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် အဆိုပါစီမံကိန်းကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရလက်ထက်တွင် အကောင်အထည်မဖော်ရန် သမ္မတအမိန့်ဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
“တရုတ် CPI ကုမ္ပဏီကို ဆက်ခံတဲ့ လက်ရှိ SPIC ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူဇန်ရဲ့ ပြောကြားချက်အရ စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ အချိန်အထိ မြစ်ဆုံရေကာတာ စီမံကိန်း တစ်ခုတည်းအတွက်ကိုပဲ တရုတ် ရင်မင်ဘီ ၄ ဒသမ ၇ ဘီလျံနဲ့ ညီမျှတဲ့ ဒေါ်လာ သန်း ၈၀၀ ကျော် အသုံးပြုထားပြီးပြီလို့ ဆိုပါတယ်။ ဒီငွေတွေကို ဘဏ်တွေကနေ ချေးယူ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် စီမံကိန်း ရပ်ဆိုင်းထားရတဲ့ ယနေ့တိုင် အတိုးငွေတွေ ပေးချေနေရဆဲလို့ ဆိုပါတယ်။ ဒီငွေကြေးပမာဏဟာ အလွန်များလွန်းတဲ့အတွက် တရုတ် အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်း ပြဿနာကို ဂရုစိုက်နေရတာလို့ ဆိုပါတယ်” ဟု ဆောင်းပါးရှင် စည်သူအောင်မြင့်၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။