စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာဟုန်လျံဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ပြီး ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်လို့ လေ့လာစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
သူနဲ့အတူ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ် State Power Investment Corporation SPIC (ယခင် CPI ကုမ္ပဏီ) နိုင်ငံတကာ စီးပွားရေး ဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူဇန်၊ မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်တဲ့ Upstream Ayeyawady Confluence Basin Hydropower Co.,Ltd ဒု ဥက္ကဋ္ဌ မစ္စတာ CAO junhua နဲ့ SPIC ပီကင်းရုံးချုပ်က အရာရှိတွေလည်း လိုက်ပါသွားကြပါတယ်။
တရုတ်သံအမတ်ကြီးနဲ့ SPIC ထိပ်တန်းအရာရှိတွေရဲ့ မြစ်ကြီးနား ခရီးစဉ်ဟာ ဘာအဓိပ္ပာယ် ဆောင်သလဲ၊ တရုတ်တွေဘက်က မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ်ဖို့ ရည်ရွယ်ထားသလဲ၊ စီမံကိန်း ရှေ့အလားအလာ ဘာဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တရုတ်သံအမတ်ကြီးနဲ့ SPIC အရာရှိတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆန့်ကျင်နေကြတယ်ဆိုတာကို သိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ယူဆတာက မြန်မာနိုင်ငံသား အများစုဟာ မြစ်ဆုံရေကာတာ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အခြေအနေ အချက်အလက်မှန်တွေကို သိပ်ပြီး မသိရှိကြသေးဘူး၊ ဒီအတွက် မြစ်ကြီးနားမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ ပါတီတွေ၊ ဒေသခံ တိုင်းရင်းသားတွေကို တွေ့ဆုံပြီး စီမံကိန်းအကြောင်း ရှင်းပြတာနဲ့ စီမံကိန်းအပေါ် သက်ဆိုင်ရာတွေရဲ့ သဘောထားကို တီးခေါက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ၂၀၀၆ ခုနှစ်ကတည်းက အစပြုခဲ့တာပါ။ အဲဒီ အချိန်က မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကနေတဆင့် မြန်မာစစ်အစိုးရအနေနဲ့ ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ တရုတ်အစိုးရဆီကနေ ငွေအား၊ နည်းပညာအား အကူအညီတောင်းခံခဲ့တာကနေ အစပြုတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ်မှာ အလွန်ကြီးမားတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး စတင်ခဲ့တာပါ။
မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ဆိုပေမဲ့ မြစ်ဆုံပေါ်မှာ ရေကာတာ တစ်ခုတည်း တည်ဆောက်ဖို့ မဟုတ်ပါဘူး။ မလိခ မြစ်ပေါ်မှာ ရေကာတာ တစ်ခု၊ မေခ မြစ်ပေါ်မှာ ရေကာတာ ငါးခု၊ မေခ၊ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တစ်ခု စုစုပေါင်း ရေကာတာ ခုနှစ်ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အားတွေ ထုတ်ယူဖို့ပါ။
စီမံကိန်းအားလုံး ပြီးဆုံးသွားလို့ရှိရင် အဲဒီ ရေအားလျှပ်စစ် စက်ရုံကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ပမာဏဟာ မဂ္ဂါဝပ် ၂၁,၆၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ၂၀၁၅ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မဂ္ဂါဝပ် ၅,၀၀၀ ကျော်လောက်ပဲ ထုတ်လုပ်နိုင်သေးတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ထုတ်လုပ်သုံးစွဲနေတာရဲ့ လေးဆကျော် ထွက်ရှိမယ့် အလွန့်အလွန်ကြီးမားတဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စီမံကိန်းကြီး တစ်ခုလုံးဆိုရင် ဒေါ်လာ ဘီလျံ ၃၀ လောက် တန်ကြေးရှိတဲ့ စီမံကိန်းကြီးဖြစ်တယ်လို့ သိရပါတယ်။ ကနဦး စာချုပ်ချုပ်ဆိုမှုတွေအရ ဒီစီမံကိန်းကြီးအတွက် မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အေးရှားဝေါလ်က ၅ ရာခိုင်နှုန်းနဲ့ တရုတ် CPI ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ကိုင်ကြမယ်လို့ ဆိုပါတယ်။
ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေနဲ့ပတ်သက်ပြီး ၁၀ ရာခိုင်နှုန်း မြန်မာနိုင်ငံက အခမဲ့ သုံးစွဲခွင့်ရမယ်လို့ ဆိုပါတယ်။ တကယ်လို့ လိုချင်သေးတယ်ဆိုရင် နောက်ထပ် ၂၀ ရာခိုင်နှုန်း အထိ ကုမ္ပဏီကနေ ဝယ်ယူသုံးစွဲနိုင်ပြီး ဈေးနှုန်းကတော့ ကုမ္ပဏီကနေ တရုတ် ဒါမှမဟုတ် တခြားနိုင်ငံတွေကို ရောင်းချတဲ့ ဈေးနှုန်းအတိုင်း ဖြစ်မယ်လို့ ပြောပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ ကုမ္ပဏီက လွတ်လွတ်လပ်လပ် ဈေးကွက်တင် ရောင်းချမယ်လို့ ဆိုပါတယ်။ ဒီလို ရောင်းချရာမှာ တရုတ် တစ်နိုင်ငံတည်း အတွက် ရည်ရွယ်တာ မဟုတ်ဘဲ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေအထိ ရောင်းချဖို့ ရည်ရွယ်ရင်း ရှိတယ်လို့ ဆိုပါတယ်။
ပြဿ နာက သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ စီမံကိန်းကို ယာယီ ရပ်ဆိုင်းလိုက်တာကနေ အစ ပြုပါတယ်။ စီမံကိန်း အကောင်အထည် ဖော်ရာမှာ တရုတ်ကုမ္ပဏီဟာ တရုတ်ဘဏ်တွေကနေ ချေးငွေယူပြီး လုပ်ကိုင်ထားတာ ဖြစ်လေတော့ စီမံကိန်း ရပ်ဆိုင်းထားပေမယ့် ကုန်ကျစရိတ်အပေါ်မှာ အတိုးငွေတွေက နှစ်စဉ် တက်နေတယ်လို့ သိရပါတယ်။
ဒီလို အတိုးကြောင့် ကုန်ကျစရိတ် မြင့်တက်လာတဲ့ အခြေအနေကိုလည်း အရင်အစိုးရ လက်ထက်ကတည်းက တစ်နှစ်ကို တစ်ကြိမ် အစိုးရ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ရှေ့နေချုပ်ရုံးဆီ အစီရင်ခံ တင်ပြနေခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းအထိ စီမံကိန်း ရပ်ဆိုင်းထားလိုက်ရတဲ့အတွက် အရပ်ရပ် ကုန်ကျစရိတ် ဒေါ်လာသန်း ၈၀၀ ကျော် ရှိသွားပြီ ဖြစ်တဲ့အကြောင်း မြန်မာ အစိုးရဆီ တင်ပြခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ တရုတ်ကုမ္ပဏီနဲ့ တရုတ်အစိုးရဘက်က လိုလားနေတာက မြစ်ဆုံစီမံကိန်းကို ပြန်စမယ် ပြန်မစဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ စီမံကိန်းကို ပြန်စသည်ဖြစ်စေ၊ တချို့တဝက်ကို ရပ်ဆိုင်းပြီး တချို့စီမံကိန်းကို ဆက်လုပ်ကိုင်တာဖြစ်စေ၊ စီမံကိန်းအားလုံးကို ရပ်ဆိုင်းတာဖြစ်စေ၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ်အနေနဲ့ နောက်ထပ် အချိန်မဆွဲတော့ဘဲ အမြန်ဆုံး ဆွေးနွေး အဖြေပေးဖို့ပဲ ဖြစ်ပါတယ်။
တကယ်လို့ စီမံကိန်းကို ရပ်ဆိုင်းလိုက်မယ် ဆိုရင်တောင် ကုန်ကျထားတဲ့ ကုန်ကျစရိတ်တွေကို လျော်ကြေးအဖြစ် တောင်းခံမှာမဟုတ်ဘဲ တခြားစီမံကိန်း တစ်ခုခုမှာ ရင်းနှီးမြှုပ်နှံငွေအဖြစ် ထည့်ဝင်တာ၊ နှစ်ရှည် ချေးငွေအဖြစ် သတ်မှတ်ပြီး တဖြည်းဖြည်း ပြန်ဆပ်စေတာ စတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ မိတ်မပျက်တဲ့ နည်းတွေနဲ့ ဖြေရှင်းဖို့ကိုလည်း စဉ်းထားထားပြီးပြီလို့ ဆိုပါတယ်။
လက်ရှိ မြစ်ကြီးနားခရီးစဉ်မှာ အရင် အစိုးရ အဆက်ဆက်နဲ့ မြစ်ဆုံစီမံကိန်း စာချုပ်ချုပ်ဆိုစဉ် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ SPIC ထိပ်တန်း အရာရှိ ၄ ယောက်တောင် ပါပါတယ်။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ SPIC နိုင်ငံတကာ စီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူဇန်က ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့သူတွေကို မြန်မာတွေအနေနဲ့ ရွေးစရာ ကိန်းဂဏန်း သုံးခု ရှိတဲ့အကြောင်း၊ အဲဒါတွေကတော့ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် လျော်ကြေး ဒေါ်လာ သန်း ၈၀၀ လောက်ပေးရမယ့် တာဝန်ရှိကြောင်း၊ စီမံကိန်းကို အကောင်အထည်ဖော်ဖြစ်ရင်တော့ နောင် အရပ်ရပ် ဝင်ငွေတွေကနေ တစ်နှစ် ဒေါ်လာ သန်း ၅၀၀ လောက်အထိ မြန်မာဘက်က ဝင်ငွေရနိုင်ကြောင်း၊ စီမံကိန်းကို ဆက်ပြီး အချိန်ဆွဲထားမယ်ဆိုရင် တစ်နှစ်ကို ဒေါ်လာ သန်း ၅၀ လောက် အတိုးတက်နေမယ့် အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ကတော့ တရုတ်ကုမ္ပဏီက ပေးတဲ့ ကိန်းဂဏန်း တစ်ခုခုကို ရွေးချယ်ကြရတော့မှာ ဖြစ်ပါတယ်။