မြစ်ကြီးနားမှာ ကြည့်ခဲ့ရတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားရောက် မွန်တစ်ဦးနှင့် အမေရိကန် စုံတွဲတို့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်ရန် နေရာ လိုက်ရှာကြပုံ

Frontier သတင်းအဖွဲ့

ကျွန်မက အမေရိကန်တစ်ယောက်ဆိုတော့ ဘောလုံးပွဲကြည့်ရင်း ကြီးပြင်းလာခဲ့သူပါ။ ဒါပေမယ့် quarterbacks တွေ touchdowns တွေပါတဲ့ American-Football ကို ပြောတာပါ။

အမေရိကန်တွေက Soccer လို့ ခေါ်ကြတဲ့ ဘောလုံးပွဲမျိုးကိုတော့ သိပ်အကျွမ်းတဝင် မရှိလှပါဘူး၊ ဒါပေမယ့် ဒီနှစ်တော့ ကျွန်မရဲ့ မြန်မာမိတ်ဆွေတွေရဲ့ ဓာတ်ကူးပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဘယ်မှာ သွားကြည့်ရမှာလဲ။ ရန်ကုန်မှာဆိုရင်တော့ ဘယ်နေရာသွားကြည့်ကြည့် ရနိုင်ပေမယ့်၊ ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီးနားမှာတော့ သိပ်များများစားစား မရှိပါဘူး။ ကျွန်မရဲ့အဖော် မွန်ပြည်နယ်သား၊ တစ်သက်လုံး ဘရာဇီးကို အားပေးလာသူရယ်၊ မိခင်မဲ့ ကြောင်လေးတစ်ကောင်ရယ်နဲ့အတူ ဘောလုံးပွဲကြည့်ဖို့နေရာ ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။

ပထမဆုံးတွေ့တဲ့နေရာကတော့ ဆိုင်းဘုတ်အမည် မရှိတဲ့ ခန်းမတစ်ခုပါ။ ပွဲချိန်စာရင်းတွေကို မြန်မာလိုရေးထားတဲ့ အနက်ရောင် သင်ပုန်းကြီးတစ်ချပ်ကလွဲလို့ ဘာမှ မမြင်ရအောင် ခြံတံခါးနောက်မှာ ကွယ်နေလို့ သတိမထားရင် ကျော်သွားနိုင်ပါတယ်။

ပြောင်းဖူးပေါက်ပေါက် တစ်ထုပ်ရယ်၊ ပရိုဂျက်တာ ပိတ်ကားတစ်ခုရယ် ရှိပြီဆိုတော့ ဘောလုံးပွဲကြည့်ရပြီပေါ့။ ဒါပေမယ့် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေတုန်းက လူတွေ ပြွတ်သိပ်ကြည့်ခဲ့ကြပေမဲ့ ပိတ်ကားမှာ မှုန်ဝါးဝါးဖြစ်နေပြီး ကြည့်နေသူလည်း အနည်းငယ်သာ တွေ့ခဲ့ရပါတယ်။

ဒါကြောင့် Ledo’s Bar ကို ဆက်သွားကြပြန်ပါတယ်။ အဲဒီမှာတော့ လဟာပြင်မှာ ပိတ်ကားနဲ့ ပရိုဂျက်တာ ထောင်ထားပြီး ကြည့်နေသူတွေ အများကြီး တွေ့ရပါတယ်။ လူတွေက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြပြီး မြို့ကြီးတစ်မြို့မှာလို ခံစားရပါတယ်။ ကျွန်မတို့ ရှာဖွေနေတဲ့ အကြမ်းစား စွမ်းအင်မျိုးတွေ မရှိတာကြောင့် အဲဒီကနေလည်း ထွက်လာခဲ့ပါတယ်။

နောက်ရောက်သွားတဲ့ နေရာကတော့ Night and Day ဆိုတဲ့ နေရာပါ။ စီဒီချပ်အဟောင်းတွေနဲ့ လုပ်ထားတဲ့ ဒစ္စကို မီးဆိုင်းတွေ၊ သဘောကောင်းတဲ့ အရက်ရောင်းသူတွေ၊ ပုံမှန်လာတဲ့ ဖောက်သည်တွေနဲ့ ပျော်စရာလေးပါ။ ဘီယာကို လက်ဖက်သုတ်နဲ့ မြည်းပြီး သောက်ကြပါတယ်။ ကျွန်မ ကြောင်လေးကတော့ အမှောင်ရိပ်ခိုပြီး အိပ်ပျော်သွားပါပြီ။ ကျွန်မတို့လည်း အရှိန်ရလာပါတယ်။ ဂိုးတွေ သွင်းလိုက်တဲ့အခါမျိုးမှာတော့ အော်သံတွေ ထွက်လာပေမယ့် လူကတော့ သိပ်မရှိပါဘူး။ ဖွင့်ထားတဲ့ ဂီတသံကတော့ အာရုံနောက်စရာပါပဲ။

နောက်တစ်နေရာကတော့ BFM စားသောက်ဆိုင်ပါ၊ ကူရှင်နဲ့ ကုလားထိုင်တွေ၊ စားပွဲထိုးတွေနဲ့ အခန်းကျယ်ကြီးမှာ ကျွန်မတို့ပဲ ရှိပါတယ်။ သိပ်ပြီး တိတ်ဆိတ်လွန်းပါတယ်။ ပထမပိုင်း ပွဲပြီးသွားတော့ အဲကွန်းက အေးလွန်းလို့ ကျွန်မဆို ခိုက်ခိုက်တုန်နေပါတယ်။

အဲဒီနောက်မှာောတ့ Melody ဆိုတဲ့ အိမ်ဆိုင်တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်။ ဂေါ်ရခါးမိသားစုက သူတို့အိမ်မှာ ဆိုင်ဖွင့်ထားတာပါ။ လန်းဆန်းဖွယ်ရာ အပြောင်းအလဲလေး တစ်ခုပါပဲ။ ဧည့်ခန်းထဲက အဖွားအိုဘေးမှာ ကျွန်မတို့ နေရာယူကြပါတယ်။ အဖွားရဲ့ သား၊ သမီး၊ မြေး၊ မြစ်တွေလဲ ရှိပါတယ်။ ကျွန်မတို့က ပါလာတဲ့ ဟင်းနဲ့စားပြီး၊ သူတို့ကလည်း သူတို့ဘာသာ စားနေကြရင်း ညဉ့်အတော်နက်သည်အထိ ဘောလုံးပွဲကို ကြည့်ခဲ့ကြပါတယ်။ ပျော်စရာလည်း ကောင်းပါတယ်၊ သန်းခေါင်ယံအလွန် နောက်ပွဲတွေလည်း ကျန်ပါသေးတယ်။ ဒါပေမယ့် မိသားစုတစ်ခုရဲ့ ဧည့်ခန်းထဲမှာ ဒီအချိန်အထိ ဆက်မနေသင့်ဘူးလေ။ ဂျပန်နဲ့ ပိုလန်တို့ရဲ့ ပွဲမတိုင်မီ နောက်နေရာသစ်တစ်ခု တွေ့ခဲ့ပြန်ပါသေးတယ်။ မြို့လယ်က လေဟာပြင်မှာ ပိတ်ကားကြီးနှစ်ခု ထောင်ပြီး ပြသနေတာပါ။ လမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ခုကနေ ကြည့်ခဲ့ကြပါတယ်။ ပိတ်ကားက မကြည်မလင်၊ မှုန်ဝါးဝါးနဲ့ ပြောနေတာကလည်း တရုတ်လိုတွေဆိုတော့ ကြည့်ရတာ မဟန်လှပါဘူး။ ဒုတိယ ပိတ်ကားရဲ့အောက်က လမ်းပေါ်မှာတော့ လူတွေအပြည့်ပါပဲ။  မိသားစုတွေ၊ စုံတွဲတွေ၊ သုံးဘီးတွေ၊ ဆိုက်ကားတွေ၊ ကားတွေအပြင် အိမ်ထဲက ယူလာတဲ့ ကုလားထိုင်တွေပေါ်မှာ လူတွေက ထိုင်ကြည့်နေကြပါတယ်။ ခုမှ ကျွန်မတို့အတွက် အကောင်းဆုံးနေရာ တွေ့တာ့တာပါ။ နေပါဦး။ ပွဲပြီးဖို့ လေးမိနစ်အလို၊ ဂျပန်က တစ်ဂိုးနဲ့ ရှုံးနေတဲ့အချိန်မှာတော့ ရုတ်တရက်မီးပျက်ပြီး အမှောင်ကျသွားပါလေရော။

ကမ္ဘာ့ဖလားပွဲရဲ့ ကျန်တဲ့ရက်တွေမှာတော့ မြန်မာနိုင်ငံ၊ အထူးသဖြင့် ကချင်ပြည်နယ်က လူတွေရဲ့ စိတ်ဝင်စားမှုက ရန်ကုန်မှာ ထိုးသတ်ကြတဲ့ အောင်လအင်ဆန်းနဲ့ ကင်ယာဆီဂါဝါတို့ရဲ့ ချန်ပီယံလုပွဲဆီကိုသာ စုပြုံရောက်နေကြပါတယ်။ ကျွန်မတို့က လေဟာပြင် ပိတ်ကားဆီ သွားကြပြန်ပါတယ်။ လူတွေကလည်း ပြည့်ကြပ်နေပါတယ်။ ဒါပေမယ့် နောက်ဆုံးပွဲ နီးကပ်လာချိန်မှာ မီးကလည်း ပျက်သွားပြန်ပါတယ်။ ကျွန်မရဲ့ ကြောင်မလေးက ကျွန်မပေါင်ပေါ် ချေးပါချလိုက်ပါတော့တယ်။

ကျွန်မတို့လည်း အိမ်ကို ပြန်ပြေး၊ ကြောင်ကို ရေချိုးပေး၊ ကျွန်မက အဝတ်အစားလဲပြီး Bum Masha Bar ကို ပြေးကြပါတယ်။ အလို … ဘားက ပိတ်ထားပါလား။ ကျွန်မတို့ ပြန်လှည့်ထွက်မယ်အလုပ်မှာ ကောင်လေးတစ်သိုက် ပြူတင်းပေါက်က ချောင်းကြည့်နေကြတာ မြင်လိုက်ရပါတယ်။ ဘာပွဲပါလိမ့်။ ကျွန်မတို့လည်း အနားကို ချဉ်းကပ်သွားတော့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ကြည့်နေကြတဲ့ အိမ်ပိုင်ရှင်က ကျွန်မတို့ကို အထဲဝင်လာဖို့ လက်ယပ်ခေါ်ပါတယ်။ သဘောကောင်းတဲ့ အိမ်ရှင်တွေက ဘီယာတောင် တိုက်လိုက်ပါသေးတယ်။ အဲဒီညက အောင်လအင်ဆန်းဟာ သူ့ရဲ့ Middleweight ချန်ပီယံကို ဆက်လက် ထိမ်းသိမ်းသွားနိုင်ပါတယ်။

ကမ္ဘာ့ဖလား ၁၆ သင်း ကန်ကြမယ့် ပွဲတွေမှာတော့ ကျွန်မတို့ဟာ နေရာကောင်း ရှာမတွေ့ခဲ့ပါဘူး။ မျှော်လင့်ချက်တွေလည်း လျော့လာပါပြီ။ သူငယ်ချင်းတစ်ယောက်ကို ပြောဖြစ်တော့၊ သူက “အလင်းသစ်”ဆိုတဲ့ လက်ဖက်ရည်ဆိုင်ကို ညွှန်းခဲ့ပါတယ်။ အဲဒီမှာ ပရိသတ်ကတော့ အပြည့်ပဲ။ လေကောင်းလေသန့်လည်းရ၊ အိုဗာတင်းတွေ၊ နွားနို့တွေ၊ ကော်ဖီတွေလည်း ရပါတယ်။ အဲဒီရောက်တော့မှ ကျွန်မတို့ အလိုလဲပြည့်၊ ကြောင်မလေးရဲ့ အလိုလဲပြည့်၊ ရှာပုံတော်လည်း ပြီးဆုံးသွားပါတော့တယ်။

ဦးကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar