မောင်တော တောင်ပိုင်းမှာ မြင်ခဲ့ ကြားခဲ့ ကြုံခဲ့ရသမျှ

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အစိုးရအစီအစဉ်နဲ့ မောင်တောကို သွားရောက်ခဲ့ကြတဲ့ သတင်းထောက်တွေဟာ ဘင်္ဂလားဒေ့ရ်ှဖက်ကို ခြေလျင်သွားဖို့ ကြိုးစားနေတဲ့ မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီးနဲ့ တွေ့ခွင့်ရခဲ့လို မီးလောင်နေတဲ့ ကျေးရွာတစ်ရွာကိုလည်း ဝင်ရောက်လေလာခွင့်ရခဲ့ပါတယ် 

ဉာဏ်လှိုင်လင်း ရေးသားသည်။

စိမ်းစိုနေတဲ့ လယ်ကွင်းထဲက စပါးခင်းတွေမှာ ဝင်ရောက်စားသောက်နေတဲ့ ထိန်းကျောင်းသူမဲ့ နွားနဲ့ ဆိတ်အုပ်တွေကို မေယုတောင်တန်းနောက်ခံနဲ့ မျက်စိတစ်ဆုံးတွေ့မြင်ရပြီဆိုရင် လတ်တလောမှာ မောင်တောကို ရောက်နေတယ်ဆိုတာ သေချာပါပြီ။ 

မိုးကောင်းကင်ပေါ် ဗလုံးဗထွေးနဲ့ ထိုးတက်လာနေတဲ့ မီးခိုးလုံးတွေကလည်း တစ်ခါတစ်ရံမှာ မြင်ကွင်းထဲ ဝင်ဝင် လာတတ်ပါတယ်။ မီးခိုးလုံးမြင်တိုင်း သွားကြည့်ဖို့တော့ မတွေးပါနဲ့။ သင်စီးလာတဲ့ မော်တော်ကား ဖြတ်သန်း မောင်းနှင်နေတဲ့ လမ်းနဲ့ အတော့်ကို အလှမ်းဝေးတဲ့ နေရာမျိုးတွေမှာ အဖြစ်များပါတယ်။

နေရာတိုင်းကို သွားချင်ဇောများနေလို့လည်း မဖြစ်ပါဘူး။ မောင်တောခရိုင်ဟာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ ဒေသဆိုတာကို မေ့မထားပဲနဲ့ပေ့ါ။ သတင်းထောက်တွေတောင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အာဏာပိုင်တွေ ခွင့်ပြုမှ သွားခွင့်ရတာမျိုးပါ။

ကျွန်တော်ကတော့ ကံကောင်းထောက်မစွာပါပဲ။ လုံခြုံရေးစခန်းတွေတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒီအခွင့်အရေးကို ဒုတိယအကြိမ် ရခဲ့ပါတယ်။ ၂၀၁၆၊ အောက်တိုဘာတိုက်ခိုက်မှု ဖြစ်ပြီး တစ်ခါ၊ ပထမတစ်ကြိမ်ထက် ပိုမို ကြီးမား ကျယ်ပြန့်တဲ့ သြဂုတ်လ တိုက်ခိုက်မှုကြုံခဲ့ရအပြီး တစ်ခေါက်ပေါ့။ နှစ်ကြိမ်စလုံး အစိုးရအစီအစဉ်နဲ့ဆိုတာကိုတော့ အသေးစိတ်ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ 

စက်တင်ဘာ ၆ ရက်ကနေ နှစ်ရက်တိုင် မောင်တောခရိုင်အတွင်းက နေရာအချို့ကို သွားခွင့်ရခဲ့တဲ့ ခရီးစဉ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ထွက်ပြေးလာတဲ့ ဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့ နေရာ၊ မိသားစုတွေကို မြို့ပေါ်လုံခြုံရာ ပို့ထားပြီး ယောင်္ကျားသားအချို့ စောင့်ရှောက်ကျန်ရစ်တဲ့ တိုင်းရင်းသားကျေးရွာ၊ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ ရွာကြီးနှစ်ရွာ၊ တိုက်ခိုက်မှု ခံလိုက်ရတဲ့ထဲကတစ်ခုဖြစ်တဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ အလယ်သံကျော် ရဲစခန်း၊ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့နေရာတွေစသဖြင့် ရောက်ခဲ့ပါတယ်။

alae_than_kyaw_village_8.jpg

မောင်တောဒေသတွင် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်အချို့အား ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဒါ့အပြင် သတင်းထောက်တွေရဲ့ လိုလားမှုအချို့ကို အာဏာပိုင်တွေဖက်က လိုက်လျောပေးခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရ်ှဖက်ကို ခြေလျင်သွားဖို့ ကြိုးစားနေတဲ့ မိသားစုတစ်စုရဲ့ အိမ်ထောင်ဦးစီးနဲ့ တွေ့ခွင့်ရတာ၊ မီးလောင်နေတဲ့ ကျေးရွာတစ်ရွာကို ဝင်ရောက်လေလာခွင့်ရတာတွေက သက်သေပါပဲ။ 

မြေစာပင်

ခရီးစဉ်ရဲ့အဖွင့်ကို “ပတ်ဝန်းကျင်မရှိပါ (ရပ်ကွက်မှာ လူတစ်ယောက်မှမရှိတော့တာကို ရည်ညွှန်း)။ ကြောက်ပါတယ်”လို့ ပြောတဲ့ ရိုဇီတာ(အသံ ထွက်မသဲကွဲ)အမည်ရ အသက် ၃၆ နှစ်အရွယ် ဟိန္ဒူဘာသာဝင် ဆိုင်ကယ် ပြင်ဆရာတစ်ဦးနဲ့ တွေ့ဆုံမှုနဲ့ စတင်ပါတယ်။

မောင်တောမြို့ပေါ် အမှတ် ၄ ရပ်ကွက်က အခြားသောဟိန္ဒူဘာသာဝင် ရာဂဏန်းဟာလည်း သူ့လိုပဲ ကိုယ့်အိမ် မှာကိုယ် မနေဝံ့လို့ အစိုးရက အစောင့်အရှောက်ပေးနိုင်တဲ့ အဲဒီရပ်ကွက်ထဲက စာသင်ကျောင်းတစ်ကျောင်းမှာ ဒုက္ခသည်အဖြစ် သောင်တင်နေကြတာပါ။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေအရ ရွာသစ်ကေလို့လည်းခေါ်တဲ့ သူတို့ရပ်ကွက်ထဲက အိမ်သုံးလုံးကို Arakan Rohingya Salvation Army (ARSA) က သြဂုတ် ၂၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရတယ်။

ပြောပြတာတွေကို နားထောင်နေစဉ် သူတို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်ခံရမှုတွေကို အကဲဖြတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မူဆလင်တွေနဲ့ ရုပ်အသွင်အပြင်ဆင်တူတဲ့ အဲဒီဟိန္ဒူလူမျိုးတွေဟာ ဒီပဋိပက္ခအတွင်းမှာ မြေစာပင် အဖြစ် အသုံးချခံရနိုင်တဲ့ အန္တရာယ်ပါကြုံရလိမ့်မယ်လို့တော့ မတွေးမိပါဘူး။

no_._4_quarter_hindu_camp_4.jpg

မောင်တောရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြရသည် ဟိန္ဒူဘာသာဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

သူတို့နဲ့တွေ့အပြီး နောက်နာရီပိုင်းအကြာမှာ ဓာတ်ပုံအချို့ မြင်တွေ့ခွင့်မရခင်၊ အဲဒီဓာတ်ပုံတွေက လူတွေဟာ ဘယ်သူဘယ်ဝါဆိုတဲ့ သက်သေပြချက်တွေ ထွက်ပေါ်မလာခင်အထိပေ့ါ။

မကွယ်မဝှက်တမ်းပြောရရင် မူဆလင်တွေနေထိုင်ပြီး အခုမီးလောင်ပြင်ဖြစ်နေတဲ့ ကွက်လပ်ကြီးတစ်ခုရဲ့ နံဘေးမှာရှိတဲ့ မြို့မမြောက်ရပ်ကွက်က ဇောတိကာရုံကျောင်းတိုက်၊ ဆရာတော် ဦးဇောတိကနဲ့ တွေ့ဆုံခွင့် မရရင် ဒီအကြောင်း သိခွင့်ရဖို့ အခွင့်အရေး အလွန်နည်းမှာပါ။

“မီးရှို့တဲ့အခါ ဘုန်းဘုန်းက သွားသွားပြီးတော့ တားတာပေါ့။ သားမင်းတို့မလုပ်နဲ့။ မလုပ်နဲ့။ အဲဒီဘင်္ဂလီတွေကို ဓာတ်ပုံတွေ အကုန်လုံးရှိတယ်။ မှတ်တမ်းမှတ်ရာတွေ”ဆိုတဲ့ ဆရာတော်ရဲ့ မိန့်ဆိုချက်အပေါ် သတင်းဖော်ပြနိုင်ဖို့ အထောက်အထားတွေ မယူမိရင် ဒီအကြောင်းတွေ သိခွင့်ရဖို့လည်း ခက်မှာပါပဲ။

ဆရာတော်ရဲ့ ညွှန်ကြားချက်အရ ဘုန်းတော်ကြီးကျောင်းနဲ့ အလွန်နီးစပ်သူတစ်ဦးလို့ ယူဆရသူတစ်ဦးထံကနေ မူဆလင်တွေလို့ ထင်မြင်နိုင်တဲ့ အမျိုးသား၊ အမျိုးသမီးအချို့က အိမ်တစ်လုံးကို မီးရှို့နေတဲ့ ဓာတ်ပုံတွေ ရခဲ့ပါတယ်။ ဒါ့အပြင် ရဲအရာရှိတစ်ဦးကလည်း သူ့ရဲ့ မိုဘိုင်းဖုန်းထဲက အလားတူဓာတ်ပုံတွေကို Frontier ထံ ပြခဲ့ပါသေးတယ်။

5.jpg

မူဆလင်တွေက သူတို့အိမ်တွေကိုသူတို့ မီးရှို့ခဲ့ကြတယ်ဆိုတဲ့ ဓာတ်ပုံအထောက်အထားကို သတင်းထောက်ကို ပေးခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီဓာတ်ပုံတွေက အစစ်အမှန်မဟုတ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

သတင်းဌာနအချို့က ဒီသတင်းကို ဖော်ပြပြီး နောက်တစ်ရက်အကြာမှာတော့ ဒီဓာတ်ပုံမှာ ပါဝင်သူတွေဟာ မူဆလင်အဖြစ် ဟန်ဆောင်ထားတဲ့ ဟိန္ဒူဘာသာဝင်တွေဆိုတဲ့ အထောက်အထားတွေ ပေါ်ထွက်လာပါတော့တယ်။

အကျယ်ချုပ်

အဲဒီတစ်ရက်ထဲမှာပဲ အဝင်လမ်းမှာ ဘယ်ရီဂိတ်ချထားပြီး လုံခြုံရေးစောင့်ကြပ်နေတဲ့ ရွှေဇားလို့ခေါ်တဲ့ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့ ရွာကိုသွားခွင့်ရပါတယ်။ ဒီရွာကြီးမှာ လူဦးရေ တစ်သောင်းခွဲကျော်ရှိတယ်လို့ ဆိုပေမယ့် အဓိက လမ်းမပေါ်သွားလာနေတဲ့သူတွေကတော့ လက်ချိုးရေလို့ရနိုင်တဲ့အထိ နည်းသလို အိမ် အတော်များများဟာ တံခါးပိတ်ထားကြပါတယ်။

“လူတွေရှိကြပါတယ်။ ဒီရွာက ထွက်ပြေးတဲ့သူမရှိပါဘူး”လို့ ကုန်စုံဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၅၉ နှစ်အရွယ် ရော်ရှီးအာမက်က ပြောတယ်။ ၁၉၇၄ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ထားတယ်ဆိုတဲ့သူဟာ ဒီစာသင်နှစ်မှာ ဆယ်တန်းဖြေမယ့် သူ့သားနှစ်ယောက် စာမေးပွဲဖြေခွင့်ဆုံးရှုံးမှာကို စိုးရိမ်ပူပန်နေရတဲ့ ဖခင်တစ်ဦးလည်းဖြစ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သဘောထားမေးမြန်းကြည့်တဲ့ အကြိမ်တိုင်းမှာတော့ “ကျွန်တော် ဘယ်ပြောနိုင်မလဲ”လို့သာ ရော်ရှီးအာမက်က တွင်တွင်ဆိုတတ်သလို အခြားသော ရွှေဇားကျေးရွာသားတွေဟာလည်း နှုတ်ဆိတ်နေတတ်ပါတယ်။ ဒါပေမယ့် သူတို့ရွာကို အကြမ်းဖက်သမားတွေ ဝင်ရောက်ခြေကုပ်ယူ လာမှာကိုလည်း စိုးရိမ်ပူပန်နေကြောင်း ကျေးရွာသားအချို့က ထုတ်ပြောပါတယ်။

“ကျွန်တော်တို့မှာ အကြမ်းဖက်မရှိဘူး။ အကြမ်းဖက်မလိုချင်ဘူးဆိုပြီး တစ်ရွာလုံး ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး အာမခံချက် ပေးထားတယ် (အစိုးရထံကို ပေးထားဟုဆိုလို)” လို့ အသက် ၄၈ နှစ်အရွယ် မာမတ်ဇော်လီက ပြောပါတယ်။ ဒီခရီးစဉ်အတွင်းမှာ တွေ့ခဲ့ရသူတွေထဲမှာ သူက နိုင်ငံသားကတ် ရရှိထားတဲ့ တစ်ဦးတည်းသော မူဆလင်ဖြစ်ပါတယ်။

shwe_zarr_muslim_village_4.jpg

ရွှေဇားကျေးရွာက ကုန်စုံဆိုင်တစ်ဆိုင်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အခုအချိန်မှာတော့ သူလိုလူတောင် ကိုယ့်ရွာထဲကနေ အပြင်ထွက်ခွင့်မရပါဘူး။ သူအပါအဝင် တွေ့ခွင့်ရသူ ရွှေဇားရွာသားတွေ အားလုံး တစ်ညီတစ်ညွတ်တည်း ပြောတတ်ကြတဲ့ စကားကတော့ ရခိုင်အပါအဝင် အခြားသူတွေနဲ့ သူတို့ အရင်ကတည်းက အတူတူသွားလာနေထိုင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဒီအခွင့်အရေး ဆုံးရှုံးနေပြီ ဆိုတာပါပဲ။

ရော်ရှီးအာမက်ကတော့ “အသွားအလာလုပ်လို့ရရင်၊ ဈေးတွေဘာတွေရောင်းလို့ရရင် အလုပ်အကိုင်တွေ လုပ်လို့ရရင် အေးအေးဆေးဆေးဖြစ်မယ်ထင်ပါတယ်”လို့ ဆိုပါတယ်။ ဒါနဲ့ အဲဒီအခြေအနေရောက်အောင် ဘာတွေလုပ်ဖို့ လိုမလဲလို့မေးတဲ့ အခါမှတော့ သူမဖြေပါရစေနဲ့တဲ့။

မာမတ်ဇော်လီကတော့ “အစိုးရနဲ့ ဒေသခံနဲ့ ပူးပေါင်းလုပ်ရင်တော့ ကောင်းတာကိုမြင်တယ် (ကောင်းလာမယ်ဟုဆိုလို)” လို့ဆိုတယ်။

နောက်တစ်နေ့ စက်တင်ဘာ ၇ ရက်နံနက်ပိုင်း မြို့မကညင်တန်းကို ရောက်ချိန်မှာတွေ့ခွင့်ရခဲ့တဲ့ ကွမ်းယာရောင်းသူ ဟူဆင်းကတော့ အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံတွေဟာ အဆင်မပြေဘူးလို့ ဝေဖန်ပါတယ်။ 

“နိုင်ငံတကာအကူအညီလုပ်ပေးမှ အဆင်ပြေမှာပါ။ အစိုးရလုပ်ပေးနေတာတွေက အဆင်မပြေပါဘူး။ ဒါက (ပဋိပက္ခကိုရည်ညွှန်း) ခဏခဏဖြစ်ပါတယ်။ ဘယ်မှလည်း သွားလို့မရဘူး”လို့ သူက ပြောတယ်။

လူနည်းစု တိုင်းရင်းသားတွေ

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ဒဏ်ကို ဒီဒေသအတွင်း လူဦးရေ ရှစ်သိန်းနီးပါးရှိတဲ့ မူဆလင်တွေပဲခံ နေရတာမဟုတ်ပါဘူး။ ဦးရေ တစ်သိန်းကျော်လောက်သာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေလည်း အကြမ်းဖက်မှုဒဏ်ကို လိမ့်နေအောင်ခံနေရတယ်ဆိုတာကို မြို့မကညင်တန်းပြီးနောက် ရောက်ရှိခဲ့တဲ့ မောရဝတီကျေးရွာက သက်သေပြနေပါတယ်။

၁၉၉၆ ခုနှစ်မှာ ထူထောင်ထားပြီး လူဦးရေ ၆၀၀ ကျော်ရှိတဲ့ ဒီတိုင်းရင်းသားကျေးရွာမှာ သြဂုတ် ၂၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အနီးပတ်လည်မှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ မူဆလင်တွေက လူအင်အားအများအပြားနဲ့ မကြာခန လာရောက် ခြိမ်းခြောက်မှုတာတွေကြုံနေရတဲ့ အခြေအနေရှိပါတယ်။

အခုဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နဲ့အတူ ကျေးရွာကို စောင့်ရှောက်ဖို့နေခဲ့တဲ့ လူဦးရေ ၁၂၀ လောက်သာ ကျန်ရှိတော့ပြီး ကျန်သူတွေက မောင်တောနဲ့ စစ်တွေမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာသားတွေက ပြောပါတယ်။

“ဆက်ဖြစ်နေရင်တော့ ဒီနေရာမှာနေလို့မရတော့ဘူး”လို့ အသက် ၅၇ နှစ်အရွယ် ဦးစံလှဖြူက မှတ်ချက်ပြုပါတယ်။ အရင်က လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု အပြန်အလှန် မှီခိုလုပ်ကိုင်စားသောက်နေခဲ့ကြရာကနေ အကြမ်းဖက်လုပ်ရက်တွေ ဘာကြောင့်ရုတ်တရက် ထပေါ်လာသလဲဆိုတာကို သူတိုနားမလည်နိုင်ဘူးလို့ မေးမြန်းခွင့်ရခဲ့တဲ့ ရွာသားအချို့က ပြောကြပါတယ်။

mawyawaddy_ethnic_village_2.jpg

တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ မောရဝတီကျေးရွာမှာ နေထိုင်သူအများစုဟာ လုံခြုံတဲ့နေရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ “၁၉၈၂ ဥပေဒနဲ့ အစစ်ခံပါ (နိုင်ငံသားဥပဒေ)။ နိုင်ငံသား ဖြစ်တဲ့သူကို နိုင်ငံသားပေးပါ။ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ သူကို ဘယ်မှာထားမလဲ၊ တစ်ခြားနိုင်ငံက လက်ခံမလား၊ လက်ခံရင်သွား၊ ဒီမှာ စခန်းနဲ့ထားမလား၊ ထား။ ကျွန်တော်တို့ ပူးတွဲနေလို့ရတယ်”လို့ ဦးစံလှဖြူက ဆိုတယ်။

အထက်ပါမေးခွန်းကို အလယ်သံကျော်ရွာကြီးက လက်တွေ့ကျကျ အဖြေထုတ်ပေးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးချိန်နဲ့ အခုတစ်ကြိမ်တိုက်ခိုက်မှု ပေါ်ပေါက်မလာခင်အထိ လူ့အဖွဲ့ အစည်းနှစ်ခု လက်တွဲကာ အခြေအနေတွေ ထိန်းထားနိုင်ခဲ့ပြီး စည်ကားလှတဲ့ ဒီရွာကြီးကို မျက်မြင်တွေ့ခဲ့ဖူးသူအနေနဲ့ ဒီကနေ့ တွေ့မြင်ရတဲ့မြင်ကွင်းတွေဟာ ထင်မှတ်မထားလောက်အောင်ပါပဲ။

ဟိုနားဒီနားမှာ မီးကြွင်းမီးကျန်တွေကြောင့် အူထနေတဲ့ မီးခိုးတွေ၊ ပြာကျနေတဲ့ အဆောက်အဦးတွေ၊ ပစ္စည်းတွေ ဖရိုဖရဲ ပျံ့ကြဲနေတဲ့ ဈေးဆိုင်ခန်းတွေနဲ့ လူသူတိတ်ဆိတ်လျှက်ပါ။ ဒီနေရာမှာ အခြေစိုက်တဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့စခန်း သြဂုတ် ၂၅ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက်ပိုင်း အလယ်သံကျော်ပေ့ါ။

အဲဒီမနက် အာရုဏ်ဦးပိုင်းတိုက်ခိုက်ခံရချိန်မှာ ၂၅၀ ဦးသော တိုင်းရင်းသားတွေက သူတို့ အသက်တော့ ဆုံးပြီလို့ စိတ်ဒုံးဒုံးချ ကြောက်ရွံ့ခဲ့ရသလို လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုအပြီးမှာတော့ လူဦးရေ ရှစ်သောင်းနီးပါးဦးရေရှိတဲ့ မူဆလင်တွေဟာ ရွာကို စွန့်ခွာသွားကြပါပြီ။

“သတ်၊ သတ်ဆိုတဲ့ အသံတွေ တစ်အားကြီး နီးကပ်နေလို့ထွက်ကြည့်တော့ စခန်းတစ်ဝက်ကို သူတို့ သိမ်းထားပြီးပြီ”လို့ အဲဒီအချိန်က အဖြစ်အပျက်တွေကို ဒေါ်သက်သက်က ပြန်ပြောပြပါတယ်။ တိုက်ခိုက်မှုကြုံနိုင်တယ်လို့ အတိအကျ သတင်းရထားလို့ အလယ်သံကျော်စခန်းမှူး ရဲအုပ်အောင်ကျော်မိုးက တိုင်ရင်းသားနဲ့ ဝန်ထမ်းတွေကို စခန်းထဲ ကြိုတင်ရွှေ့ပြောင်းထားတဲ့အတွက် သူတို့သက်သာရာရခဲ့တာပါ။ 

တိုက်ခိုက်မှုမဖြစ်ခင် သူတို့နဲ့ ဆက်ဆံရတာ တင်းတင်းမာမာရှိလာတာ သတိထားမိပေမယ့် ဒီလောက်ဖြစ်လာလိမ့်မယ်လို့တော့ မျှော်လင့်မထားဘူးလို့လည်း ဒေါ်သက်သက်ကဆိုတယ်။ “တစ်ကယ့်ကိုယ်နဲ့ အနီးကပ်နေတဲ့သူတွေက ကိုယ့်လာသတ်တယ်။ သေတဲ့သူတွေကြည့်လိုက်တော့ ကိုယ်နဲ့ ရင်းရင်းနှီးနှီးနေတဲ့ သူတွေချည်းပဲ”လို့ သူက ပြောပါတယ်။

myoma_north_damage_muslim_quarter_3.jpg

မီးလောင်ပျက်စီးထားသည့် အလယ်သံကျော်ကျေးရွာတွင် လုံခြုံရေးစောင့်ကြပ်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

အဖြေမရှိသေး

အဲဒီနောက် ရဲတွေက တိုက်ခိုက်မှုဟာ တင်ကြိုစီမံထားကြောင်း သက်သေအဖြစ် ပြသနိုင်ဖို့ ဖြတ်တောက်ခံထားရတဲ့ အနီးအနားက ရွာတစ်ခုကို သွားတဲ့လမ်းတစ်ခုထံ သတင်းထောက်တွေကို ခေါ်သွားခဲ့ပါတယ်။ 

အပျက်အစီးပုံတွေ မြင်ကွင်းတွေကို မှတ်တမ်းတင်ရင်း နာရီဝက်ခန့်လမ်းလျှောက်ပြီးချိန် အဲဒီနေရာကို မရောက်ခင် သေနတ်သံလို့ ယူဆရတဲ့ အသံတွေ ခပ်ဝေးဝေးမှာ ထွက်ပေါ်နေတာ ခပ်စိပ်စိပ်ကြားရပြီး ပြန်လည်ပျောက် ကွယ်သွားပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက နေရာအတိအကျမသိနိုင်ဘူးလို့ဆိုပေမယ့် သတင်းထောက်အချို့ကတော့ စိတ်ဝင်စားသွားခဲ့ပြီး နှုတ်က ထုတ်မပြောကြပေမယ့် လမ်းဖြတ်တောက်ခံထားရတဲ့ နေရာကို ကျော်လွန်ပြီး လမ်းရှိသရွှေ့ ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။

ဒါနဲ့ မီးလောင်ပျက်ဆီးခြင်းမရှိပေမယ့် လူသူကင်းမဲ့နေတဲ့ဟန်ပေါ်တဲ့ ကျေးရွာတစ်ခုကို ကျော်လွန်ပြီးပြီး ဆက်လျှောက်ခဲ့ကြပါတယ်။ စိမ်းစိုနေတဲ့ လယ်ကွင်း နှစ်ခုအကြားဖြတ်ဖောက်ထားတဲ့ မြေသားလမ်းကလေးပေ့ါ။ ရဲတပ်ဖွဲ့ဝင်တွေကတော့ အကြမ်းဖက်သမားတွေရှိနိုင်လို့ မသွားကြဖို့ တားမြစ်ပေမယ့် နောက်ဆုံးမှာ လက်လျှော့လိုက်ရပြီး လုံခြုံရေး လိုက်ပါရယူပေးခဲ့ပါတယ်။ 

မွန်းတည့်နေရောင်အောက် စုစုပေါင်းလမ်းလျှောက်ချိန် တစ်နာရီကျော်ရှိလာချိန် မြေလမ်းကလေးရဲ့ အဆုံး၊ အမြင့်ဆုံး ကုန်းတစ်ခုပေါ် ရောက်ရှိချိန်မှာ ဘွားကနဲတွေ့လိုက်ရတာကတော့ ကုန်းမြေပေါ်တင်ပြီး ချန်ထားရစ်ခဲ့တဲ့ ပင်လယ်သွား လှေတွေပါပဲ။ လူသူကင်းမဲ့လျှက် စောင့်ရှောက်ထိန်းသိမ်းမှုမဲ့လျှက် အနေအထားနဲ့ပေ့ါ။

ဆယ်စီးကျော်လောက်ရှိတဲ့ ဒီလှေအုပ်ကို ကျော်လွန်ဖြတ်သန်းလိုက်ချိန်မှာတော့ ကျယ်ပြောတဲ့ အလယ်သံကျော် ကမ်းခြေကို ဘင်္ဂလားပင်လယ်အော်နောက်ခံနဲ့ လှလှပပကြီး မြင်တွေ့ရပါတော့တယ်။

ဟိုးခပ်ဝေးဝေး ပင်လယ်ထဲက ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကြီးနဲ့ မျက်နှာချင်းဆိုင်အနေအထားကနေ ကမ်းခြေတစ်လျှောက်ကို ဘယ်ညာဝေးကြည့်တဲ့ အခါ အုပ်စုဖွဲ့သွားလာနေတဲ့ ရာဂဏန်းနဲ့ချီတဲ နွားအုပ်ကြီးတွေကို မျက်စိတစ်ဆုံးမှာ မြင်နေရပါတယ်။ လူလို့ယူဆရတဲ့ သဏ္ဍာန်အချို့ရောနှောလျှက်ပေ့ါ။

alae_than_kyaw_village_3.jpg

မီးလောင်ပျက်စီးထားသည့် အလယ်သံကျော်ကျေးရွာမြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

မတ်တပ်ရပ်နေရင်း ဘယ်ဖက်အခြမ်းက မြင်ကွင်းထဲမှာ အနီရောင်အရာတစ်ခု တစ်ရွှေ့ရွှေ့ သွားနေတာကို  သတိထားမိပါတယ်။ တစ်ဖြည်းဖြည်း ပိုနီးလာတဲ့အခါမှာတော့ ဝန်စည်စလယ်တွေ သယ်ဆောင်လာတဲ့ လူတစ်ဦး ထီးတစ်ချောင်းနဲ့ နေရောင်ဒဏ်ကို အကာအကွယ်ပြုရင်း ကမ်းခြေတစ်လျှောက် လမ်းလျှောက်လာတယ်ဆိုတာ သေချာသွားပြီပါပြီ။

မျက်နှာချင်းဆိုင်အနေအထားနဲ့ သူရော ကိုယ်ပါ ရှေ့တိုးလာကြရင်း အတော်လေးကို မြင်ကွင်းသဲကွဲတဲ့ အနေအထားအရောက် သူဟာ ရုတ်တရက်ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် သူ့လက်ထဲမှာ ဘာမှကိုင်ဆောင်မထားကြောင်း သက်သေပြချင်တာလား၊ တောင်းပန်ချင်တာလား ဝေခွဲမရပေမယ့် လက်ဝါးနှစ်ဖက်ကို မြင်သာစေပြီး လက်မြှောက်ပြတဲ့သဏ္ဍာန်ကို ငုတ်တုပ်အနေအထားနဲ့ လုပ်ပြနေပါတော့တယ်။

သူကတော့ အသက် ၅၅ နှစ်အရွယ် ဟာဘီရာမန်ဆိုသူဖြစ်ပြီး“ဘင်္ဂလား သွားမလို့”လို့ပြောတယ်။ ရဲကင်းစခန်းတွေ တိုက်ခိုက်မှုမှာ ပါဝင်တဲ့နေရာတစ်ခုဖြစ်တဲ့ သဝန်ချောင်းဆိုတဲ့ ကျေးရွာကနေ ဒီနေရာအထိရောက်အောင် နှစ်ရက်တိုင် လမ်းလျှောက်လာခဲ့ပြီး နောက်ဖက်ခပ်လှမ်းလှမ်းမှာ မိသားစု လိုက်ပါလာတဲ့အကြောင်း ရှင်းပြပါတယ်။

ဟာဘီရာမန်က ရွာမှာ တစ်ယောက်မှမရှိတော့ဘူး၊ ဘင်္ဂလားဒေ့ရ်ှကို လှေနဲ့ကူးမှာစသဖြင့် သူပြောလိုတဲ့ ကိစ္စအချို့ကို ဗမာစကားနဲ့ ပြောပြပေမယ့် အချို့သောမေးခွန်းတွေကိုတော့ ဒေသသုံးဘာသာစကားနဲ့သာ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

သူနှုတ်ဆိတ်နေတာဟာ ဘေးနားမှာ အရပ်ဝတ် ရဲအရာရှိတစ်ဦးပါနေတာရယ်၊ မှတ်တမ်းတင်မှုတွေ လာရောက် ပြုလုပ်နေတဲ့ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦးက အဝေးကိုထွက်သွားဖို့ ဟန့်တားလိုက်ရတဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာရယ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မေးမြန်းခွင့်မသာတဲ့ ဒီအခြေအနေတွေရယ်၊ ဘာသာစကားအခက်အခဲရယ်ကြောင့် အချိန်သိပ်မကြာခင်မှာပဲ သူ့ကို ထားရစ်ပြီး လာရာလမ်းအတိုင်း ပြန်ထွက်ခဲ့ပါတယ်။ အဲဒီကနေ မော်တော်ယာဉ်တွေနဲ့ မောင်တောမြို့ပေါ်ကို ပြန်လည်ထွက်ရာ လမ်းမှာ မီးလောင်လျှက်ရှိတဲ့ ကျေးရွာတစ်ခုကို မမျှော်လင့်ဘဲရောက်ရှိ သတင်းယူနိုင်ခွင့် ရခဲ့ပြန်ပါတယ်။

အတော်လှမ်းလှမ်းမှာကတည်းက တစ်ဖောက်ဖောက်မြည်နေတဲ့ ဝါးပေါက်ကွဲသံတွေကြားနေရတဲ့ အဲဒီ ကျေးရွာထဲက အိမ်တွေဟာ ဝါးနဲ့ သစ်ကို အခြေပြုဆောက်ထားတာဖြစ်လို့ မီးရှိန်ကို တစ်ဟုန်ထိုး မြန်မြန်ဆန်ဆန်မြင့်စေပြီး အိမ်တစ်လုံးကို အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းစေဖို့ အချိန်သိပ်မကြာတာတွေ့ရပါတယ်။

gawduthara_village_1.jpg

ဂေါ်ဒူသာရရွာရှိ နေအိမ်တစ်လုံးမီးလောင်နေသည့် မြင်ကွင်း။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

ဂေါ်ဒူသာရလို့ အမည်ရတဲ့ ဒီရွာကြီးမှာ အခြေပြုနေထိုင်တဲ့ မူဆလင်တွေကို မတွေ့ရတော့ပေမယ့် သူတို့ရဲ့ ဘာသာရေး စာအုပ်တွေ၊ သူတို့ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ပစ္စည်းတွေဟာ ရွာလမ်းပေါ်မှာ ပျံ့ကျဲလျှက်ဖြစ်စေ၊ စုစည်းထားတဲ့ ဟန်နဲ့ဖြစ်စေ ရှိနေပါတယ်။ မီးလောင်မှုကို အားပေးတဲ့ ဓာတ်ဆီလို့ယူဆရတဲ့ အရည်ထည့်ထားတဲ့ ပလတ်စတစ် ရေတစ်ကောင်းတစ်ခုလည်း အပါအဝင်ပေ့ါ။

ဒီရွာထဲမှာ မူဆလင်မဟုတ်သူ လူ ၁၀ ဦးလောက်ခန့်ကို ဟိုနားတစ်စု ဒီနားတစ်စုမြင်ရပြီး အဲဒီထဲကလူတစ်ချို့ဟာ သူတို့လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြပါတယ်။ လက်နက်ကိုင်ဆောင် မထားသူတစ်ဦးကို Frontier က ချဉ်းကပ်မေးမြန်းရာမှာတော့ သူဟာ အနီးအနားကျေးရွာကဖြစ်ပြီး “နံနက် ၅ နာရီခန့်ကတည်း ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ မီးရှို့ခဲ့တာ”လို့ ဆိုပါတယ်။

မေးမြန်းခဲ့တဲ့အချိန်ဟာ မွန်းလွဲ ၁ နာရီ ၄၄ မိနစ်ပါ။ သူ့ကို ကျော်လွန်အပြီး အလျှံငြီးငြီး လောင်ကျွမ်းနေဆဲ နေအိမ်တွေ၊ မီးခိုးငွေ့တွေအူနေပြီး မကြာခင်ပြာဖြစ်သွားတော့မယ့် အပျက်အစီးတွေကို ဆက်လက် မှတ်တမ်းတင်ရင်း တစ်နေရာအရောက်မှာတော့ လတ်တလောကမှ ခေါင်မိုးကို မီးစဆွဲနေတဲ့ နေအိမ်တစ်လုံးက ရှေ့မြင်ကွင်းမှာ ဆီးကြိုနေပါတော့တယ်။

ဒီအချိန်မှာ ရုတ်တရက်ခေါင်းထဲရောက်လာတာက ပြီးခဲ့တဲ့ရက်က မြို့မကညင်တန်းမှာ တွေ့ခွင့်ရခဲ့တဲ့ ကွမ်းယာသည် ဟူဆင်းရဲ့ စကားပါပဲ။

“အဲဒါမဟုတ်ဘူး။ အဲဒါမဟုတ်ဘူး။ အဲဒါမဖြစ်နိုင်ဘူး။ ကျွန်တော်တို့သိပါတယ်။ အဲဒါမဖြစ်နိုင်ဘူး။ ကိုယ့်အိမ် ကိုယ် ဘယ်လို မီးတိုက်မလဲ။ အဲဒါမဖြစ်နိုင်ဘူး”တဲ့။

ထွက်ပြေးမူဆလင်တွေဟာ ကိုယ့်အိမ်ကိုယ်မီးနဲ့ရှို့ခဲ့တယ်လို့ ပြောဆိုနေကြတဲ့အပေါ် သူ့ရဲ့ သဘောထားကို Frontier က မေးမြန်းတဲ့အခါ အဲဒီလိုဖြေကြားခဲ့တာပါ။ ဒါပေမယ့် ဘယ်သူတွေရယ်လို့ တပ်အပ်ထင်မြင်ချက် ပေးဖို့တော့ မဖြစ်နိုင်တဲ့အကြောင်း သူကဆိုပါတယ်။

ဂေါ်ဒူသာရဖြစ်စဉ်ကို စက်တင်ဘာ ၇ ရက်နေ့မှာ သတင်းဌာနအချို့ မျက်မြင်မတွေ့ခဲ့ရခင်အချိန် တွေ့ဆုံခွင့်ရခဲ့တဲ့ ဒေသအာဏာပိုင်တွေကတော့ “ဘင်္ဂလီ”တွေဟာ ကိုယ့်အိမ်ကို မီးနဲ့ရှို့ထွက်ပြေးကြတဲ့အကြောင်း သတင်းထောက်တွေကို ပြောပြခဲ့ကြပါတယ်။

ခရီးစဉ်စတင်တဲ့နေ့မှာတွေ့ခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က “သူတို့သြဇာခံအောင် အကြောက်တရားဖြစ်အောင် မီးရှို့တယ်။ ဒီလူတွေမြန်မြန်ထွက်ပြေးမှ သူတို့ရဲ့ အကြံ အစည်ကလည်း အောင်မြင်မယ်။ ဒါမှ နိုင်ငံတကာက ပြောလာမယ်။ အဲဒါကြောင့်မီးရှို့တယ်” လို့ သူ့ရဲ့ တွေ့ရှိ ချက်တွေအပေါ် အခြေခံပြီး ပြောခဲ့ပါတယ်။

အလယ်သံကျော်လို မီးလောင်ပြင်ဖြစ်နေတဲ့ နေရာမှာ တာဝန်ကျနေတဲ့ ရဲအုပ်အောင်ကျော်မိုးကလည်း “သူတို့က မီဒီယာတွေကို ပြန်ပြီးတော့ ကျွန်တော်တို့ ဒီဖက်ကနေ လုပ်တယ်ဆိုပြီး သူတို့က လုပ်ချင်တဲ့ အနေအထားနဲ့ ရှို့ပြီး ထွက်ပြေးတာပါ”လို့ ဆိုထားပါတယ်။

ဒီတစ်ကြိမ်ခရီးစဉ်မှာ မူလစီစဉ်ထားတဲ့ပါတဲ့  မောင်တောမြောက်ပိုင်းက နေရာအချို့ကို သွားရောက်ခွင့်ရဖို့ အချိန်မလောက်တော့လို့ ဖျက်ခဲ့ရသလိုတိုင်းရင်းသားတွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတစ်ခုခုကို သွားရောက်ဖို့ အခွင့်အရေးလည်း မရခဲ့ပါဘူး။

myanmar_-_bangaladish_boder_6.jpg

မြန်မာနှင့် ဘင်္ဂလားဒေရှ့် နယ်ခြားခြံစည်းရိုးတစ်နေရာ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

နောက်ဆက်တွဲမှတ်ချက်

– နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ မူဆလင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ မောင်တောမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေ သုံးခုမှာ ယာယီစခန်း ၇ ခုဖွင့်လှစ် လိုက်ပြီလို့ ပြည်ထောင်စုအစိုးရအဖွဲ့က စက်တင်ဘာ ၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

–  စက်တင်ဘာ ၉ ရက်နေ့မှာတော့ နေအိမ်တွေ၊ ပစ္စည်းတွေကို မီးရှို့ဖျက်စီးတာတွေမလုပ်ဖို့ ပြုလုပ်နေတာတွေ့ရင် အကြောင်းကြားဖို့ အမိန့်တစ်ရပ်ကို မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်လိုက်ပါပြီ။ 

–  နေအိမ်စွန့်ခွာထွက်ပြေးခဲ့သူတွေကို  ပြန်လည်စိစစ်လက်ခံသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာ ၉ ရက်နေ့မှာ Frontier ကို အောက်ပါအတိုင်း မှတ်ချက်ပြု ထားပါတယ်။

“ကျွန်တော်တို့ဆီမှာ လူဝင်မှုကြီးကြပ်ရေးကနေ အိမ်တိုင်းအိမ်တိုင်းမှာ လုပ်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေရှိပါတယ်။ နောက်တစ်ခုက အဲဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေက ဘယ်သူဘယ်ဝါဆိုတာ ပြောနိုင်တာတွေရှိတယ်။ အခုဖြစ်နေတာက နယ်စပ်ကို သွားတယ်။ ဘင်္ဂလားဒေ့ရ်ှကလည်းလက်မခံဘူး။ အဲဒီတော့ သူ့နယ်စပ်ကိုယ့်နယ်စပ်မှာ တဲထိုးနေတာတွေ ရှိတယ်။ ဒီလူတွေအကုန်လုံးကိုတော့ တံခါးမရှိဓားမရှိ ပြန်ခေါ်လို့မရဘူး။ ဒါပေမယ့် ပြန်ခေါ်ရမယ်။ ဒီမှာနေခဲ့တာမှန်တယ်ဆိုတဲ့ အထောက်အထားနဲ့ လက်ခံမှာဖြစ်တယ်။ ဘင်္ဂလားဒေ့ရ်ှဖက်ကနေ အခုကျမှ ရောဝင်လာတာမျိုးတွေလည်း ရှိနိုင်တယ်။ ရခိုင်ဒေသမှာ နေထိုင်တာမဟုတ်တဲ့သူတွေ ပါမလာအောင် စိစစ်မှုတော့ အစိုးရဖက်ကလုပ်ရပါလိမ့်မယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။ 

–  စက်တင်ဘာ ၄ ရက်မှာ အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရ မောင်တောခရိုင်အတွင်းမှာ တိုင်းရင်းသားဦးရေ သုံးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။

–  စက်တင်ဘာ ၈ ရက်မှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းတွေအရ လူပေါင်းနှစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရောက်ရှိလာတယ်လို့ သိရပါတယ်။

ခေါင်းစီးဓာတ်ပုံ- မောင်တောအနီးက မီးလောင်နေတဲ့ ဂေါ်ဒူသာရကျေးရွာအနီးမှာ ဓားနဲ့ လေးခွတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားအချို့ကို သတင်းထောက်တွေက စက်တင်ဘာ ၇ ရက်နေ့မှာ တွေ့ရှိခဲ့ပါတယ်။ 

Frontier

Frontier

In-depth, unbiased coverage of Myanmar in an era of transition. Our fortnightly English language print magazine is published every other Thursday, with daily news updates online.
Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar