တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တည်ငြိမ်မှု အပြည့်အဝ မရှိသေးသော်လည်း မောင်တောတွင် စီးပွားရေးဇုန် တည်ဆောက်ရန် ယခုလ နောက်ဆုံးပတ်အတွင်း သဘောတူ လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရနှင့် နတ်မြစ်အလင်းတန်းဟု အမည်ရသည့် အကျိုးတူကုမ္ပဏီတို့ သဘောတူလက်မှတ်ရေး ထိုးမည်ဖြစ်ပြီး လတ်တလော အခြေအနေအရ ယခုလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးမည်ဟု သတ်မှတ်ထားသည်။
“အဲဒီနေရာ ပတ်ဝန်းကျင်ကိုတော့ လုံခြုံရေးအပြည့်အဝ ယူထားမှာပါ။ ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွေအတွက်လည်း လုံခြုံရေး ပေးမှာပါ” ဟု ရခိုင်ပြည်နယ်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ဆိုသည်။
အဆိုပါ ကညင်ချောင်းရွာ ပတ်ဝန်းကျင်သည် မူးယစ်ဆေးဝါးအမှုများနှင့် ဒုစရိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ဒေသခံရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် သာမန်အချိန်များတွင်ပင် သွားရောက်ရန် ခက်ခဲသည့်နေရာ ဖြစ်သည်။
ကညင်ချောင်း ပတ်လည် ဧက ၁၀၀ ကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး အဆိုပါနေရာကို ယခင်က ကူးသန်းရောင်းဝယ်ရေးဇုန်အဖြစ် သတ်မှတ်ခဲ့ရာမှ ယခုအခါ စီးပွားရေးဇုန်အဖြစ် အဆင့်မြှင့်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ စီးပွားရေးဇုန်တွင် လာရောက်ကူးသန်းမည့်သူများသည် မြေနေရာနှင့် စက်ရုံများကို အဆင်သင့် ငှားရမ်း အသုံးပြနိုင်မည်ဖြစ်သည်ဟုလည်း ဝန်ကြီးက ဆိုသည်။
ထိုစီးပွားရေးဇုန်တည်ဆောက်မည့် ကြာချိန်နှင့် မည်သည့်အချိန်တွင် လုပ်ငန်းစတင်နိုင်မည်ကိုမူ မသိရှိရသေးပေ။
ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများတွင် စတင်ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများနောက်ပိုင်း အဆိုပါဒေသများကို ယခုအချိန်ထိ လုံခြုံရေးအရ အစိုးရက “အပြည့်အဝ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေး” ပေ။ တိုက်ခိုက်မှုများအတွင်း လူရာပေါင်းများစွာသေဆုံးခဲ့ရသလို ထောင်ပေါင်းများစွာမှာလည်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်သည်။
နတ်မြစ်အလင်းတန်း ကုမ္ပဏီ ဆိုတာဘာလဲ
နတ်မြစ်အလင်းတန်း အခြေခံအဆောက်အအုံများ အစုအဖွဲ့ ကုမ္ပဏီလီမိတက် ဟု ခေါ်သည်။ အဆိုပါကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ယခုလ ၅ ရက်မှစ၍ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ပြီး မောင်တောကို ဒုတိယအကြိမ် တိုက်ခိုက်သည့် သြဂုတ် ၂၅ ရက်နောက်ပိုင်းကျမှ မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
ဦးဆောင်ပါဝင်သည့် ဒါရိုက်တာနှစ်ဦးအနက် တစ်ဦးမှာ မောင်တောမှတ်ပုံတင် ကိုင်ဆောင်ထားသည့် ဦးကျော်သန်းနိုင်ဆိုသူဖြစ်ပြီး အချက်အလက်များအရ ၎င်းတွင် အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိဘဲ ယခုကုမ္ပဏီ တစ်ခုတည်းသာ လုပ်ကိုင်သည်ကို တွေ့ရသည်။ အခြားသူတစ်ဦးမှာ ဦးကျော်တင့်ဆိုသူဖြစ်သည်။
ယခု အစုအဖွဲ့ ကုမ္ပဏီတွင် မောင်တောအခြေစိုက် ကုမ္ပဏီ ၃ ခုပါဝင်ပြီး ရန်ကုန်အခြေစိုက် ကုမ္ပဏီ လေးခုခန့်လည်း ပါဝင်နေသည်ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။ ကုမ္ပဏီ၏လိပ်စာကိုမူ မောင်တောမြို့ ၁ ရပ်ကွက်တွင် တည်ရှိသည်ဟု DICA တွင် ဖော်ပြထားသည်။
သတင်း-မြတ်ကျော်သူ