မောင်တောတွင် တပ်မတော်သားများက မုဒိန်းကျင့်သည်ဟူသော စွပ်စွဲချက် အမှုဖွင့်ခွင့်ရ

မောင်တော၊ မတ် ၃၁

မောင်တောဒေသ စစ်ဆင်ရေးအတွင်း တပ်မတော်သားတွေရဲ့ မုဒိန်းကျင့်မှု ခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီးနှစ်ဦးကို အမှုဖွင့် တိုင်တန်းနိုင်ဖို့ အာဏာပိုင်တွေက စီစဉ်ပေးလိုက်ပါတယ်။

မတ် ၃၀ ရက်နေ့က Frontier အပါအဝင် မီဒီယာအချို့ ကျားခေါင်းတောင်ကျေးရွာကို အစိုးရအစီအစဉ်နဲ့ ရောက်ရှိသတင်းယူစဉ် အမျိုးသမီးသုံးဦးက ဒီလို အဖြစ်ကြုံခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပြီးနောက် အမှုဖွင့်ဖို့ ဆန္ဒရှိသူနှစ်ဦး ပေါ်ထွက်လာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလခန့်က အဲဒီအဖြစ် ကြုံခဲ့ရတယ်လို့ ညီအမအရင်းတွေဖြစ်ကြတဲ့ အသက် ၂၀ အရွယ်နဲ့ အသက် ၁၆ နှစ်ရှိ အမျိုးသမီး နှစ်ဦးတို့က ကျေးရွာလူကြီးတွေရှေ့မှာ ဘာသာပြန်က တစ်ဆင့် မီဒီယာတွေကို ပြောကြားလိုက်တာပါ။

“ငါးယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ ခွဲထားတဲ့ အချိန်မှာဖြစ်တာပါ။ လူမရှိတဲ့အိမ်ကိုခေါ်သွားပြီး လေးငါးယောက်က မုဒိန်းကျင့်တာပါ”လို့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။

သူ့မှာ ကိုယ်ဝန်ရှိနေရက်နဲ့ မုဒိန်းကျင့်ခံခဲ့ရတယ်လို့ ပြောတဲ့ အသက် ၃၀ အရွယ် အခြား အမျိုးသမီးတစ်ဦးကတော့ အဲဒီရွာကနေ မီဒီယာတွေပြန်သွားအပြီးမှာ တိုင်တန်းချက် လက်ခံဖို့ ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေထံ အမှုမဖွင့်လိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမှတ် ၁ နယ်ခြားစောင့်ရဲ ကွပ်ကဲမှုရုံး ရဲမှုးချုပ် သူရစန်းလွင်က “မနေ့ညနေ ၆ နာရီကပဲ ငါးခူရရဲစခန်းမှာ အမှုဖွင့်မှုကို လက်ခံပြီးပါပြီ” ဟု မတ် ၃၁ ရက်နေ့ နံနက်ပိုင်းက မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးမှာ ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ အတည်ပြု ပြောကြားပါတယ်။

ကျန်းမာရေးအရ စခန်းကို မလာရောက်နိုင်တဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးအတွက်လည်း အမှုဖွင့်နိုင်ဖို့ သွားရောက်ဆောင်ရွက်ပေးမယ်လို့ သူက ပြောပါတယ်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကတော့ အမှန်တစ်ကယ်နစ်နာတယ်ဆိုရင် ဥပဒေရဲ့ စောင့်ရှောက်မှုကို ရစေရမယ်လို့ မတ် ၃၀ ညနေပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အာမခံခဲ့ပါတယ်။

“အမှန်တကယ်နစ်နာတယ်ဆိုရင် ဥပဒေရဲ့ ခံစားပိုင်ခွင့်ရကို ရရမယ်။ ကျူးလွန်သူကိုလည်း ဥပဒေကြောင်းအရ အရေးယူမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးကိုလည်း ရအောင် ဆောင်ရွက်ပေးမယ်”လို့ ဦးရဲထွဋ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက မီဒီယာအဖွဲ့တစ်ဖွဲ့ အဲဒီဒေသကို အစိုးရအစီအစဉ်နဲ့ ရောက်ရှိသတင်းယူစဉ်တုန်းကလည်း ပြောင်ပိုက်ကျေးရွာနေ အမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခံရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့လို့ အမှုဖွင့်ပေးနိုင်ဖို့ စီစဉ်ပေမယ့် တိမ်းရှောင် (ဘင်္ဂလားဒေ့ရှ်ဖက်ဟု ယူဆရ)သွားတယ်လို့လည်း သူက အသိပေးပါတယ်။

ဒါ့အပြင် အဲဒီအချိန်နဲ့ မရှေးမနှောင်း နိုင်ငံတကာ အဖွဲ့အစည်းတွေလာရောက်တဲ့ ခရီးစဉ်တစ်ခုမှာလည်း အလားတူစွပ်စွဲချက်မျိုး ထွက်ပေါ်ခဲ့ဖူးပြီး တိုင်တန်းချက်ကို လက်ခံဖို့ သွားရောက်တွေ့ဆုံတဲ့အခါမှာတော့ နောက်ကွယ်က ဖိအားတွေကြောင့် ပြောမိတာလို့ ကာယကံရှင်က ဝန်ခံခဲ့တယ်လို့ ဦးရဲထွဋ်ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်း မောင်တောခရိုင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်ပြီး လက်နက်တွေပါ လုယူခံလိုက်ရတဲ့ အကြမ်းဖက်မှုကို နှိမ်နင်းခဲ့စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မုဒိန်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများအပြားရှိနေပေမယ့် တရားဝင် အမှုဖွင့်တိုင်တန်းမှု သုံးကြိမ်သာ ရှိပါတယ်။ ယခုအမျိုးသမီးနှစ်ဦးမတိုင်မီကလည်း ဦးရှည်ကြားကျေးရွာက မုဒိန်းမှုတစ်ခုကို ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားထားတာရှိတယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar