ရန်ကုန်၊ နိုဝင်ဘာ ၂၀
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်အား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်လက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
“၁၀၅ မိုင်ကို တိုက်တာတော့ ကျွန်တော်တို့ မြောက်ပိုင်းပူးပေါင်းအဖွဲ့ AA(ရခိုင်တပ်မတော်)၊ TNLA (တအာင်းအမျိုးသားလွပ်မြောက်ရေးတပ်မတော်)၊ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ရယ်ပါ။ အဲဒီကို တိုက်တာကိုတော့ အတည်ပြုပါတယ်။ ဒါပေမယ့် လက်ရှိ မြေပြင်အခြေအနေ ပျက်ဆီးတာ ကျဆုံးတာတွေကိုတော့ မသိရသေးဘူး” ဟု ရခိုင့်တပ်မတော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက Frontier ကို ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအား ယနေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ လက်နက်ကိုင်အဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများရှိပြီး မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းလည်း ရပ်တန့်သွားသည်ဟု သိရသည်။
တပ်မတော်ကလည်း ကုန်သွယ်ရေးနယ်စပ်ဂိတ်ကို ဝင်ရောက်တိုက်ခဲ့သည် အဖွဲ့များကို အတည်ပြုနေပြီး ယနေ့မှာပင် သတင်းထုတ်ပြန်ပေးသွားရန် ပြင်ဆင်နေသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောကြားသည်။
သတင်း-ဟိန်းကိုစိုး