မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနည်းဆုံး လူပေါင်း ၃,၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ ထွက်ပြေးလာကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံက ပြောကြားသည်။ တပ်မတော်နှင့် တိုင်းရင်းသားသောင်းကျန်းသူများအကြား တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိသွားပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် သွေးထွက်သံယို သောင်းကျန်းမှုများအား ချုပ်ငြိမ်းစေရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်အတွက် ယခုပဋ္ဋိပက္ခများက လောလောလတ်လတ် ထိုးနှက်ချက်လည်း ဖြစ်သည်။
အင်အားကြီးမားလှသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အို) အပါအဝင် တိုင်းရင်းသားအဖွဲ့လေးခုနှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် ပြင်းထန်လှသော တိုက်ပွဲများကြောင့် ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ နယ်စပ်ဒေသတွင် နေထိုင်ကြသည့် ဒေသခံများက ပြောကြားကြသည်။
သုံးရက်အတွင်း မူဆယ်မြို့အနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၀ ဦးရှိခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသူများမှာ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ အစိုးရပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သား ငါးဦးတို့ ဖြစ်ကြသည်။ နိုဝင်ဘာ ၂၀ ရက်နေ့တွင် စစ်သားတစ်ဦး သေဆုံးခဲ့သည့်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အဆိုပါစာရင်းတွင် ဖော်ပြထားခြင်းမရှိပေ။
ထို့အပြင် ဒဏ်ရာရရှိသူ ၃၃ ဦးရှိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အပြင်မထွက်ရဲကြဘူး” ဟု မူဆယ်ဒေသခံ မအေးအေးက အေအက်ဖ်ပီကို ပြောကြားသည်။ “ကျွန်မတို့အားလုံး ကြောက်လန့်နေကြတယ်။ အခြေအနေပိုဆိုးလာရင်တော့ တရုတ်ပြည်ကို သွားမယ်လို့ စဉ်းစားထားတယ်” ဟု ၎င်းကပြောသည်။
နယ်စပ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံတွင်းသို့ ဗုံးဆံကျရောက်သဖြင့် တရုတ်နိုင်ငံသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် တရုတ်စစ်တပ်အား အမြင့်ဆုံးအဆင့် တပ်လှန့်ထားလိုက်သည်ဟု တရုတ်နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့သည်။ တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပြောကြားသည်။
“စစ်ပွဲကို ရှောင်ရှားဖို့အတွက် မြန်မာနိုင်ငံသား ၃,၀၀၀ လောက် တရုတ်နိုင်ငံထဲကို ဝင်လာကြပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“လူသားချင်း စာနာထောက်ထားမှုအရ သူတို့ကို သင့်တင့်လျောက်ပတ်တဲ့ နေထိုင်စရာတွေကို တရုတ်ဒေသအာဏာပိုင်တွေက စီစဉ်ပေးထားသလို ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသနိုင်ဖို့ ဆေးရုံကို ပို့ပေးပါတယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့် ခုနစ်လက အာဏာရရှိလာသည့် ၎င်းတို့ ရွေးကောက်ခံအစိုးရ၏ ဦးစားပေးလုပ်ငန်းမှာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နယ်စပ်ဒေသများတွင် မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရသည်။
ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများက ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုများအပေါ် လွှမ်းမိုးနေပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှု ရရှိရေးအတွက် နှစ်ပေါင်းများစွာ အချိန်ယူရဖွယ် ရှိနေသည်။
ရိုဟင်ဂျာ မူဆလင်များနေထိုင်ကြသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်လည်း စစ်တပ်က ပိတ်ဆို့ကာ စစ်ဆင်ရေး ဆောင်ရွက်နေပြီးနောက်ပိုင်း အနည်းဆုံး လူပေါင်း ၇၀ ခန့် သေဆုံးခဲ့ပြီးဖြစ်ကာ ၃၀,၀၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
သတင်း-အေအက်ဖ်ပီ