မူဆယ်ဒေသတိုက်ပွဲများကြောင့် အရပ်သားနှစ်ဦး သေဆုံး

နိုဝင်ဘာ ၂၀

မူဆယ်ဒေသတွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။

“အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာနဲ့ ဒီမနက် ဆေးရုံကို အရောက်မှာပဲ သေဆုံးသွားပါတယ်” ဟု အမည်မဖော်လိုသည့် ဆေးရုံဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ထို့အပြင် ဒဏ်ရာရသူ ၂၅ ဦးရှိသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော် နယ်စပ်မြို့တစ်ခုဖြစ်သည့် မူဆယ်သည် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။ မူဆယ်မြို့အနီးရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအပါအဝင် ဒေသအချို့အား ယနေ့နံနက်အစောပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေကြေမှုအချို့ရှိခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

“KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့နှင့် MNDAA ပူးပေါင်း အဖွဲ့များသည် နိုဝင်ဘာ ၂၀ ရက် ၊ နံနက် ၂ နာရီ အချိန်ခန့်မှစ၍ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား အလစ်အငိုက် ရယူပြီး တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်လက်နက်ကိုင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Frontier အတည်ပြု ပြောကြားခဲ့သည်။

“၁၀၅ မိုင်ကို တိုက်တာတော့ ကျွန်တော်တို့ မြောက်ပိုင်းပူးပေါင်းအဖွဲ့ AA(ရခိုင်တပ်မတော်)၊ TNLA (တအာင်းအမျိုးသားလွပ်မြောက်ရေးတပ်မတော်)၊ MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ရယ်ပါ။ အဲဒီကို တိုက်တာကိုတော့ အတည်ပြုပါတယ်” ဟု ရခိုင့်တပ်မတော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက Frontier ကို ပြောကြားသည်။

တပ်မတော်ကမူ KIAM၊ NDAA နှင့် TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်စဉ်များအနက် ကြူကုတ်(ပန်ဆိုင်း)စခန်း၊ မုံးကိုးစခန်းနှင့် မန်ကန်စခန်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကျန်စခန်းများတွင် လက်နက်ကိုင်သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာသွားပြီးဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar