ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်-မြန်မာနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများတွင် တရုတ်နိုင်ငံသား နှစ်ဦးလည်း ပါဝင်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
မူဆယ်မြို့အနီးရှိ လုံခြုံရေးကင်းစခန်းများနှင့် လောင်းကစားရုံတို့အား တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) က မေ ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူ့စစ်များနှင့် လာရောက်တိုက်ခိုက်သည့် TNLA တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူ ၁၉ ဦးသေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်သည်။
“အခုအချိန်အထိ ကျွန်တော်တို့ လေ့လာသိရှိထားသလောက်အရ ဒီပဋိပက္ခကြောင့် မြန်မာနိုင်ငံထဲမှာ တရုတ်နိုင်ငံသားနှစ်ဦး သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံထဲကို ဒုံးကျည်သုံးလုံးနဲ့ ကျည်ဆံအချို့ ကျရောက်ခဲ့ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုကန်က မေ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် ဒုက္ခသည် ၃၀၀ ကျော်မှာလည်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးလာကြသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
“မေ ၁၂ ရက်နေ့က မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အလွန်ကို စိုးရိမ်ပူပန်မိပါတယ်” ဟုလည်း လုကန်ကပြောကြားသည်။
တိုက်ခိုက်မှုအပြီးတွင် TNLA က “တအန်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်၏ တပ်အင်အား အဆမတန်ဖြည့်တင်းမှုနှင့် ကချင်ပြည်နယ်အတွင်း မဟာမိတ် KIA နှင့် တိုက်ပွဲ ပြင်းထန်မှုကြောင့် ယခုကဲ့သို့ အသေးစား စစ်ဆင်ရေး ပြုလုပ်ရခြင်းဖြစ်သည်” ဟု ကြေညာခဲ့သည်။
သို့သော် မေ ၁၃ ရက်နေ့တွင် ထပ်မံပေါ်ထွက်လာသည့် TNLA ၏ ကြေညာချက်တွင်မူ တရုတ်နိုင်ငံသား ရာပေါင်းများစွာ ပြန်ပေးဆွဲခံရခြင်း၊ လောင်းကစားကြောင့် ငွေညစ်ခံရခြင်း၊ တောင်းသည့်ငွေ မပေးနိုင်သဖြင့် သတ်ဖြတ်ခံရခြင်းများရှိခဲ့သည့် ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံအား TNLA က ဝင်ရောက် ရှင်းလင်း တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုလောင်းကစားဝိုင်းအတွင်းတွင် တရုတ်နိုင်ငံသားများ ရာဂဏန်းနီးပါး သတ်ဖြတ် အစဖျောက်ခံရသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။
ရှမ်းပြည်နယ်၊ မူဆယ်မြို့သည် တရုတ်-မြန်မာ နယ်ခြားဒေသတွင် တည်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျသည့် နယ်စပ်ဝင်ပေါက်တစ်ခုလည်း ဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သည့် ဖြစ်ရပ်များကို ကာကွယ်ရန်နှင့် အခြေအနေအား ထပ်မံ ဆိုးရွားမလာစေရေးအတွက် ဆောင်ရွက်ကြရန် ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အစည်းများအားလုံးကို တရုတ်နိုင်ငံက တောင်းဆိုသည်ဟုလည်း လုကန်ကပြောကြားသည်။