An electricity bill sits outside an apartment in Sanchaung Township. (Frontier)
စမ်းချောင်းမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခုအပြင်တွင် ချိတ်ထားသည့် မီတာခငွေတောင်းခံလွှာကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မီတာခသပိတ်နှင့် စစ်ကောင်စီ၏ ဘဏ္ဍာရေးအကျပ်အတည်း

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ချိရေးသည် အစိုးရ၏ ကုန်ကျစရိတ်အများဆုံး နိုင်ငံပိုင်လုပ်ငန်းများအနက်က တစ်ခုဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း အိမ်သုံးလျှပ်စစ် မီတာခများကို ပြန်လည်ကောက်ခံနိုင်ခြင်းမရှိပါက စစ်ကောင်စီသည် ဘတ်ဂျတ်ငွေစာရင်းတွင် ယိုပေါက်ကြီးဖြစ်နေမည့် အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဖရွန်းတီးယားမြန်မာ

ဖေဖော်ဝါရီ ၂၂ရက်တွင် မလွင်လွင်မြင့်ထံသို့ မတ်လအတွက် မီတာခ ၁၀,၅၈၅ ကျပ် ပေးဆောင်ရန် ငွေတောင်းခံလွှာ ရောက်လာသည်။ ပေးဆောင်ရမည့်ပမာဏ မများလှသော်လည်း မီတာခမဆောင်ရန် မလွင်လွင်မြင့်က အခိုင်အမာ သန္နိဋ္ဌာန်ချထားသည်။

“စစ်အာဏာရှင်ကို မီတာခအပါအဝင် ဘာအခွန်မှ မဆောင်ဘူးလို့ ကျမဆုံးဖြတ်ထားတယ်။ တကယ်လို့ ရဲတွေ၊ စစ်သားတွေက မေးလာရင် ကျမမှာ ပိုက်ဆံမရှိလို့ မပေးနိုင်ဘူးလို့ ပြောရမှာပဲ။ သူတို့မီးဖြတ်လည်း ကျမဂရုမစိုက်ဘူး”ဟု မြောက်ဒဂုံမြို့နယ်တွင်နေထိုင်သူ မလွင်လွင်မြင့်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ကျမမေးကြည့်မိသလောက် ကျမတို့ရပ်ကွက်ထဲက တော်တော်များများလည်း မီတာခမပေးသေးဘူးလို့ ဆုံးဖြတ်ထားကြသူတွေချည်းပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မီတာခကျသင့်ငွေကောက်ခံခြင်းသည် သာမန်အားဖြင့် မထူးခြားသည့်ကိစ္စဖြစ်သော်လည်း စစ်ကောင်စီအတွက်မူ ၎င်း၏ အုပ်ချုပ်မှု အထမြောက်၊ မမြောက်ကို စမ်းသပ်ချက်တစ်ခုဖြစ်နေသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံတဝှမ်းရှိ ပြည်သူအများသည် ‘စစ်ကောင်စီလက်ထဲသို့ ငွေတစ်ကျပ်၊ တစ်ပြားမှမထည့်ပေးနိုင်’ဟု စိတ်ပိုင်းဖြတ်ထားကြသည်။

ပြည်သူအများ မီတာခမဆောင်လျှင် စစ်ကောင်စီပေးဆပ်ရမည့် အရင်းအနှီးက မသေးလှချေ။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကုန်ကျစရိတ်သည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ယင်းကဏ္ဍသည် အစိုးရက ဘတ်ဂျတ်အသုံးစရိတ်အများဆုံး ရင်းနှီးမြှုပ်နှံရသည့် စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

နိုင်ငံ့ဘဏ္ဍာငွေအတွက် အဓိကငွေဝင်ရလမ်းများဖြစ်သည့် သဘာဝဓာတ်ငွေ့ရောင်းချခြင်းနှင့် အများပြည်သူထံမှ အခွန်ကောက်ခံခြင်းတို့မှ ရရှိသည့်ဝင်ငွေပမာဏသည် ကိုဗစ်-၁၉ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ကျဆင်းဖွယ်ရာရှိရာ မီတာခကျသင့်ငွေများပါ ပြန်မရနိုင်ပါက ဆုံးရှုံးမည့် နိုင်ငံ့ဘဏ္ဍာသည် ဒေါ်လာဘီလျံနှင့်ချီ၍ ရှိလာမည်ဖြစ်သည်။

အလုပ်ခန့်ခြင်းနှင့် ထုတ်ပယ်ခြင်း

ဖေဖော်ဝါရီ၁ရက်စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံ့ဝန်ထမ်းအများအပြား ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် ခန့်မှန်းခြေ ဝန်ထမ်း၈၀ရာခိုင်နှုန်းခန့် ရုံးမတက်ကြသဖြင့် CDM လုပ်သည့် ဝန်ထမ်းအများဆုံးရှိသော ဝန်ကြီးဌာနဖြစ်လာသည်။

အထူးသဖြင့် မီတာဖတ်ခြင်း၊ မီတာခကောက်ခံလွှာဖြန့်ဝေခြင်းနှင့် ကျသင့်ငွေကောက်ခံခြင်းတို့ကို ဝန်ဆောင်မှုပေးရသည့် မြို့နယ်လျှပ်စစ်ရုံးများတွင် CDM လှုပ်ရှားမှု အားကောင်းလျက်ရှိသည်။ အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် လျှပ်စစ်ဝန်ထမ်းများအား ယခင်ကကဲ့သို့ မကြာခဏ မတွေ့ရတော့ချေ။ များသောအားဖြင့် ချို့ယွင်းမှုတစ်ခုခုကြောင့် မီးပျက်သွားချိန်တွင် မီးလိုင်းများနှင့် စက်ပစ္စည်းများ ပြင်ဆင်ရန်သာ တွေ့ရတတ်သည်။

“ကျနော်နဲ့ အလုပ်အတူလုပ်သူတွေ အားလုံးလိုလို CDM ဝင်ကြတယ်”ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဝန်ထမ်းတစ်ဦးက ပြောသည်။ “မြို့နယ်ရုံးတော်တော်များများမှာ ဝန်ထမ်းတွေ ရုံးမတက်ကြတဲ့အတွက် မီတာခကျသင့်ငွေ ဘေလ်စာရွက်တွေ အိမ်ပေါက်စေ့ လိုက်မဝေနိုင်တော့ဘူး”ဟု အဆိုပါဝန်ထမ်းက ပြောသည်။

စစ်အာဏာမသိမ်းမီက အိမ်သုံးမီတာလိုက်မှတ်သည့် အရာရှိတစ်ဦးကလည်း စစ်ကောင်စီဝင်ငွေရစေရန် မကူညီပေးလိုသဖြင့် CDM တွင် ပါဝင်ထားသည်ဟုဆိုသည်။

“ပြည်သူတွေအတွက် အလုပ်လုပ်ဖို့ ကျနော်တို့ အမြဲအသင့်ရှိပါတယ်။ စက်တစ်ခုခု ချွတ်ယွင်းသွားလို့ မီးပျက်သွားရင် ပြန်ပြင်ပေးဖို့ ကျနော်တို့ အသင့်ရှိနေပါတယ်”ဟု အဆိုပါအရာရှိက ပြောသည်။

ဝန်ထမ်းအချို့ ရုံးပြန်တက်ကြသဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ CDM ဝန်ထမ်းအရေအတွက် လျော့နည်းသွားသော်လည်း မြို့နယ်ရုံးများတွင်မူ CDM ဝင်ထားသူများ ဧပြီလကုန်အထိ ဆက်ရှိနေကြကြောင်း ဖရွန်းတီးယားမြန်မာက စုံစမ်းသိရှိထားသည်။

နိုင်ငံ့စီးပွားရေးတန့်နေ၍ အသုံးပြုမှုလိုအပ်ချက်လျော့နည်းနေချိန်တွင်ပင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုန်ကျစရိတ်မှာ တရိပ်ရိပ်မြင့်တက်နေသည်။ သို့ဖြစ်ရာ စစ်ကောင်စီသည် မီတာခများပြန်လည်ရရှိရေးနှင့် ဝန်ထမ်းများလုပ်ငန်းခွင်ပြန်ဝင်ရေး ဖိအားပေးကြိုးပမ်းလျက်ရှိပြီး ပူးပေါင်းဆောင်ရွက်ရန်ငြင်းဆန်သော ဝန်ထမ်းများအား ပြစ်ဒဏ်များချမှတ်ရန် ပြင်ဆင်နေသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် စာရင်းတစ်ခုအရ မေ၅ရက်အထိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် နိုင်ငံပိုင်လုပ်ငန်းရှစ်ခုမှ အရာထမ်းအဆင့်ရှိ ဝန်ထမ်း၂၄၀ဦးအပါအဝင် ဝန်ထမ်းစုစုပေါင်း ၃,၇၁၂ဦးကို CDM တွင် ပါဝင်သောကြောင့် ဝန်ကြီးဌာနက အလုပ်ထုတ်လိုက်သည်။ ယင်းဝန်ထမ်းအများစုသည် ဧပြီတွင် CDM ဝင်ခဲ့ကြသူများ ဖြစ်သည်။

အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများ၏ သုံးပုံနှစ်ပုံခန့်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချရေးအတွက် ဝင်ငွေရှာပေးနေသော လုပ်ငန်းများမှ ဖြစ်သည်။ ၎င်းတို့မှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ ၂၈၅ဦး၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)မှ ၈၄၁ဦးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများမှ ၁,၃၃၀ဦးတို့ ဖြစ်သည်။

ယင်းအချက်အလက်အားလုံး မှန်၊ မမှန် ဖရွန်းတီးယားမြန်မာက အတည်မပြုနိုင်သော်လည်း MESC က အလုပ်ထုတ်ခံရသည့် ဝန်ထမ်းဦးရေမှာ မှန်ကန်ကြောင်းအတည်ပြုနိုင်သဖြင့် ကျန်ကိန်းဂဏန်းများလည်း မှန်ကန်သည်ဟု ယူဆရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် တာဝန်မှရပ်စဲလိုက်သော ဝန်ထမ်းများနေရာတွင် လူသစ်အစားထိုး ခန့်ပြီးဖြစ်သည့်အပြင် ဧပြီ၁၉ရက်တွင်ပြီးဆုံးခဲ့သည့် သင်္ကြန်ရုံးပိတ်ရက်အတွင်း အချို့နေရာများတွင် မီတာခ ကျသင့်ငွေ တောင်းခံလွှာများပင် ဖြန့်ဝေခဲ့သည်။

မီတာဖတ်ရန်၊ မီတာခကောက်ခံလွှာဖြန့်ဝေရန်နှင့် ကျသင့်ငွေကောက်ခံရန် မြို့နယ်အချို့တွင် ဝန်ထမ်းအသစ်များ အစားထိုးခန့်ထားကြောင်း CDM ဝင်နေသော်လည်း အလုပ်ရပ်စဲခြင်းမခံရသေးသော YESCမှ အရာရှိတစ်ဦးက ပြောသည်။

“အဓိက,ကတော့ မာရှယ်လောထုတ်ထားတဲ့ မြို့နယ်တွေမှာပေါ့။ ကျနော့်လို အရင်ဝန်ထမ်းတွေကတော့ အလုပ်မဆင်းကြပါဘူး။ အခု မီတာဖတ်တာတို့၊ ဘာတို့လုပ်နေသူတွေကတော့ အသစ်ခန့်ထားတဲ့သူတွေပါ”ဟု ၎င်းက ပြောသည်။

မန္တလေးမြို့က လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသူရ(အမည်လွှဲ)သည် စစ်အာဏာသိမ်းမှုအပြီး တစ်ပတ်အကြာ ဖေဖော်ဝါရီ၈ရက်ကစ၍ CDMတွင် ပါဝင်ခဲ့သည်။ ၎င်းအလုပ်လုပ်ရာ ချမ်းအေးသာဇံမြို့နယ်ရှိ MESC ရုံးတွင် ၎င်းအပါအဝင် လုပ်ဖော်ကိုင်ဖက်အားလုံးနီးပါး CDM ဝင်ကြရာ ဝန်ထမ်း၉၇ဦးတွင် လေးဦးသာ ရုံးတက်ခဲ့သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်ရုံးက လျှပ်စစ်ဝန်ထမ်းများကဲ့သို့ပင် ကိုသူရ CDM ဝင်ရသည့် ရည်ရွယ်ချက်မှာ စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်း ဖြတ်တောက်ရန်ဖြစ်သည်ဟု ၎င်းကဆိုသည်။ သို့သော် သူနှင့် လုပ်ဖော်ကိုင်ဖက်များသည် CDMတွင် ဆုံးခန်းတိုင်သည်အထိ မပါဝင်နိုင်မည်ကို စိုးရိမ်ကြောင်း မတ်လအတွင်း ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့စဉ် ၎င်းက ပြောသည်။

“စစ်ကောင်စီ, ဆီကနေ ကျနော်တို့ လစာမယူထားပါဘူး။ ဒါပေမဲ့ စားဝတ်နေရေး အဆင်ပြေဖို့အတွက် စုဆောင်းထားတာတွေလည်း သိပ်မရှိဘူး။ ဒီလိုဆက်ပြီး ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကျနော်လည်း မသိဘူး။ အခုချိန်အထိတော့ CDM သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေဆီကနေ ဘာမှမရသေးပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာ အကူအညီရမယ်ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

CDM သမားများကို ကူညီနေသည့် အဖွဲ့အစည်းများထံမှ အထောက်အပံ့မရသေးချိန်တွင် ကိုသူရသည် စားဝတ်နေရေးအတွက် ဟင်းသီးဟင်းရွက်ရောင်းပြီး ဝင်ငွေရှာနေရသည်။ ဧပြီ ၂၈ရက်တွင် MESC က ဝန်ထမ်း ၁၆၈ဦးကို အလုပ်ထုတ်ခဲ့ရာ ကိုသူရလည်း ပါဝင်ခဲ့သည်။ မေ၁၀ရက်တွင်မူ အလုပ်တာဝန်မှ ရပ်စဲခံရကြောင်း တရားဝင် စာရရှိခဲ့သည်။ ၁၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် သူ့အတွက် ဝန်ထမ်းလိုင်းခန်းမှဆင်းပေးရန် အချိန်ကိုးရက်သာ ရခဲ့သည်။ သို့သော် သူ့ ဆုံးဖြတ်ချက်အတွက်သူ နောင်တမရခဲ့ပေ။

“CDMဝင်လိုက်ကတည်းက နောက်ဆုံးအလုပ်ထုတ်ခံရမယ်ဆိုတာ ကျနော်သိတယ်။ ကျနော့် အမျိုးတွေအိမ်ကို ပြောင်းနေဖို့ စီစဉ်ထားပြီးသားပါ။ ကျနော် အလုပ်တစ်ခုခုတော့ ရှာရမယ်။ ဒါပေမဲ့ တော်လှန်ရေးကြီး အောင်မြင်သွားတဲ့အခါကျရင်တော့ အခုအလုပ်ဆီ ပြန်လာမယ်”ဟု ၎င်းကပြောသည်။

မီတာခမပေးဆောင်ခြင်းကြောင့် အိမ်ထောင်စုအများအပြားကို မီးဖြတ်ခြင်းက လျှပ်စစ်ကဏ္ဍ၏ ဘဏ္ဍာငွေယိုပေါက်ပြဿနာအတွက် အဖြေမဟုတ်ပေ။ အကြောင်းမှာ စစ်ကောင်စီသည် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီများကို လျှပ်စစ်ဓာတ်အား ဝယ်ယူရေးစာချုပ်အရ ထုတ်လုပ်သည့်ပမာဏအပေါ်မမူတည်သည့် ငွေပမာဏတစ်ခုကို ပေးရမည်ဖြစ်သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ရတက်မအေးရသည့် နောင်ရေး

မတ်လလယ်က မာရှယ်လောထုတ်ပြန်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် မီတာခကျသင့်ငွေကောက်ခံလွှာများကို ဧပြီလကုန်ပိုင်းတွင် ဖြန့်ဝေခဲ့သည်။ ယင်းသည် စစ်တပ်အာဏာသိမ်းယူပြီးနောက် ပထမဦးဆုံးရောက်လာသော မီတာခစာရွက်များဖြစ်သည်။

ဇန်နဝါရီလအတွက် မီတာခကျသင့်ငွေစာရွက်ရောက်လာကြောင်းနှင့် ယခုအချိန်တွင် မီတာခပေးဆောင်ရန် စိတ်ကူးမရှိကြောင်း ရွှေလင်ဗန်းစက်မှုဇုန်တွင် နေထိုင်သည့် ကိုအောင်သူက ပြောသည်။

“ဒီမြို့နယ်မှာနေတဲ့သူတွေကို သူတို့(စစ်ကောင်စီ)က သတ်ခဲ့တာပဲ”ဟု ၎င်းကပြောသည်။ မတ်၁၄ရက်က လှိုင်သာယာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် လူပေါင်း၅၀ကျော် သေဆုံးခဲ့သည့်ဖြစ်စဉ်ကို ရည်ညွှန်းပြီး ပြောဆိုခြင်းဖြစ်သည်။ “လူတွေဒီလောက်အများကြီး သတ်ထားတဲ့သူတွေအတွက် ကျနော်ဘာလို့ ပိုက်ဆံပေးရမှာလဲ။ အခွန်လည်း မဆောင်ဘူး။ ကျနော်တို့ အခွန်ဆောင်လိုက်ရင် လူသတ်သမားတွေကို အားပေးသလို ဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံရှိ အခြားဒေသများတွင် လူနေအိမ်များ၊​ စီးပွားရေးလုပ်ငန်းများသို့ လျှပ်စစ်မီတာခ ငွေတောင်းခံလွှာ ရောက်မလာသေးသော်လည်း အများပြည်သူအကြား ဖြစ်ပေါ်နေသည့် သဘောထားမှာ “မီတာခမဆောင်”ဟူ၍ ဖြစ်သည်။

မီတာခကောက်ခံလွှာများ အိမ်စေ့ဝေနိုင်ရန် နေ့စားဝန်ထမ်းများ ခန့်အပ်ထားသည်ဟု ကြားသိရသော်လည်း ယခုအထိ ငွေတောင်းခံလွှာမရရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ခံ ကိုနိုင်ထွန်းက ဆိုသည်။ အခြားဒေသများနှင့်နှိုင်းယှဉ်ပါက ညောင်ဦးလျှပ်စစ်ရုံးတွင် CDM ဝင်သည့် ဝန်ထမ်းအများအပြားရှိသည်ဟု ၎င်းက ပြောသည်။ “မီတာခစာရွက်တွေ ကျနော်တို့ဆီ မကြာခင်ရောက်လာမယ် ထင်တယ်။ ဒါပေမဲ့ ကျနော်ကတော့ မီတာခဆောင်မှာ မဟုတ်ဘူး”ဟု ကိုနိုင်ထွန်းက ပြောသည်။

၎င်းကဲ့သို့ပင် ပုဂံရှိ ဟိုတယ်ပိုင်ရှင်တစ်ဦးကလည်း မီတာခမဆောင်ရန် ဆုံးဖြတ်ထားကြောင်းဆိုသည်။ ၎င်းနည်းတူ အခြားလုပ်ငန်းရှင်များကလည်း ဆုံးဖြတ်ဖွယ်ရှိကြောင်း ၎င်းကဆိုသည်။

“အောင်ဘာလေထီလက်မှတ်တွေ ဝယ်သူမရှိလို့ ထီဆုတွေ ပုံမှန်မထုတ်နိုင်တာကို ကျနော်ကြားပါတယ်။ ဒီလိုပဲ လူတော်တော်များများ မီတာခမဆောင်ကြဘူး ထင်တယ်။ အာဏာရှင်ကို ကျနော်တို့ အားမပေးဘူး။ လျှပ်စစ်ကဏ္ဍကနေရတဲ့ ဝင်ငွေကအများကြီးပါ။ ဘဏ္ဍာငွေမရှိရင် သူတို့ကြာကြာမရပ်တည်နိုင်ပါဘူး“ဟု ၎င်းကပြောသည်။

သို့သော် အချို့သူများအတွက်မူ မီတာမဆောင်လျှင် နောက်ဆက်တွဲကြုံတွေ့ရမည့် ပြဿနာက အလုပ်ရှုပ်သည်။ မကွေးမြို့က လုပ်ငန်းရှင်တစ်ဦးကမူ ၎င်း၏ စီးပွားရေးလုပ်ငန်းအတွက် မီးအဖြတ်မခံနိုင်သဖြင့် မီတာခဆောင်မည်ဟုဆိုသည်။

ယင်းသို့ဆိုသည့်တိုင် ၎င်းသည်ပင်လျှင် မီတာခမဆောင်နိုင်ဖြစ်ရသည်။ ဖေဖော်ဝါရီအတွက် မီတာခစာရွက် ရထားသော်လည်း မီတာရုံးက ဝန်ထမ်းအများစု CDM ဝင်နေသဖြင့် မီတာခသွားဆောင်သည့်အခါ ငွေလက်ခံမည့် ဝန်ထမ်းမရှိခဲ့ပေ။

လျှပ်စစ်ဝန်ထမ်းများ အစားထိုးခန့်ထားခြင်းသည် စစ်ကောင်စီအတွက် ပြဿနာ၏ အဖြေတစ်ဝက်သာ ဖြစ်သည်။ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများသာမက လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများကပါ မီတာခပေးဆောင်ရန် ငြင်းဆန်ခြင်းဖြင့် ပါဝင်လာကြသည့်အခါ သန်းပေါင်းများစွာသော ပြည်သူများထံမှ ဒေါ်လာဘီလျံနှင့်ချီသော လျှပ်စစ်မီတာခများ ရရှိအောင် ဆောင်ရွက်ရေးမှာ စစ်ကောင်စီအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။

စစ်ကောင်စီသည် ယခုချိန်အထိ ယင်းပြဿနာကို ဖြေရှင်းသေးပုံမရပေ။ သုံးစွဲသူများသည် မီတာခ ကျသင့်ငွေကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ပေးဆောင်ရမည်ဖြစ်ပြီး ပုံမှန်အားဖြင့် မီတာခပေးဆောင်ရန် ပျက်ကွက်ပါက လျှပ်စစ်ရုံးက မီးဖြတ်လိုက်မည်ဖြစ်သည်။

ကိုအောင်သူနှင့် မလွင်လွင်မြင့်တို့ နှစ်ဦးစလုံးသည် မီတာခပေးဆောင်ရမည့်ရက် နှစ်ပတ်ကျော်ပြီ ဖြစ်သော်လည်း မီတာခမပေးဆောင်ကြသေးပေ။ သို့တိုင် လျှပ်စစ်အာဏာပိုင်များထံမှ မည်သည့် အကြောင်းကြားမှုမျှ မရောက်လာသေးသလို လျှပ်စစ်မီးလည်း အဖြတ်မခံရသေးပေ။

မေ၁၄ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက “ပြည်သူသို့ မေတ္တာရပ်ခံပန်ကြားချက်”တစ်စောင် ထုတ်ပြန်ခဲ့သည်။ “လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများထံမှ ရရှိသောဓာတ်အားခများဖြင့် ပြည်သူများလိုလားနေသော တည်ငြိမ်ပြည့်ဝလုံလောက်သည့် လျှပ်စစ်ဓာတ်အားများကို နိုင်ငံပိုင်စက်ရုံများမှ ထုတ်လုပ်ရသကဲ့သို့ ပုဂ္ဂလိကပိုင် စက်ရုံများမှလည်း ဝယ်ယူဖြန့်ဖြူးနေရသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။ ယင်းပန်ကြားချက်တွင် ပြည်သူများအား သတ်မှတ်ရက်အတွင်း မီတာခပေးဆောင်ကြရန်နှင့် ပျက်ကွက်ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက် ခံရနိုင်ကြောင်းလည်း ဝန်ကြီးဌာနက သတိပေးထားသည်။

သုံးစွဲသူအများစုကသာ မီတာခမပေးဆောင်လျှင် စစ်ကောင်စီသည် ဘေးကျပ်နံကျပ် အခြေအနေဆိုးကြီးကို ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် လျှပ်စစ်ရုံးမှ အလုပ်ထုတ်ပယ်ခံထားရသည့် ကိုသူရက ပြောသည်။ သုံးစွဲသူများ အချင်းချင်းတိုင်ပင်ပြီး စုပေါင်းသပိတ်မှောက်ကြရန်လိုကြောင်း ၎င်းက ဆိုသည်။

“အိမ်ပေါင်းမြောက်မြားစွာကို တစ်ချိန်တည်း မီးဖြတ်ဖို့ ဝန်ထမ်းအလုံအလောက် မရှိပါဘူး။ ရပ်ကွက်တိုင်း မီတာခမပေးဘဲ သပိတ်မှောက်ကြမယ်ဆိုရင် ဝန်ကြီးဌာနလည်း အတော်အခက်တွေ့သွားမှာပါ”ဟု ၎င်းက ပြောသည်။

မြင့်တက်လာသည့် ထုတ်လုပ်မှုစရိတ်များ

အိမ်ထောင်စုသန်းပေါင်းများစွာအထိ လျှပ်စစ်ဓာတ်အားဖြတ်တောက်ရန် စစ်ကောင်စီအတွက် ဝန်ထမ်း အလုံအလောက်မရှိသည့်အပြင် ဘဏ္ဍာငွေဆိုင်ရာ အကျပ်အတည်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့်၁၀နှစ်အတွင်း မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလည်း မြင့်တက်လာသည်။​ သို့သော် အမြတ်အစွန်းရှိသည့်လုပ်ငန်းတော့ မဟုတ်ပေ။

၂၀၁၁-၂၀၁၂ဘဏ္ဍာနှစ်တွင် အစိုးရ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်မှာ ကျပ် ဘီလျံ၃၀၀အထိရှိခဲ့သော်လည်း အမြတ်ငွေအနည်းငယ်သာ ရရှိခဲ့သည်။ ထိုစဉ်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအားလုံးလိုလိုမှာ နိုင်ငံပိုင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားထုတ် စက်ရုံများမှ ဖြစ်သည်။

၂၀၁၁မှ ၂၀၁၆အထိ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို အားပေးခဲ့ပြီး IPP ဟု ခေါ်သော လျှပ်စစ်ဓာတ်အား ကိုယ်တိုင်ထုတ်လုပ်သူ ကုမ္ပဏီများနှင့် ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်လာနိုင်ခဲ့သလို ပို၍တည်ငြိမ်ပြီး စိတ်ချရသည့် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုလည်း ရရှိလာခဲ့သည်။ သို့သော် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်များ ယခင်ကထက် သိသိသာသာ မြင့်တက်သွားသည်။

ဖရွန်းတီးယားမြန်မာကရရှိသည့် ကိန်းဂဏန်းများအရ ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် အစိုးရသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် ကျပ်၁ဒသမ၉ထရီလျံ သုံးစွဲခဲ့သည်။ ယင်းပမာဏသည် ခြောက်နှစ်အတွင်း ခြောက်ဆခန့် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သုံးစွဲသူများထံမှ လျှပ်စစ်ဓာတ်အားခအတွက် ကောက်ခံငွေ ကျပ်၁ဒသမ၂ထရီလျံသာ ပြန်ရခဲ့ရာ ကျပ်၇၀၀ဘီလျံခန့် အရှုံးပြခဲ့သည်။

ဦးသိန်းစိန်အစိုးရနောက် တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) အစိုးရက ၂၀၁၉တွင် ဓာတ်အားခများ သိသိသာသာ တိုးမြှင့်ကောက်ခံခဲ့သည်။ သို့တိုင် အင်န်အယ်လ်ဒီအစိုးရသည် ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသော အရေးပေါ်လျှပ်စစ်ဓာတ်အားစီမံကိန်းများ အကောင်အထည်ဖော်ရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် အငှားစီမံကိန်းများ စာချုပ်ချုပ်ဆိုခဲ့သည်။ ၎င်းတို့အနက် အထင်ရှားဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးရှိ ငွေ့ရည်သုံးဓာတ်အားထုတ်စက်ရုံနှစ်ခု ဖြစ်သည်။ ၎င်းတို့ကို တရုတ်အစိုးရပိုင် လုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဟောင်ကောင်အခြေစိုက် VPower ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

၂၀၂၀-၂၁ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့အပါအဝင် နိုင်ငံပိုင် လျှပ်စစ်နှင့်စွမ်းအင်လုပ်ငန်းများ၏ အသုံးစရိတ်ကို ကျပ်၉ဒသမ၄ထရီလျံ လျာထားပြီး ပြန်ရဝင်ငွေလျာထားချက်မှာ ကျပ်၈ဒသမ၉ထရီလျံခန့်သာ ရှိခဲ့သည်။ ယင်းလုပ်ငန်းများတွင် အစိုးရအတွက် ငွေပဒေသာပင်ဟု ခေါ်ဆိုနိုင်သည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ ပါဝင်သည်။

နိုင်ငံပိုင်လုပ်ငန်းတစ်ခုစီ၏ အသုံးစရိတ်များနှင့် ပြန်ရဝင်ငွေများကို သီးခြားဖော်ပြထားခြင်းမရှိသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတည်းအတွက် သုံးစွဲသည့် ကုန်ကျစရိတ်ကို မသိရချေ။ သို့သော် အသုံးစရိတ် ကျပ်၄ဒသမ၇ထရီလျံနှင့် ပြန်ရငွေ ကျပ်၄ဒသမ၈ထရီလျံရှိခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်က ပမာဏနှင့် နှိုင်းယှဉ်လျှင် အထက်တွင် ဖော်ပြခဲ့သည့် ၂၀၂၀-၂၁ဘဏ္ဍာနှစ်အတွက် ကိန်းဂဏန်းများသည် နှစ်ဆနီးပါးဖြစ်လာသည်။ မြင့်တက်လာသည့် ကုန်ကျစရိတ်နှင့် ပြန်ရငွေ၏ ပမာဏအများစုမှာ လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးပြုသည်ဟု မှတ်​ယူနိုင်သည်။

ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်များ ချုပ်ဆိုရာတွင် ဈေးနှုန်းများကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားခြင်းသည်လည်း စစ်ကောင်စီအတွက် ခေါင်းကိုက်စရာ နောက်တစ်ချက်ဖြစ်သည်။ အချို့စာချုပ်များတွင် လျှပ်စစ်ဓာတ်အားထုတ်ကုမ္ပဏီများအား အမေရိကန်ဒေါ်လာဖြင့် ပေးချေရန် ချုပ်ဆိုထားပြီး မကြာသေးခင်က ချုပ်ဆိုသော စာချုပ်များတွင် ဓာတ်အားထုတ်ကုမ္ပဏီများအား ဒေါ်လာတန်ဖိုးနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ပေးချေရန် သဘောတူထားသည်။

VPower ကုမ္ပဏီပိုင် LNG ဓာတ်ငွေ့တင်ဆောင်သည့် သင်္ဘောတစ်စီး ရန်ကုန်မြစ်အတွင်း ကျောက်ချနေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကုန်ကျစရိတ်များသော ကန်ထရိုက်စာချူပ်များ

မြန်မာကျပ်ငွေတန်ဖိုးသည် ဖေဖော်ဝါရီ၁ရက်မှစ၍ ၃၀ရာခိုင်နှုန်းခန့် ကျဆင်းသွားရာ ဓာတ်အားထုတ် ကုမ္ပဏီများအား ပေးချေရမည့်ငွေပမာဏမှာ ယခင်ကထက် များလာသည်။ သို့သော် လျှပ်စစ်ဓာတ်အားခကို သုံးစွဲသူများထံမှ အပြောင်းအလဲမရှိဘဲ ယခင်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံထားသည်။

တစ်ချိန်တည်းမှာပင် စီးပွားရေးပညာရှင်အချို့ခန့်မှန်းသည့် ၂၀ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သော နိုင်ငံ့စီးပွားရေး အခြေအနေသည် စစ်ကောင်စီအတွက် အသက်ရှုပေါက်အချို့ ရလာနိုင်သည်ဟု ပြောရမလိုဖြစ်နေသည်။ စက်ရုံ၊ အလုပ်ရုံများနှင့် ရုံးများပိတ်ထားသဖြင့် စီးပွားရေးလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှု သိသိသာသာ ကျဆင်းဖွယ်ရှိသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကိုယ်တိုင်လျှပ်စစ်ဓာတ်အားထုတ်သည့် လုပ်ငန်းများအနက် အချို့ကို ဓာတ်အားပမာဏ လျှော့ချထုတ်လုပ်ရန် ညွှန်ကြားထားသည်။

“စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားရင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုလည်း မရှိဘူး။ ဒါကြောင့် IPP တချို့ကို အထူးသဖြင့် ညဘက်တွေမှာ ဓာတ်အားထုတ်လုပ်မှုလျှော့ချဖို့ ပြောထားပါတယ်”ဟု လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော်လည်း နည်းပညာကြောင့်ဖြစ်စေ ငွေကြေးအကြောင်းပြချက်ကြောင့်ဖြစ်စေ ဓာတ်အားထုတ်လုပ်မှုကို လျှော့ချရာတွင် ကန့်သတ်ချက်များရှိနေသည်။ ဥပမာအားဖြင့် ဓာတ်အားဝယ်ယူရေး စာချုပ်အများစုတွင် “အပေး” သို့မဟုတ် “အယူ”သဘောသက်ရောက်သည့် ထည့်သွင်းပြဋ္ဌာန်းချက်တစ်ခုပါရှိသည်။ ယင်းပြဋ္ဌာန်းချက်အရ​ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်ပမာဏအပေါ်မမူတည်ဘဲ IPP များသည် သတ်မှတ်ထားသော ဝင်ငွေတစ်ခု အစိုးရထံမှ ရရှိမည်ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက် ဘတ်ဂျက်သည် “ရငွေနှင့်သုံးငွေအကြား ငွေသားစီဆင်းလည်ပတ်မှု အတိမ်းအစောင်းမခံသည့် အခြေအနေ” ဖြစ်နေသောကြောင့် ဓာတ်အားသုံးစွဲသူများက မီတာခကျသင့်ငွေ မပေးဆောင်ဘဲနေခြင်းသည် စစ်ကောင်စီ၏ ဘဏ္ဍာရေးအခြေအနေအပေါ် နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်စေနိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတွင် အကြံပေးအဖြစ်လုပ်ကိုင်ခဲ့ဖူးသည့် သုတေသီတစ်ဦးဖြစ်သော မစ္စတာ Guillaume de Langre က မှတ်ချက်ပြုသည်။

“ဝင်လာတဲ့ငွေတွေ ချက်ချင်းထွက်သွားပါတယ်။ ထုတ်တဲ့ပမာဏနဲ့ သုံးစွဲမှုကို ညှိမထားရင် အရှုံးက ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်”ဟု ၎င်းကပြောသည်။

“အခု လျှပ်စစ်သုံးစွဲမှုအားက ကျနေသလို ငွေပေးချေမှုလည်း လုံးဝမရှိပါဘူး။ ဒါပေမဲ့ ဓာတ်အားအဝယ်စာချုပ်ပါ ကတိကဝတ်တွေအပြင် မီးလင်းချိုင် သဘာဝဓာတ်ငွေ့ရည်သုံးဓာတ်အားပေးစက်ရုံလို အင်န်အယ်လ်ဒီ အစိုးရလက်ထက်ကစခဲ့တဲ့ ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတွေကို ဆက်လုပ်ကိုင်ခွင့်ပေးပြီး စစ်ကောင်စီက ရင်းနှီးမြှုပ်နှံသူတွေစိတ်ချရဖို့ ကြိုးပမ်းနေတာကြောင့် လျှပ်စစ်ထုတ်လုပ်သူတွေဘက်ကတော့ ဒီလုပ်ငန်းတွေ ဆက်လုပ်နေရတယ်”ဟု ၎င်းက ပြောသည်။

အင်န်အင်လ်ဒီအစိုးရလက်ထက်က စတင်ခဲ့ပြီး ယခုလအစောပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆက်လက်လုပ်ကိုင်ရန်ခွင့်ပြုခဲ့သည့် သဘာဝဓာတ်ငွေ့ရည်သုံးလျှပ်စစ်ဓာတ်အားထုတ် စီမံကိန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကို တရုတ်ကုမ္ပဏီက ဒေါ်လာ၂ဒသမ၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

“ထုတ်လုပ်အားနဲ့ သုံးစွဲမှုမမျှတော့လို့ အရှုံးပေါ်နေတဲ့အချိန်မှာ ကျပ်ငွေတန်ဖိုးကျဆင်းနေတာက အခြေအနေကို ပိုဆိုးစေတယ်။ ဒီမှာ မေးရမှာက လျှပ်စစ်လုပ်ငန်းရဲ့အရှုံးတွေကနေ ကဏ္ဍကြီးတစ်ခုလုံးမပြိုလဲအောင် အရန်ငွေတွေသုံးပြီး ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာပါပဲ”ဟု ၎င်းက ပြောသည်။

လက်ရှိအခြေအနေကြောင့် စစ်ကောင်စီ၏ ဘဏ္ဍာတိုက်တွင် ဝင်ငွေစီးဆင်းမှုမရှိရာ IPP ကုမ္ပဏီအချို့သည် ၎င်းတို့ရရန်ရှိသော ဓာတ်အားထုတ်လုပ်ခများ စစ်ကောင်စီက မပေးတော့ဘဲနေမလား၊ ဓာတ်အားဝယ်ယူရေး စာချုပ်ပါ ကတိကဝတ်များကို ဖျက်လိုက်မလားဆိုသည်ကို စိုးရိမ်နေကြသည်။

“(စစ်ကောင်စီ)အစိုးရမှာ ပေးစရာငွေမရှိတော့မှာကို ကျနော်တို့ စိုးရိမ်ပူပန်နေပါတယ်။ နောက်သုံး၊ လေးလလောက်ဆိုရင် အစိုးရကပေးဖို့တာဝန်ရှိတဲ့ အခကြေးငွေအားလုံး မပေးနိုင်ဘဲနေမှာကို ကျနော်တို့က စိုးရိမ်တယ်”ဟု ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် အနိမ့်ဆုံးဆိုရလျှင် မကြာမီကာလအတွင်း ထိုအခြေအနေမျိုးသို့ ရောက်လာမည်ဟု မယူဆကြောင်း အခြားပုဂ္ဂလိကလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီက သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “သူတို့မှာ ဒေါ်လာအရန်ငွေတွေ ရှိပါတယ်။ လျှပ်စစ်ထုတ်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေကို သူတို့ ငွေမပေးချေနိုင်တော့ဘူးဆိုရင် တိုင်းပြည်က ပြဿနာတက်ပြီ။ ဒီအစိုးရ စပြိုလဲပြီဆိုတဲ့ သဘောပါပဲ”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar