တရိပ်ရိပ် မြင့်တက်လာသည့် မိုဘိုင်းဖုန်းအသုံးပြုမှုသည် တိုက်ခေါင်မိုးများပေါ်၌ စိုက်ထူသော မိုဘိုင်းတာဝါတိုင် တည်ဆောက်မှုကဏ္ဍ တဟုန်ထိုး ဖွံ့ဖြိုးလာစေရန် တွန်းအားဖြစ်စေခဲ့ပြီး ကုမ္ပဏီအချို့ကလည်း မြို့ပြဒေသတွင် အကောင်းတကာ့ အကောင်းဆုံး ထိုးဖောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဂျာရတ် ဒေါင်းနင်း ရေးသားသည်။
အင်ဂျင်နီယာ ဒေးဗစ်ကစ်တယ်လ်သည် သူ့အလုပ်ကို လူအများ သတိမပြုမိကြလျှင် ပျော်ရွှင်နေတတ်သူ တစ်ဦးဖြစ်သည်။ တယ်လီကွန် အခြေခံအဆောက်အအုံကုမ္ပဏီ Edotco ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ကစ်တယ်လ်သည် ရန်ကုန်မြို့၏ ကောင်းကင်ပြာနောက်ခံတွင် ပေါ်လွင်နေသည့် တာဝါတိုင်များကို မည်သူတစ်ဦးတလေကမျှ အာရုံမပြုမိသည်ကို နှစ်သက်သဘောကျသူ ဖြစ်သည်။ ထိုတိုင်များထဲတွင် အချို့မှာ ခေါင်မိုးထက်က သံမဏိချောင်း ကတွတ်ပေါက်ပန်းဆွဲများနှယ် ဖြစ်နေပြီး အချို့မှာမူ ဒုံးပျံယာဉ်သဖွယ် မိုးကုပ်စက်ဝိုင်းထဲသို့ ထိုးထွက်လျက်ရှိသည်။
သို့သော် ရန်ကင်းမြို့နယ်ရှိ ခေါင်မိုးပေါ် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှနေ၍ ကြည့်လိုက်ရာ တာဝါတိုင် အနည်းငယ်မျှကိုသာ မစ္စတာ ကစ်တယ်လ်မြင်ရသည်။
“အဲဒီတိုင်က အူရီဒူးတိုင် ဖြစ်ပုံရတယ်” ဟု သူက ဆိုသည်။ ထိုတိုင်မှာ လေးငါးဆယ်တိုက်ခန့် အကွာရှိ တိုက်ခေါင်မိုးပေါ်မှ ငွေရောင်ဆူးချွန်လေး တစ်ခုနှင့်ပင် ဆင်တူသည်။
တောင်ဘက်တွင် မှုန်ဝါးဝါးသာ မြင်တွေ့ရသော လေးထောင့်ပုံတိုင် တစ်တိုင်ရှိသော်လည်း မြူခိုးများကြောင့် ထင်ထင်ရှားရှား မမြင်ရပေ။ “အဲဒီ တစ်ခုက အမ်ပီတီတိုင် ဖြစ်ပုံရတယ်” ဟု သူက ဆိုသည်။
အဖျားအထိရောက်အောင် မစ္စတာ ကစ်တယ်လ် တက်ခဲ့ရသည့် တာဝါတိုင်မှာ ပြောင်လက်နေသော ငွေရောင် သုံးချောင်းထောက်တိုင် ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် အုန်းပင်အမြင့်ခန့် ရှိသည်။ ယင်းတိုင်မှာ အထပ်မြင့် အဆောက်အအုံတစ်လုံး၏ မျက်နှာချင်းဆိုင် လမ်းတစ်ဘက်ခြမ်းရှိ တိုက်ခေါင်မိုးပေါ်တွင် ရှိနေသည်။
“ပြီးသွားရင် ဒီတာဝါတိုင်မှာ အင်တာနက် ဒေတာစီးဆင်းမှု အများကြီး ရှိလာမှာပါ” ဟု အထပ်မြင့် အဆောက်အအုံကို ညွှန်ပြရင်း သူက ဆိုသည်။
ခေါင်မိုးပေါ်မှ တာဝါတိုင်ကို တယ်လီနောက အဆိုပြု ဆောက်လုပ်ခိုင်းခဲ့ခြင်း ဖြစ်သော်လည်း ယင်းတာဝါတိုင်ကို တယ်လ်ကိုက ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ ၂၀၁၅ ခုနှစ်တွင် မြန်မာတာဝါကုမ္ပဏီ (Digicel နှင့် Yoma Strategic တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သောလုပ်ငန်း) ကို ဝယ်ယူခဲ့သည့် မလေးရှား အခြေဆိုက် Edotco ကသာ ယင်းတာဝါတိုင်ကို ကွန်ဒို၊ သို့မဟုတ် ရုံးအဆောက်အအုံ တစ်ခုကဲ့သို့ ဆက်သွယ်ရေးလုပ်ငန်း အော်ပရေတာများထံ အငှားချထားသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တယ်လီကွန် အခြေခံအဆောက်အအုံ ကုမ္ပဏီများအတွက် ကံကောင်းထောက်မသည့် အချက်မှာ တိုက်ခေါင်မိုး အငှားဈေးကွက် တနေ့တခြား ဖွံ့ဖြိုးလာခြင်းပင် ဖြစ်သည်။ စတုတ္ထမြောက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုသည် ယခုနှစ်အတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရန် ရှိနေပြီး တယ်လီနောနှင့် အူရီဒူးတို့မှာမူ အဓိကမြို့ကြီးများတွင် ကနဦး ဝန်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ တာဝါတိုင် လိုအပ်ချက်မှာ ပြီးခဲ့သည့်နှစ်များအတွင်းက အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့ပေပြီ။
တယ်လီနော ပြောခွင့်ရပုဂ္ဂိုလ် ဂျိုအာခင်မ် ရာဂျရမ် က ၎င်းတို့ကုမ္ပဏီသည် မြန်မာ့ကျေးလက်ဒေသတွင် လုပ်ငန်းတိုးချဲ့မှုကို မရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံတလွှားရှိ သုံးစွဲသူ ၁၉ သန်းကျော်အတွက် ဝန်ဆောင်မှု ပေးနေသည့် တာဝါတိုင်ပေါင်း ၇,၂၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ပြောသည်။ သို့သော် သုံးစွဲသူ အသစ်တိုးနှုန်း နှေးကွေးလာသည့်အတွက် မြို့ပြဒေသများကို ပြန်လည် အာရုံစိုက်လျက်ရှိသည်။
“ဒေတာသုံးစွဲမှု ဆက်လက်တိုးမြင့်နေတဲ့ တပြည်လုံးက မြို့ကြီး၊ မြို့ငယ်တွေမှာ ကျွန်တော်တို့ရဲ့ ကွန်ရက်စွမ်းဆောင်ရည်ပိုင်းကို ပိုကောင်းအောင် လုပ်နေပါတယ်” ဟု မစ္စတာ ရာဂျရမ်က ဆိုသည်။
ယင်းအချက်က “မြေလွတ်မြေရိုင်း” ပေါ် စိုက်ထူထားသည့် ထီးထီးမတ်မတ် ဧရာမ တာဝါတိုင်များမှသည် တည်ဆဲ အခြေခံအဆောက်အအုံများပေါ်၌ စိုက်ထူထားသည့် တာဝါတိုင်ငယ်များအထိ ရာနှင့်ချီသည့် တာဝါတိုင်သစ်များကို ရည်ညွှန်းလိုက်ခြင်းပင် ဖြစ်ပေသည်။ နယ်မြေချဲ့ထွင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလာသည့် တာဝါတိုင် ဆောက်လုပ်ရေး လုပ်ငန်းများသည် တိုက်ခေါင်မိုးများ၊ လမ်းဘေးကြော်ငြာ ဆိုင်းဘုတ်ကြီးများနှင့် မီးတိုင်များကိုပင် ချောင်းမြောင်းနေသည်။
“အရပ်သား စကားနဲ့ပြောရင် ကွန်ရက်ထုတ်လွှင့်မှုကို ရေသွယ်ပိုက်တွေလို မြင်ကြည့်နိုင်ပါတယ်” ဟု Edotco အင်ဂျင်နီယာလုပ်ငန်း ဒါရိုက်တာ မစ္စတာ ရစ်ကီ စတိုင်က ဆိုသည်။ “ရေကို ဒေတာနဲ့ နှိုင်းယှဉ်နိုင်သလို ပိုက်တွေကို ဘန်းဒ်ဝစ်နဲ့ ချန်ထိုးကြည့်နိုင်ပါတယ်။ ပိုက်ကြီးလေ ရေများများ လွှတ်နိုင်လေပါပဲ။ ဒါ့ကြောင့် ဘန်းဒ်ဝစ်များလေ ခင်ဗျားကွန်ရက်ထဲကို ဒေတာများများ လွှတ်နိုင်လေပါပဲ” ဟုလည်း သူက ထပ်လောင်း ရှင်းပြသည်။
မြို့ပြဒေသများတွင် အာရုံစိုက်လာမှုကို အံ့အားသင့်စရာမရှိဟုလည်း သူက ဆိုသည်။ “မြို့ပြဒေသတွေမှာ ဒေတာစီးဆင်းမှုက အံ့အားသင့်လောက်အောင် မြင့်တက်လာတဲ့အခါမှာ ဝင်ဆံ့နိုင်မှုပိုင်းမှာ ပြဿနာ ရှိလာပြီး အခက်အခဲရှိတဲ့နေရာတွေ ဖြစ်လာတာကြောင့် တာဝါတိုင်တွေ ပိုမိုလိုအပ်လာပါတယ်” ဟုလည်း သူက ရှင်းပြသည်။
ယခုနှစ် ရန်ကုန်တွင် စိုက်ထူသည့် တာဝါတိုင်အများစုမှာ ပိုမိုကြီးမားသော “မက်ခရို” တာဝါတိုင်များကြားတွင် ကွန်ရက်ပြတ်တောက်မှုကို ထေမိစေမည့် မစ္စတာ စတိုင်က ကင်ပွန်းတပ်ထားသော “ဖြည့်စွက်” တာဝါတိုင်များ ဖြစ်လာပေလိမ့်မည်။ ဆောက်လုပ်ရေးရှုထောင့်အရ ယင်းတာဝါတိုင်ငယ်များမှာ ပုံမှန်အားဖြင့် အရွယ်အစား ပိုကြီးပြီး အထောက်အပံ့ပေးရန်လည်း ပိုခက်သည့် ကျေးလက်ဒေသ တာဝါတိုင်များထက် ကုန်ကျစရိတ် ပိုသက်သာသည်။ ဝေးလံခေါင်ဖျားသည့် ဒေသအချို့တွင် တာဝါတိုင် စိုက်ရန် မြစ်ကြောင်းအတိုင်း ဖောင်များဖြင့် စတီးယက်မများ သယ်ယူရခြင်း၊ သို့မဟုတ် သစ်တောများအတွင်း၌ ဆင်များဖြင့် ဆွဲယူရခြင်းများကို ပြုလုပ်ရသည်။
ရန်ကုန်မြို့၌မူ နိုင်ငံရေးကြောင့် ပိုမိုကြီးမားသော စိန်ခေါ်မှုနှင့် ကြုံရနိုင်သည်။ တယ်လီကွန် ကုမ္ပဏီများသည် ပုံမှန်အားဖြင့် တာဝါတိုင်အတွက် အကြမ်းဖျင်း တည်နေရာကို တောင်းခံလေ့ရှိသော်လည်း တိကျသော လုပ်ငန်းနေရာ ရှာဖွေရန်ကိစ္စကိုမူ တာဝါတိုင်ဆောက်လုပ်ရေး ကုမ္ပဏီများထံ လွှဲထားလေ့ရှိသည်။ ကိုလိုနီခေတ် အဆောက်အအုံများဖြင့် ပြည့်နှက်နေသော နေရာများတွင်မူ ရှုှုပ်ထွေးသော စည်းမျဉ်းစည်ကမ်းများ၊ မြို့နယ်အာဏာပိုင်များနှင့် ပြောရဆိုရခက်သည့် မြေပိုင်ရှင်များနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံရပြီး တည်ဆောက်ရေးလုပ်ငန်းမှာ ဆိုးရွားသော ကြိုးနီစနစ်တစ်ခုပင် ဖြစ်နိုင်ပေသည်။
ခေါင်မိုးတစ်နေရာစာ ငှားရမ်းရန် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ ၄၀၀ နှင့် ၅၀၀ ကြား ကျသင့်ပြီး မြေရှင်များအား ပေးရလေ့ရှိသည်။ ရံဖန်ရံခါ အပေါ်ဆုံးထပ်၌ နေထိုင်သူက ခေါင်မိုးငှားရမ်းခကို တောင်းယူတတ်သည်။ သို့မဟုတ်ပါကလည်း အရေးမထားခံရသည်ဟု ခံစားသော အနီးဝန်းကျင်မှ မြေပိုင်ရှင်များက ငှားရမ်းခ တစုံတရာ မရပါက မြို့နယ်အာဏာပိုင်များအား တိုင်ကြားမည်ဟု ခြိမ်းခြောက်ဖွယ်ရှိပါသည်။
ဒေသခံအုပ်ချုပ်ရေးဌာနနှင့် လုပ်ကိုင်ဆောင်ရွက်ရသည်မှာလည်း နောက်ထပ်စိန်ခေါ်မှုပင် ဖြစ်ပေသည်။
“ကျွန်တော်တို့မှာ ဒေတာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ တာဝါတိုင် အလုံအလောက် ဆောက်နိုင်စွမ်း ရှိပေမဲ့ ဒေသခံ အာဏာပိုင်တွေရဲ့ အတည်ပြုချက် လိုအပ်ပါတယ်” ဟု မစ္စတာ စတိုင်က ဆိုသည်။
တာဝါတိုင်အတွက် ခွင့်ပြုချက် လိုအပ်ရုံမျှသာ မဟုတ်သေးချေ။ အထူးသဖြင့် မြို့လယ်ခေါင်ရှိ အဆောက်အအုံများ အပါအဝင် အံ့အားသင့်လောက်အောင် များပြားသော အဆောက်အအုံများကို အစိုးရ၊ သို့မဟုတ် တပ်မတော်က ပိုင်ဆိုင်ထားပြီး ၎င်းတို့၏ စိုးရိမ်ပူပန်ချက်များမှာ ငွေကြေးနှင့် မသက်ဆိုင်ပေ။ ပြည်သူ့ရင်ပြင်ကဲ့သို့သော နေရာအချို့တွင်မူ တစိတ်တဒေသအားဖြင့် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုနှင့် အနုသုခုမမူဟန် အကြောင်းတရားများကြောင့် လုံးဝဥဿုံ ကန့်သတ်ထားသည်။
ထို့ကြောင့် ကြောက်မက်ဖွယ် ထူထဲသော သံမဏိထုတစ်ခုကြောင့် အလှပျက်သွားသည့် မိုးကုတ်စက်ဝိုင်းတစ်ခု ဖြစ်ပေါ်မလာသော မြို့တစ်မြို့ရရှိစေရန်နှင့် အော်ပရေတာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်စေရန် ယင်းနှစ်ခုအကြား အားပြိုင်ရခြင်းမျိုးပင် ဖြစ်လာနိုင်ပေသည်။
ယင်းပြဿနာမှာ ရန်ကုန်မြို့၌သာ ထူးထူးခြားခြား ရှိနေသော ကိစ္စရပ်မျိုး မဟုတ်ပေ။ တယ်လီကွန် ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအစီအစဉ် TowerXchange ရှိ ဆွေးနွေးမှု အများဆုံး ခေါင်းစဉ်မှာ အနှောက်အယှက် အနည်းဆုံးဖြစ်အောင် မည်သည့်နည်းလမ်းဖြင့် တည်ဆောက်မည်နည်း ဟူ၍ဖြစ်သည်။ ရှားဇောင်းပင်တုထဲသို့ ဧရိယာတိုင်တစ်ခု မည်သို့ထည့်သွင်းမလဲ၊ သို့တည်းမဟုတ် ဘတ်စကားမှတ်တိုင်၏ နေကာအမိုးထဲမှာ အသေးချုံ့ကိရိယာများကို မည်သို့မြုပ်သွင်းမလဲ စသည့် စိတ်ကူးများကို ဒီဇိုင်းထုတ်သူတို့ ဆွေးနွေးကြလျက်ရှိသည်။
ရန်ကုန်မြို့သည် တယ်လီကွန် အခြေခံအဆောက်အအုံဆိုင်ရာ ခေတ်အမီဆုံး နည်းပညာနှင့် အလှမ်းဝေးဆဲ ဖြစ်နေသည့်တိုင် တာဝါတိုင် ဆောက်လုပ်ရေး ကုမ္ပဏီများသည် ၎င်းတို့လုပ်ငန်းကို မြှုပ်ဝှက်ထားနိုင်မည့် နည်းလမ်းများကို ကြိုးပမ်းရှာဖွေလျက်ရှိသည်။ ရန်ကုန်မြို့တွင် ဧရိယာတိုင်များကို မြှုပ်ကွယ်ထားနိုင်သည့် သစ်ကိုင်းတုတပ် တာဝါတိုင်အနည်းငယ် ရှိနှင့်ပြီးဖြစ်သည်။ သို့သော် ရန်ကုန်မြို့ရှိ သေသပ်လှပစွာ ရုပ်ဖျက်ထားကြောင်း ကြွေးကြော်ထားသည့် ပထမဆုံး တာဝါတိုင်ကို သန်လျင်မြို့နယ်တွင် လူနေအိမ်ရာအဖြစ် ဖော်ဆောင်ထားသည့် စတားစီးတီး Star City အဆောက်အအုံများထက်တွင် Edotco က ဆောက်လုပ်လျက်ရှိသည်။
မြေပြင်မှ ကြည့်လိုက်ပါက ယင်းတာဝါတိုင်မှာ အဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုနှင့်သာ ချွတ်စွပ်တူနေပေလိမ့်မည်။
ခေါင်မိုးပေါ်မှ အကြည့်ရဆိုးသော တာဝါတိုင်တစ်ခုကို စတားစီးတီးက မလိုချင်သော်လည်း ယင်း၏ အထပ်မြင့်အဆောက်အအုံများက မြေပြင်တာဝါတိုင်များ၏ အချက်ပြလှိုင်းကို ပိတ်ပင်ဟန့်တားမည့်သဘော ရှိနေကြောင်း ၎င်းက ရှင်းပြသည်။
“စတားစီးတီးက ကျွန်တော်တို့ရဲ့ ပုံဖျက်ခေါင်မိုးတာဝါတိုင် အဆိုပြုချက်ကို လက်ခံလိုက်တော့ ကျွန်တော်တို့ အတော်လေး နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ဒါကိုက အောင်မြင်မှုတစ်ခုပါပဲ” ဟု မစ္စတာ စတိုင်က ဆိုသည်။
“စတားစီးတီး အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့က သူတို့အိမ်ရှင်တွေအတွက် ဝန်ဆောင်မှုတွေ ရစေလိုပေမဲ့ ဒီအိမ်ရာရဲ့ ခေတ်သစ်ဒီဇိုင်းကိုလည်း မူလလက်ရာ မပျက်စေချင်ဘူး” ဟုလည်း ထပ်လောင်း ရှင်းပြသည်။
မစ္စတာ စတိုင်နှင့် မစ္စတာ ကစ်တယ်လ်တို့က လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းမှုစရိတ်စခများကို လျှော့ချပေးမည့် ရေဒီယိုလှိုင်းများ၊ အဝေးထိန်း စောင့်ကြည့်စစ်ဆေးမှုစနစ်နှင့် လစ်သီယံ ဘက်ထရီများကို အဟန့်အတား မဖြစ်စေမည့် အထူးဖိုက်ဘာမှန်အကြောင်းကို ဂုဏ်ယူဝင့်ကြွားစွာ အသေးစိတ်စီစဉ်ခဲ့သည်။ ယင်းတို့အားလုံးမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆောင်ရွက်မှုဖြစ်ပြီး မြန်မာ့တယ်လီကွန်ကဏ္ဍအတွင်း ဂုဏ်ယူဝင့်ကြွားဖွယ် အမှတ်သင်္ကေတတစ်ခုပင် ဖြစ်ပေသည်။
ကျွနု်ပ်တို့အားလုံးအတွက်မှာမူ ယင်းမှာ ဘေးဖက်တွင် ဘောင်သွင်းထားသည့် တောက်ပသော တိုက်နံပါတ်တစ်ခုပါရှိရာ မီးခိုးခေါင်းတိုင်တစ်ခုနှင့်ပင် တူနေပေသည်။ စီစဉ်ထားသည့်အတိုင်းသာ ဆောင်ရွက်နိုင်ခဲ့ပါက မန္တလေးရှိ လမ်းမီးတိုင်များပေါ်တွင်၊ သို့မဟုတ် ဂျန်းရှင်းစကွဲ ရှိ ကြော်ငြာဆိုင်းဘုတ် တစ်ခု၏နောက်တွင် မြုပ်ထားသော ဧရိယာတိုင်များကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
အောင်မင်း ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့တွင် အသစ်စိုက်ထူသည့် မိုဘိုင်းတာဝါတိုင် တစ်တိုင်ပေါ် တက်နေသည့် လုပ်သားတစ်ဦးကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်