မိသားစုနှင့်ဝေးရာမှာ ထိန်းသိမ်းခံ အထီးကျန်လူငယ်များ

ရခိုင်ပြည်နယ် အပြင်ဘက်သို့ မှတ်ပုံတင်မပါဘဲ ခရီးသွားရင်း အဖမ်းခံရသူ ရိုဟင်ဂျာကလေးငယ်များကို မိသားစုနှင့် တွေ့ခွင့်သိပ်မရသည့် ရန်ကုန်မြို့ ပြန်လည်ထူထောင်ရေး အသက်မွေးပညာသင်ကျောင်းများတွင် ထိန်းသိမ်းထားသည်။

ကျော်ရဲလင်း ရေးသားသည်။         

စက်တင်ဘာလနှောင်းပိုင်း တနင်္ဂနွေည တစ်ညတွင် ရိုဟင်ဂျာမူဆလင် ၃၀ ခန့် တင်ဆောင်လာသော သစ်သားစက်လှေအို တစ်စင်းသည် စစ်တွေမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၄၀ ခန့်အကွာရှိ ပြည်တွင်းနေရပ်စွန့်ခွာ ဒုက္ခသည်များထားရာ သဲချောင်းဒုက္ခသည်စခန်းအနီး ကမ်းမှခွာကာ အမှောင်ထုအတွင်း တိတ်တဆိတ်ပျောက်ကွယ်သွားသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း စက်လှေအို တရွေ့ရွေ့ပျောက်ကွယ်သွားချိန်တွင် စက်လှေပေါ်ပါသွားသူများ၏ ဆွေမျိုးသားချင်းများက လက်ပြဝှေ့ယမ်းနှုတ်ဆက်ရင်း ကမ်းပေါ်မှာကျန်ရစ်သည်။ သူတို့ကို စခန်းလုံခြုံရေးအစောင့်များက  အနှောင့်အယှက်မပေးကြပေ။ သူတို့က လူ ၁၂,၀၀၀ လောက်ရှိသော ဒုက္ခသည်စခန်း အဝင်ဝကိုသာ တာဝန်အရ စောင့်ကြပ်နေရသူများဖြစ်သည်။

သူတို့တတွေ ဘေးကင်းရန်ကင်း လိုရာခရီးရောက်ကြပါစေဟု ကမ်းပေါ်မှဆုတောင်းကျန်ရစ်သူများထဲတွင် အသက် ၁၆ နှစ်အရွယ် ‘ဖာတီမာ’၏ မိခင်လည်း ပါဝင်သည်။

(ဤဆောင်းပါးတွင်ပါဝင်သော နာမည်များကို သူတို့လုံခြုံရေးအတွက် အမည်လွှဲများဖြင့် ဖော်ပြထားပါသည်။)

“အဲဒီညက လမသာလို့ အမေ့မျက်နှာကိုတော့ မမြင်ရပါဘူး၊ ဒါပေမဲ့ မော်တော်ထွက်သွားပြီး နာရီအတော်ကြာအောင် အမေ ဆိပ်ကမ်းပေါ်က ကြည့်နေဦးမယ်ဆိုတာ ကျွန်မသိတယ်” ဟု ဆယ်ကျော်သက် ဖာတီမာက ပြောပြသည်။ ‘ဖာတီမာ’ သည် လေးရက်လုံးလုံး ပင်လယ်ထဲတွင် လှိုင်းမူးနေခဲ့ပြီးနောက် စက်လှေမှာ ငရုတ်ကောင်းရွာတွင် ကမ်းကပ်လိုက်သည်။

‘ငရုတ်ကောင်း’သည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းမှ ရွာဖြစ်သည်။ မော်တော်ပေါ်လိုက်ပါလာသူများ (အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၆ ဦး၊ ဆယ်ကျော်သက်ရွယ် ၈ ဦးနှင့် ၆ နှစ်ရွယ် ယောက်ျားလေးတစ်ဦး) သည် ပုသိမ်မြို့သွားမည့် ကားတစ်စီးထဲ ပြွတ်သိပ်တိုးဝင်လိုက်ပါသွားစဉ် စက်တင်ဘာ ၂၆ ရက်ညပိုင်း၌ ဖမ်းဆီးခံကြရသည်။

ရိုဟင်ဂျာတစ်သိုက်၏စက်လှေ ကမ်းကပ်ပြီးနောက် သူတို့ကို သယ်ဆောင်မည့် SUV ကားမှာ သေးနေသဖြင့် လူများပြွတ်သိပ်မွမ်းကျပ်နေကြောင်း ဖာတီမာက ပြောပြသည်။

“တချို့က အဲဒီလိုမွန်းကျပ်နေတာကို အော်ကြဟစ်ကြ ညည်းညူကြတယ်လေ။ အဲဒီအသံတွေကြောင့် ကျွန်မတို့အဖမ်းခံကြရတာပဲ” ဟု သူကဆိုသည်။

သူတို့ကို ငပုတောရဲစခန်းသို့ ခေါ်သွားပြီး ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ဥပဒေ 1949 Residents of Burma Registration Act အရ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားတစ်ခုမှ မပြနိုင်သဖြင့် တရားစွဲခံရသည်။

အောက်တိုဘာ ၄ ရက်တွင် မြို့နယ်တရားရုံးက အရွယ်ရောက်ပြီးသူ ၂၁ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ပြစ်ဒဏ်ချလိုက်သည်။ ဆယ်ကျော်သက် ရှစ်ယောက်၊ ဖာတီမာနှင့် အခြားမိန်းကလေး လေးဦးကို ဗဟန်းမြို့နယ် သက်မွေးပညာသင်တန်းကျောင်းသို့ ပို့သည်။ ယောက်ျားလေး လေးယောက်ကို ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ်ပြုပြင်ရေးစခန်းသို့ ပို့သည်။ ခြောက်နှစ်သား ယောက်ျားလေးကို ပုသိမ်ထောင်တွင် ထောင်ကျနေသော သူ့မိခင်ထံသို့ ပို့ပေးသည်။

အောက်တိုဘာ ၃၁ ရက်က သက်မွေးသင်တန်းကျောင်းတွင် ‘ဖာတီမာ’ ကို Frontier က အင်တာဗျူးစဉ် ဖာတီမာက သူ ရခိုင်က ထွက်ခွာလာရခြင်းမှာ မလေးရှားတွင် ရောက်ရှိလုပ်ကိုင်နေသည်မှာ (၁၀) နှစ်ပင် ရှိပြီဖြစ်သော ဖခင်က သူရှိရာ မလေးရှားသို့ လာခဲ့ရန် ပြောသောကြောင့်ဖြစ်ကြောင်း၊ စစ်တွေဒုက္ခသည်စခန်းတွင် အနာဂတ်အတွက် ဘာမှမျှော်လင့်ချက်မရှိဘဲ မနေလိုသော်လည်း သူ့မိခင်ကိုလည်း တစ်ယောက်တည်း မထားခဲ့လိုကြောင်း၊ သူ့ဇာတိနေရပ်ကိုလည်း မစွန့်ခွာချင်ကြောင်းပြောသည်။

“အဖေ့ကိုလည်း လွမ်းတယ်၊ IDP စခန်းမှာလည်း ဘာမျှလုပ်ကိုင်စရာအလုပ်မရှိဘူး။ ဒါကြောင့် အမေက သမီးကိုသွားဖို့ ခွင့်ပြုလိုက်တာပါ” ဟု သူကပြောသည်။ IDP စခန်းမှာ ယခုအခါ အစောင့်အကြပ်များ ချထားပြီး တရားဝင်ခွင့်ပြုချက်မရှိဘဲ စခန်းမှ ထွက်ခွာခွင့်မရှိတော့ချေ။

‘သဲချောင်း’ မှာမူ ဟိုယခင်ကတည်းက ရှိနေခဲ့သော ရွာဖြစ်သည်။ ဖာတီမာနှင့် သူတို့မိသားစုမှာ သဲချောင်းတွင် မူလကတည်းက နေထိုင်လာခဲ့ကြသူများဖြစ်သည်။ သို့ဖြစ်ရာ ဖာတီမာမှာ စင်စစ် နေရပ်ပြောင်းရွှေ့လာသူ IDP တစ်ယောက် မဟုတ်သော်လည်း IDP တစ်ယောက်လိုပင် သွားလာလှုပ်ရှားမှု ထိန်းချုပ်ကန့်သတ်ခံနေရသည်။

ဖာတီမာသည် ဗမာစကားမပြောတတ်ပေ။ သူ့ကို ဗျူးရာတွင် အခြားရိုဟင်ဂျာမိန်းကလေး မဇဗေဒါ Ma Sabayda (၁၅ နှစ်) ၏ အကူအညီယူရသည်။ မဇဗေဒါမှာ  ၂၀၁၈ ဖေဖော်ဝါရီလတွင် ဤကျောင်းသို့ ပို့ခံရပြီးနောက်မှ ဗမာစကားကို သင်ယူခဲ့ပြီး အခြားရိုဟင်ဂျာ မိန်းကလေးများအတွက် ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးနေသည်။

မဇဗေဒါ သည် စစ်တွေရှိ အခြား IDP စခန်းတစ်ခုဖြစ်သော ‘ဓားပိုင်’ စခန်းတွင် နေထိုင်ခဲ့ပြီး စက်လှေဖြင့်ပင် ထွက်လာခဲ့သူဖြစ်သည်။ သူကတော့ နိုင်ငံခြားတိုင်းပြည်သို့သွားရန် ရည်ရွယ်ချက်မရှိ “ကျွန်မက အဒေါ့်ဆီ သွားလည်လို့ပါ။ အဒေါ့်သားရဲ့ ရန်ကုန်က မင်္ဂလာဆောင်တက်ချင်လို့” ဟု Frontier ကိုပြောသည်။

လူကုန်ကူးသူများက ‘ဇဗေဒါ’ နှင့် အခြားရိုဟင်ဂျာ ၂၀ လောက်ကို စက်လှေတစ်စီးဖြင့်ခေါ်လာကာ ဂွမြို့ကို ရောက်လာသည်။ ထိုရိုဟင်ဂျာများမှာ ကျောက်ဖြူမြို့လို ရခိုင်အခြားဒေသများမှလူများဖြစ်သည်။ ဂွမြို့တွင် သူတို့ကို ရန်ကုန်သွားမည့် ထရပ်ကားတစ်စီးတွင် ပြွတ်သိပ်တင်ပြီး ရန်ကုန်သို့ပို့ပေးသည်။ သူတို့ အောင်မြင်ကာနီးကျမှ အဖမ်းခံခဲ့ရသည်။

၂၀၁၈ ဖေဖော်ဝါရီ ၄ ရက်၌ ရန်ကုန်အနောက်ဘက် ကီလိုမီတာ ၇၀ အကွာ၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်၊ ဆားမလောက်လမ်းဆုံတွင် သူတို့ကားကို ရဲက ရပ်ခိုင်းခဲ့သည်။ ကားပေါ်ပါလာသူများအနက် ကျား ၁၂ ဦးနှင့် မ ၁၆ ဦးကို ထောင်နှစ်နှစ်စီချသည်။ ဇဗေဒါနှင့် အခြားဆယ်ကျော်သက် မိန်းကလေးတစ်ဦးတို့ကို သက်မွေးပညာသင်ကျောင်းသို့ နှစ်နှစ်ပို့ပေးသည်။

“နောက် လေးလကြာရင် ကျွန်မအိမ်ပြန်ရတော့မယ်” ဟု ဇဗေဒါကပြောသည်။ ဓားပိုင်စခန်းတွင် ကျန်ရစ်ခဲ့သော မိဘနှစ်ပါးနှင့် မွေးချင်းလေးယောက်ကို လွမ်းကြောင်းဆိုသည်။ ဇဗေဒါက ရခိုင်ကနေ ထွက်သွားဖို့ နောက်ဘယ်တော့မှ ကြိုးစားတော့မှာ မဟုတ်ကြောင်း၊ သူတို့မိသားစုမှာသာ ပြဿနာတွေဖြစ်ရကြောင်း ပြောပြသည်။

“အမျိုးသားမှတ်ပုံတင်ကတ်မပါဘဲ နောက်နောင် ကျွန်မ ဘယ်ကိုမှမသွားတော့ပါဘူး” ဟု NRC ကတ်ဟု ခေါ်နေကြသည့် ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ကို ရည်ညွှန်းပြီး သူကပြောသည်။ ယင်းမှာ မြန်မာနိုင်ငံသားများအတွက် အဓိကအထောက်အထား ကတ်တစ်ခုပင်ဖြစ်သည်။  သူ့မိသားစုဝင်များတွင် မည်သူ့မှာမှ ထိုကတ်မျိုးမရှိကြောင်းလည်း သူကဆိုသည်။

ဗဟန်းမြို့နယ်ရှိ အမျိုးသမီးများအတွက် သက်မွေးပညာသင်ကျောင်း၌ ရိုဟင်ဂျာမိန်းကလေးတစ်ဦး စက်ချုပ်နေစဉ်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ဗဟန်းမြို့နယ်ရှိ အမျိုးသမီးများအတွက် သက်မွေးပညာသင်ကျောင်း၌ ရိုဟင်ဂျာမိန်းကလေးတစ်ဦး စက်ချုပ်နေစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

လေ့ကျင့်ရေးကျောင်းတွေလား၊ ထောင်တွေလား

ဗဟန်းမြို့နယ်ရှိ အမျိုးသမီးများအတွက် သက်မွေးပညာသင်ကျောင်းသည် လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ယင်းကျောင်းမျိုး လေးကျောင်းအနက် အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးကျောင်းလည်းဖြစ်သည်။ ချုပ်မိန့်ရမန်ပေးခံထားရသော အမျိုးသမီးများကို ထိန်းသိမ်းထားရန် ၁၉၆၀ ပြည့်နှစ်တွင် တည်ထောင်ထားခဲ့သည်။ ၁၉၉၈ ခုတွင် အမျိုးသမီးများအတွက် သက်မွေးပညာလေ့ကျင့်သင်ကြားရေးကျောင်းအဖြစ် အသွင်ပြောင်းပြီး လူမှုဖူလုံရေးဌာနက ကြီးကြပ်အုပ်ချုပ်သည်။

နတ်မောက်လမ်းရှိ ၁ ဒသမ ၆ ဧကကျယ် မြေကွက်တွင်ရှိပြီး အဆောင် သုံးခု၌ အမျိုးသမီး ၁၄၁ ယောက်ကို ထားရှိသည်။ လူမှုရေးစောင့်ရှောက်ရန်လိုအပ်သော အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များအတွက် သက်မွေးပညာ သင်ကြားပေးသည်။

သင်တန်းသူတွေထဲမှ ၁၉ ဦးမှာ ရခိုင်ပြည်နယ်မှ ဖြစ်ကြပြီး ရန်ကုန်ကိုလာရန်၊ သို့မဟုတ် နိုင်ငံခြားတိုင်းပြည်သို့သွားရန် ကြိုးစားခဲ့ကြသူများဖြစ်သည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေဝေနိုင်က ပြောပြသည်။

“မှတ်ပုံတင်လို တရားဝင်အထောက်အထားမရှိဘဲ ခရီးသွားတဲ့ပြစ်မှု ကျူးလွန်ကြောင်း တရားရုံးက တွေ့ရှိလို့ ဒီကိုပို့လိုက်တာပါ”ဟု Frontier ကို အောက်တိုဘာ ၃၁ ရက်က သူကပြောပြသည်။

“ဒီ ဘင်္ဂါလီမိန်းကလေးတွေက ရိုးသားကြပါတယ်။ တခြားမိန်းကလေးတွေထက် ပိုရိုကျိုးပြီး စည်းကမ်းလိုက်နာကြတယ်”

သူတို့ကို ဘင်္ဂလားဒေ့ရှ်မှ ပြောင်းရွှေ့ဝင်ရောက်လာသူများအဖြစ် မြန်မာတို့က ဘင်္ဂါလီဟုပင် ခေါ်ဝေါ်ကြသည်။ ဘာသာစကားအခက်အခဲရှိကြသော်လည်း ရိုဟင်ဂျာများသည် အခြားမိန်းကလေးများနှင့် ရောနှောလွယ်သည်ဟုလည်း ပြောသည်။ ကျောင်းတွင် ဝန်ထမ်း ၁၅ ဦးရှိသည်။

“သူတို့က မိသားစုတွေနဲ့ ခွဲခွာနေကြရပြီး အချစ်ငတ်နေသူတွေဖြစ်တဲ့အတွက် သူတို့ကို ဆက်ဆံရာမှာ မေတ္တာဟာ အထိရောက်ဆုံးနည်းလမ်းပါပဲ” ဟု ဒေါ်ဝေဝေနိုင်က ပြောသည်။ “သူတို့ ဒီမှာ နေထိုင်စဉ်ကာလမှာတော့ အားလုံးကို မိသားစုလို သဘောထားနေထိုင်ကြဖို့ ကျွန်မအမြဲပြောပါတယ်။ မေတ္တာနဲ့ အပြန်အလှန် နားလည်မှုသာမရှိရင် ဒီက ထွက်ပြေးဖို့ ကြိုးစားကြမှာပဲ၊ တားလို့ မရနိုင်ဘူး။ ဒီကို ကျွန်မပြောင်းရွှေ့လာခဲ့တဲ့ သုံးလအတွင်း ဒီကထွက်ပြေးဖို့ ကြိုးစားကြတာ တစ်ယောက်မှ မရှိသေးဘူး” ဟု ဒေါ်ဝေဝေနိုင်က ပြောသည်။

ထိုကျောင်းမှာ ဝင်းထရံအမြင့်ကြီး ကာထားပြီး ခြံဝင်းတံခါးကို အမြဲသော့ခတ်ထားသော်လည်း  လုံခြုံရေးဝန်ထမ်း တစ်ယောက်မှ မထားချေ။ သို့တိုင် ကျောင်းသူလေးများ၏ မိသားစုဝင်များက ထိုကျောင်းက ထောင်လားဟု သူ့ကို မကြာခဏ မေးကြကြောင်းပြောသည်။

“ဒါဟာ ထောင်မဟုတ်ပါဘူး၊ ရှင်တို့သမီးလေးတွေ၊ ညီမလေးတွေကို သက်မွေးပညာတွေ သင်ကြားပေးနေတဲ့ ကျောင်းပါလို့ သူတို့ကို ရှင်းပြရတယ်” ဟု သူကပြောသည်။ သင်တန်းကျောင်းတွင် အပ်ချုပ်ပညာ၊ အချက်အပြုတ်ပညာနှင့် လက်မှုပညာများ သင်ကြားပေးနေသည်ဟုပြောပြသည်။

ကျောင်း၏ ခြံစည်းရိုးမှာ မြင့်မားပြီး သော့ခတ်ထားသည့် ဂိတ်တံခါးတစ်ခုရှိသည်။ သို့သော်လည်း လေ့ကျင့်ပေးထားသည့် လုံခြုံရေးဝန်ထမ်းမရှိပေ။ ထိန်းသိမ်းခံရသူလူငယ်များ၏ မိသားစုဝင်များက ကျောင်းသည် အကျဉ်းထောင်တစ်ခုလားဟု ၎င်းအားမေးမြန်းကြောင်း ဒေါ်ဝေဝေနိုင်က ပြောသည်။

“ဒီဟာက အကျဉ်းထောင်တစ်ခုမဟုတ်ဘူး။ သူတို့ရဲ့ သမီးတွေ ညီမတွေကို သက်မွေးပညာသင်ပေးတဲ့ သင်တန်းကျောင်းတစ်ခုဆိုတာ ကျွန်မကသူတို့ကို ရှင်းပြရတယ်” ဟုသူကပြောသည်။ ထို့အပြင် မိန်းကလေးများသည် စက်ချုပ်ပညာ၊ အစားအစာပြင်ဆင်နည်းနှင့် လက်မှုပညာသင်တန်းများ တက်နေကြောင်းလည်း သူကထပ်မံပြောကြားခဲ့သည်။

အမျိုးသမီးများအတွက် သက်မွေးပညာသင်ကျောင်း၌ အချုပ်အလုပ်ပညာ သင်ပေးသည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

အမျိုးသမီးများအတွက် သက်မွေးပညာသင်ကျောင်း၌ အချုပ်အလုပ်ပညာ သင်ပေးသည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ဧည့်သည်မရှိ

မိသားစုဝင်များကို သက်မွေးပညာသင်တန်းကျောင်းရှိ မိန်းကလေးများထံသို့ တစ်လတစ်ခေါက် လာခွင့်ပေးသည်။ သို့သော် ရိုဟင်ဂျာမိန်းကလေးများမှာမူ ရန်ကုန်တွင် မိသားစုရှိသော်လည်း ဧည့်သည်များကို လက်ခံတွေ့ဆုံခဲသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကျောင်းသို့လာရောက်သူများကို သက်သေခံကတ်ပြရန် တောင်းဆိုသောကြောင့်ဖြစ်နိုင်ပြီး ရိုဟင်ဂျာများမှာ နိုင်ငံသားမဟုတ်ပေ။

သက်မွေးပညာသင်ကျောင်းမှ ရိုဟင်ဂျာမိန်းကလေးများနှင့် ငှက်အော်စမ်းမှ ရိုဟင်ဂျာယောက်ျားလေးများက ၎င်းတို့ထံသို့ ဆွေမျိုးများ မည်သည့်အခါမျှမလာကြောင်း Frontier ကိုပြောသည်။ နိုင်ငံမဲ့ဖြစ်မှုကြောင့် ရိုဟင်ဂျာအများစုအား လွတ်လပ်စွာသွားလာခွင့်မပေးခြင်းကို ရိုဟင်ဂျာယောက်ျားလေးတစ်ဦးက ပြစ်တင်ပြောဆိုခဲ့သည်။

နိုင်ငံသားမရရှိသော ၎င်း၏ဆွေမျိုးများမှာ ရခိုင်မှ တရားဝင်မထွက်ခွာနိုင်ကြောင်း အောက်တိုဘာ ၂၀ က ငှက်အော်စမ်းသို့ရောက်ရှိစဉ် အသက် ၁၇ နှစ်အရွယ် ကိုနူရူးလ်က Frontier ကိုပြောသည်။ “ကျွန်တော်တို့ မွတ်စလင်တွေမှာ နိုင်ငံသားမှတ်ပုံတင်ကတ်မရှိပါဘူး” ဟု၎င်းကပြောသည်။

ကိုနူရူးလ်သည် ရိုဟင်ဂျာ ခုနစ်ဦးအနက် တစ်ဦးဖြစ်ပြီး စာကြည့်တိုက်တွင် ၎င်းတို့နှင့် လွတ်လပ်စွာ စကားပြောရန် Frontier ကိုခွင့်ပြုခဲ့သည်။ ယင်းနေရာမှ ယောက်ျားလေးများမှာ ပုံမှန်ပညာရေး၊ အလွတ်ပညာရေး၊ သို့မဟုတ် သက်မွေးပညာ ခုနစ်ခုပါသင်တန်းတို့မှ နှစ်သက်ရာပညာသင်ယူခွင့်ရှိသည်။

ငှားစီးလာသည့် ဆိုင်ကယ်ကယ်ရီတွင် စိတ်ကြွဆေးပြား ၃၄ ပြားကို ရဲကတွေ့ရှိပြီးနောက် ၎င်းအား ၂၀၁၇ နောက်ပိုင်း၌ ပြစ်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ကြောင်း စစ်တွေ အနောက်စံပြရပ်ကွက်မှ နူရူးလ်က ပြောသည်။ ဆေးပြားများမှာ ၎င်း၏ဆေးပြားများမဟုတ်ဟု ကိုနူရူးလ်က ငြင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၂ လက ငှက်အော်စမ်းသို့ရောက်ရှိပြီးနောက် သုံးလအကြာ ၎င်း၏ဇနီးမှာ ယောက်ျားလေးတစ်ဦး မွေးဖွားခဲ့သည်။

ရိုဟင်ဂျာယောက်ျားလေးအများစုမှာ တရားဝင်အထောက်အထားမရှိဘဲ ရခိုင်ပြည်နယ်ပြင်ပသို့ သွားလာသောကြောင့် ပြစ်ဒဏ်ချခံရခြင်းဖြစ်ကြောင်း ငှက်အော်စမ်းစခန်းတာဝန်ခံ ဦးအောင်စိုးကျော်က ပြောသည်။ စခန်းတွင် ထိန်းသိမ်းထားသူ ၅၆၄ ဦးအနက် ၃၅ ဦးမှာ ရိုဟင်ဂျာများဖြစ်သည်ဟု ၎င်းက ပြောသည်။ လွန်ခဲ့သည့်ဇွန်လကအထိ စင်တာတွင် ရိုဟင်ဂျာ တစ်ရာနီးပါးထိရှိခဲ့သော်လည်း ယင်းလတွင် ပြစ်ဒဏ်စေ့ ရိုဟင်ဂျာ ၆၀ ကို လဝကဌာနက ပြန်လာခေါ်ကာ ရခိုင်ရှိ ၎င်းတို့၏နေအိမ်သို့ ပြန်ပို့ခဲ့သည်။

“မိသားစုဝင်တွေက သင်တန်းသားတွေဆီ တစ်လတစ်ကြိမ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ မိသားဝင်တွေဖြစ်ကြောင်း ပြသဖို့ နိုင်ငံသားကတ်ပြား၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်းလို အထောက်အထားတွေကို တင်ပြရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ဘင်္ဂါလီတွေက ဘယ်တော့မှ ဧည့်သည်တွေနဲ့ မတွေ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့က တခါတလေ သူတို့မိသားစုဝင်တွေနဲ့ ဖုန်းပြောခွင့်ပေးပါတယ်” ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

မိသားစုဝင်များနှင့် အဆက်အသွယ်မရသော စခန်းမှလူငယ်တို့ကို ဆွေမျိုးများနှင့် အဆက်အသွယ်ရဖို့ နိုင်ငံတကာကြက်ခြေနီကော်မတီက အကူအညီပေးနေကြောင်း ၎င်းကပြောသည်။

“သာဓကအနေနဲ့ပြောရရင် ယောက်ျားလေးတစ်ယောက်က သူ့မိသားစုရဲ့ လိပ်စာကိုမသိရင် သူက မိသားစုဆီ စာရေးနိုင်တယ်။ အိုင်စီအာစီက ဒေသခံအာဏာပိုင်တွေနဲ့ စစ်ဆေးပြီး ဒီစာကို ဆွေမျိုးတွေဆီ ပို့ပေးပါတယ်။ ပြီးတော့ သူ့မိသားစုဆီက ပြန်ကြားစာကိုလည်း ပြန်ယူလာပေးပါတယ်” ဟု ဦးအောင်စိုးကျော်က ပြောသည်။

ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ခြေဦးတည့်ရာ ခရီးရှည်လျှောက်လှမ်း

Frontier က စကားပြောခဲ့သော ရိုဟင်ဂျာယောက်ျားလေး ခုနစ်ဦးအနက် တစ်ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝကန်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ကိုရှာဖစ်ဖြစ်သည်။ ၎င်းမှာ အထောက်အထားမရှိဘဲ ခရီးသွားမှုအတွက် စခန်းတွင် နှစ်နှစ်ထိန်းသိမ်းထားရန် ပြစ်ဒဏ်ကျခံရခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ကိုရှာဖစ်၊ ရိုဟင်ဂျာလူကြီးခြောက်ဦးနှင့် ပွဲစားတစ်ဦးတို့သည် လူကုန်ကူးမှုတွင် ပါဝင်ခဲ့ပြီး ၎င်းတို့သည် ကျောက်တော်မြို့နယ်မှ ရခိုင်ရိုးမတောင်တန်းကို ကျော်ကာ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းအထိ ကီလိုမီတာ ၅၀၀ ကျော်ကို ၁၈ ရက်ကြာ လမ်းလျှောက်ခဲ့ကြသည်။

“ကျွန်တော်တို့ နေ့ရောညပါလမ်းလျှောက်ခဲ့ကြတယ်။ ဒါပေမဲ့ ရွာတွေ၊ လူတွေမြင်ရင် နေ့ဘက်မှာ တောထဲမှာ ပုန်းရတာပေါ့။ လမ်းလျှောက်နေတုန်းမောတယ်။ ပုန်းရတဲ့အခါ သိပ်ကြောက်တာပေါ့” ဟုသူကပြောသည်။

ထိုင်းနယ်စပ် မြဝတီသို့သွားမည့် ဘတ်စ်ကားတစ်စီးကို လက်ပြ၍ ကားပေါ်တက်ပြီးမကြာခင် ၎င်းတို့ ဖမ်းဆီးခံရသည်။ မြဝတီတွင် ၎င်းတို့အား မလေးရှားသို့ ပို့ပေးမည့် နောက်ပွဲစားတစ်ဦးထံသို့ လွှဲအပ်မည်ဖြစ်သည်။ ရခိုင်ပြင်ပတွင် ပထမဆုံးခရီးဖြစ်သောကြောင့် ၎င်းတို့ ဘတ်စ်ကားပေါ်တက်သည့် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းမည်သည်နေရာဆိုသည်ကို မမှတ်မိတော့ဟု ကိုရှာဖစ်ကပြောသည်။

“အဲဒါက ကျွန်တော့်ဘဝမှာ အရှည်လျားဆုံးလမ်းလျှောက်ခရီးပါ။မလေးရှားက ကျွန်တော့်အစ်ကို သုံးယောက်ဆီသွားချင်လို့ လမ်းလျှောက်ခဲ့တာပါ” ဟုရှာဖစ်ကပြောသည်။

“ကျွန်တော့်က သူတို့နဲ့အတူရှိသင့်တယ်။ ဒီမှာမရှိသင့်ဘူး။ ကျွန်တော် ဒီမှာမနေချင်ဘူး။ ကျွန်တော့်မိဘတွေကို လွမ်းတယ်။ အိမ်ပြန်ချင်တယ်” ဟု၎င်းကပြောသည်။

ပြစ်ဒဏ်နှစ်နှစ်ပြည့်ပါက ကိုရှာဖစ်ကို ရခိုင်ပြန်ပို့မည်ဖြစ်သည်။ နောက်တစ်ကြိမ် ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းဦးမည်လားဟု Frontier ကမေးသောအခါ ၎င်းက မဆိုင်းမတွခေါင်းညိတ်ခဲ့သည်။

“မလေးရှားသွား မသွားတော့ မသေချာပါဘူး။ ဒါပေမဲ့ အခွင့်အရေးရတိုင်း ကြိုးစားမှာပါ” ဟု ၎င်းကပြောသည်။

ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

နိုင်ငံသားမဟုတ်၊ လွတ်လပ်ခွင့်မရှိ

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအများစုမှာ နိုင်ငံသားကတ်မရသည်မှာ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သည်။ ယခင်က နိုင်ငံသားအခွင့်အရေးရရှိသော သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင်ကတ်များကို ရိုဟင်ဂျာအများအပြားက ကိုင်ဆောင်နိုင်ခဲ့ကြသော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း စစ်အစိုးရက ရုပ်သိမ်းခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးဌာနက အမျိုးသားမှတ်ပုံတင်ကတ်များအစား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ အခြားနေရာများမှ နိုင်ငံသားများနှင့် မတူသည်မှာ ရိုဟင်ဂျာများမှာ အဆိုပါ အိုင်ဒီကတ်သစ်များ မရရှိကြခြင်းဖြစ်သည်။ 

ယင်းအစား ၎င်းတို့ကို ဝှိုက်ကတ်ဟု ခေါ်သည့် ယာယီမှတ်ပုံတင်ကတ်များ ထုတ်ပေးခဲ့သည်။ ယင်းကတ်များက ၎င်းတို့၏ နိုင်ငံသားအဆင့်ကို ရှင်းလင်းစွာမဖော်ပြထားပေ။ အခွင့်အရေးများလည်း ပေးမထားပေ။ သာဓကအားဖြင့် ၎င်းတို့မှာ မြေယာပိုင်ဆိုင်ခွင့်၊ သို့မဟုတ် အစိုးရခွင့်ပြုချက်မရှိဘဲ ခရီးသွားလာခွင့်မရှိပေ။ မြန်မာသည် ကမ္ဘာပေါ်တွင် နိုင်ငံမဲ့ဦးရေအများဆုံးရှိသောနိုင်ငံဖြစ်လာခဲ့သည်။

ဝှိုက်ကတ်ကိုင်သူများ မဲပေးခွင့်ရှိမရှိနှင့်ပတ်သက်ကာ အငြင်းပွားမှုဖြစ်ပြီးနောက် ဦးသိန်းစိန်အစိုးရသည် ၂၀၁၅ အစောပိုင်းတွင် ဝှိုက်ကတ်များကို ရုတ်တရက်ဖျက်သိမ်းခဲ့သည်။ ထို့နောက် ဝှိုက်ကတ်များအစား NVC national verification card ဖြင့် အစားထိုးခဲ့သည်။ အစိုးရက အဆိုပါ NVC ကတ်ကို ရိုဟင်ဂျာများအတွက် နိုင်ငံသားဖြစ်မှုဆီကို သွားသည့်လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သည်။ သို့သော် အစိုးရအဆက်ဆက် ဆယ်စုနှစ်များစွာကြာ ပျက်ယွင်းခဲ့သည့်ကတိများကြောင့် ယုံကြည်မှုမရှိသဖြင့် လျှောက်ထားသူမရှိခဲ့ပေ။

NVC ကတ်ကိုင်သည့်တိုင် ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ခရီးသွားလာခွင့်မရှိပေ။ ရခိုင်တွင် ပဋိပက္ခ့ဖြစ်ခြင်း၏ အကြောင်းရင်းများကို ကိုင်တွယ်ရန် ၂၀၁၆ က အစိုးရကဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ၎င်း၏နောက်ဆုံးအစီရင်ခံစာတွင် အသိပေးခဲ့သည်မှာ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ခြင်းဖြင့် ရိုဟင်ဂျာများကို စီးပွားရေးအကျပ်အတည်းဖြစ်စေသော်လည်း ခရီးသွားလာခွင့်အထောက်အထားထုတ်ပေးသော အစိုးရအရာရှိများကမူ လာဘ်ယူခြင်းဖြင့် အကျိုးအမြတ်ရနေသည်ဟု ဆိုသည်။

တစိတ်တပိုင်းအားဖြင့် ယင်းသို့ဆင်းရဲမှုကြောင့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ရခိုင်ပြည်နယ်ကို စွန့်ခွာကာ မြန်မာနိုင်ငံ၏ အခြားအစိတ်အပိုင်းများနှင့် ပြည်ပနိုင်ငံများ၊  အထူးသဖြင့် ထိုင်းနှင့် မလေးရှားသို့ ထွက်ခွာကြသည်။ ၎င်းတို့မှာ နိုင်ငံသားအထောက်အထား သို့မဟုတ် ခရီးသွားလာခွင့်မရှိသဖြင့် ၎င်းတို့သည် လူကုန်ကူးသူများကို ငွေကြေးများစွာပေးရသည့်အပြင် အန္တရာယ်ရှိသောခရီးများကို လှေ၊ ကား သို့မဟုတ် လမ်းလျှောက်သွားရသည်။ ယခုဆောင်းပါးမှ ကလေးများကဲ့သို့ ၎င်းတို့သည် မြန်မာနိုင်ငံ၊ သို့မဟုတ် ပြည်ပရှိ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ တခါတရံဖမ်းဆီးခြင်းခံရသည်။

ရိုဟင်ဂျာများကို လွတ်လပ်စွာသွားလာခွင့်တိုးမြင့်ပေးခြင်းက ရခိုင်ပြည်နယ်တွင် စီးပွားရေးတိုးတက်မှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ကွယ်လွန်သူ မစ္စတာကိုဖီအန်နန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ကော်မရှင်က ပြောကြားခဲ့သည်။ လွတ်လပ်စွာသွားလာခွင့်ကို နိုင်ငံသားဖြစ်မှု အတည်ပြုခြင်းလုပ်ငန်းစဉ်နှင့် ချိတ်ဆက်မှုမရှိဘဲ ရခိုင်ပြည်နယ်ရှိ လူတိုင်း လွတ်လပ်စွာသွားလာခွင့် ပေးသင့်သည်ဟု ကော်မရှင်က အကြံပြုခဲ့သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ငှက်အော်စမ်းစခန်း၌ ရိုဟင်ဂျာ ၃၅ ဦးအပါအဝင် ‌ယောက်ျားလေး ၅၆၄ ဦးရှိသည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar