မိခင်ဘာသာစကားကို သင်ယူခြင်း

မိမိတို့ မိခင်ဘာသာစကားများအား ကျောင်းများတွင် သင်ကြားခွင့်ပြုခြင်းသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားများအနက် လူများစုဖြစ်သည့် ဗမာများနှင့် ယုံကြည်မှု တည်ဆောက်ရာတွင် အထောက်အကူ ပြုလိမ့်မည်ဟု တိုင်းရင်းသားအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များက ပြောကြားသည်။

ချိုင်ဆွန်း ရေးသားသည်။

ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်ကာလက အမျိုးသား ဘာသာစကားကို အသုံးပြုခွင့်အား ကြွေးကြော်သံအဖြစ် အသုံးပြုကာ ဗမာလူမျိုးတို့က လှုပ်ရှားခဲ့ကြသည်။ “ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား” ဟု ကြွေးကြော်ခဲ့ကြသည်။ ကျွနု်ပ်တို့၏ ဘာသာစကားကို ပြောကြားကြရန်မှာ ကျွနု်ပ်တို့အားလုံးအတွက် အရေးကြီးလှပေသည်။

ယခုအခါ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံးသည် ၎င်းတို့၏ ဘာသာစကားနှင့် ပတ်သက်၍ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြစဉ်က ခံစားချက်မျိုးကို ပြန်လည် ခံစားနေကြရသည်။

ရန်ကုန်မြို့တွင် မကြာသေးမီက ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် စည်းလုံးညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မွန်တိုင်းရင်းသား နိုင်ဟံသာက မိခင်ဘာသာစကားနှင့် ပတ်သက်သော အရေးကိစ္စအား ထည့်သွင်းပြောကြားခဲ့သည်။

“ဗမာဘာသာစကားက ပညာရေးစနစ်မှာ မြင့်မားတဲ့ ဦးစားပေးအဆင့်တစ်ရပ်အတွင်း ရှိနေပေမယ့် တိုင်းရင်းသား ဘာသာစကားတွေကတော့ မရှိသေးပါဘူး။ အခြေခံပညာရေးအဆင့်မှာတောင် ရှိမနေသေးပါဘူး” ဟု ၎င်းကပြောသည်။

မြန်မာ့ပညာရေးစနစ်တွင် ဗမာဘာသာကို ဦးစားပေးထားခြင်းနှင့် တိုင်းရင်းသားလူနည်းစုများအား ၎င်းတို့ မိခင်ဘာသာရပ်ဖြင့် သင်ကြားခွင့်ပြုရန် အစိုးရက တွန့်ဆုတ်နေခြင်းသည် တိုင်းရင်းသား ဘာသာစကားများ တဖြည်းဖြည်း ပျောက်ကွယ်ခြင်းဆီသို့ ဦးတည်သွားမည့်အပေါ် တိုင်းရင်းသားလူနည်းစု ခေါင်းဆောင်များက စိုးရိမ်ပူပန်လျက်ရှိကြသည်။

“ကျွန်တော်တို့အားလုံးမှာ ကျွန်တော်တို့ လူတွေ၊ စာပေနဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးရမယ့် တာဝန်ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာကဆိုသည်။ “ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ စာပေကို ကာကွယ်ဖို့နဲ့ စာပေမပျောက်ပျက်စေဖို့ အကောင်းဆုံး ကြိုးစားရပါလိမ့်မယ်” ဟု ၎င်းကပြောကြားခဲ့သည်။

တိုင်းရင်းသားများက ၎င်းတို့၏ ဘာသာစကားများကို ထိန်းသိမ်းစောင့်ရှောက်ရန် ကြိုးပမ်းနေကြခြင်းမှာ ကိုလိုနီခေတ်၌ ဗမာတိုင်းရင်းသားများ ကြိုးပမ်းခဲ့မှုနှင့် ဆင်တူသည်ဟုလည်း နိုင်ဟံသာက ပြောကြားသည်။ “ဒီနိုင်ငံကို ဗြိတိသျှတွေ အုပ်ချုပ်ခဲ့စဉ် သူတို့ရဲ့ စာပေယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းဖို့ ဗမာတွေက ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြရပေမယ့် အခုချိန်အခါမှာတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို သူတို့က နားမလည်ကြပါဘူး။ ဒါဟာ ဝမ်းနည်းစရာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဘာသာစကားတွ မျက်ကွယ်ပြုခြင်း ခံနေပြီး ကျွန်တော်တို့ အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ခံစားရပါတယ်။ ဒါပေမယ့် ယျေဘုယျအားဖြင့် ဗမာတွေက ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို နားမလည်ပါဘူး။ သူတို့တွေ နားလည်ဖို့ လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ဟောင်ဆာ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ၏ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်သော လူမှုမူဝါဒအကြံပြုချက်များအဖြစ် ဤစင်တာက အကြံပြုထားသည့် အချက်ကိုးချက်တွင် မိခင်ဘာသာစကားဖြင့် သင်ကြားခြင်းလည်း ပါဝင်သည်။

မိခင်ဘာသာစကားများဖြင့် သင်ကြားခွင့်ပြုခြင်းသည် တိုင်းရင်းသားလူနည်းစုများနှင့် အစိုးရအကြား ယုံကြည်မှုကို တည်ဆောက်ရန်အတွက်လည်း အထောက်အကူပြုလိမ့်မည်ဟု ဤစင်တာ၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

ကမ္ဘာတလွှားရှိ ယဉ်ကျေးမှုှုစုံလင်သော နိုင်ငံများတွင် ပြုလုပ်ထားသည့် လေ့လာတွေ့ရှိချက်များကို ကိုးကားဖော်ပြထားသော ဤအကြံပြုချက်အရ တိုင်းရင်းသား ကလေးငယ်များသည် ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် သင်ကြားခွင့် မရကြခြင်းကြောင့် ၎င်းတို့၏ စွမ်းဆောင်နိုင်စွမ်းအတွက် အဟန့်အတား ဖြစ်နေကြရသည်။ ပထမဆုံးသော စိန်ခေါ်ချက်မှာ အများစု နားမလည်သော ဘာသာစကားဖြစ်သည့် ဗမာစကား သင်ယူရသည့် စိန်ခေါ်ချက်ကို ကျော်လွှားရခြင်းဖြစ်သည်။

တိုင်းရင်းသားလူနည်းစု ကလေးငယ်များ၏ အစောပိုင်း ကျောင်းနေအရွယ် ကာလများအတွင်းတွင် အနိမ့်ဆုံးအားဖြင့် ဗမာစကားကို သင်ကြားရမည့်အစား ၎င်းတို့မိခင်ဘာသာစကားဖြင့် သင်ကြားရမည်ဆိုပါက ၎င်းတို့၏ ပညာရေးစွမ်းဆောင်နိုင်မှုမှာ တိုးတက်လာလိမ့်မည်ဟုလည်း နိုင်ဟံသာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ တိုင်းရင်းသားကလေးငယ်တွေက သူတို့ မိခင်ဘာသာစကားနဲ့ အရေး၊ အဖတ်ကို သင်ယူပြီးမှသာ ဒုတိယဘာသာစကားကို သင်ကြားခြင်းအပေါ် ပိုမိုယုံကြည်မှု ရှိလာမှာပါ” ဟုလည်း ၎င်းကဆိုသည်။ ၎င်းကိုယ်တိုင်လည်း ဗမာစကား မကျွမ်းကျင်ခဲ့သောကြောင့် ကျောင်းနေစဉ်အခါက အမှတ်နည်းခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့သေးသည်။

“တိုင်းရင်းသားကလေးငယ်တွေက အခြေခံပညာရေးအဆင့်မှာ ဗမာဘာသာနဲ့ စတင်သင်ယူဖို့အတွက် အခက်အခဲရှိတာကြောင့် သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ လေ့လာသင်ယူစေဖို့အတွက် ကျွန်တော်တို့ရဲ့ အစီအရင်ခံစာမှာ အကြံပြုခဲ့ပါတယ်” ဟု နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသားကလေးငယ်များ၏ ပညာရေးတွင် ဗမာဘာသာစကားအား ဒုတိယအဆင့်သုံး ဘာသာစကားအဖြစ် လေ့လာသင်ယူစေခြင်းနှင့် ယင်းနောက်တွင် အင်္ဂလိပ်ဘာသာစကားကဲ့သို့သော နိုင်ငံတကာ ဘာသာစကားတစ်ရပ်ကို သင်ယူခြင်းတို့မပြုမီ၌ ၎င်းတို့၏ မိခင်ဘာသာစကားဖြင့် စတင်သင်ယူသင့်သည်ဟု နိုင်ဟံသာက ပြောကြားခဲ့သည်။

“ဒါက သူတို့ဘဝတစ်လျောက် တိုးတက်လာစေဖို့အတွက် အထောက်အကူဖြစ်စေမှာပါ” ဟု ၎င်းကပြောကြားသည်။

အခွင့်အလမ်းများ

၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်အတွက် မွန်ပြည်သစ်ပါတီက စေ့စပ်ဆွေးနွေးချိန်က ၎င်းတို့၏ တောင်းဆိုချက်တစ်ခုမှာ မွန်ပြည်နယ်အတွင်းရှိ ကျောင်းများတွင် မွန်ဘာသာဖြင့် သင်ကြားခွင့်ပြုရေးလည်း ပါဝင်ခဲ့သည်။ ဤတောင်းဆိုချက်သည် မွန်တိုင်းရင်းသားများအနေဖြင့် ၎င်းတို့၏ ဘာသာစကားနှင့် စာပေအား ချစ်မြတ်နိုးကြောင်းကို ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။ ၁၉၉၅ ခုနှစ်၌ ပထမဆုံးသော နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ်အား မွန်ပြည်သစ်ပါတီက လက်မှတ်ရေးထိုးခဲ့သည့်အချိန်အထိ နှစ်ပေါင်း ၅၀ နီးပါးကြာ တိုက်ခိုက် တောင်းဆိုခဲ့သည့် နိုင်ငံရေးအခွင့်အရေးများကဲ့သို့ပင် ဘာသာစကားကလည်း အရေးပါကြောင်း မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များအား သမ္မတဦးသိန်းက စတင်ခဲ့ပြီးနောက်တွင် အစိုးရဟောင်း၏ စေ့စပ်ညှိနှိုင်းရေး ခေါင်းဆောင်ဖြစ်သူ ဦးအောင်မင်းနှင့် ပြောဆိုဆွေးနွေးခဲ့ပုံကိုလည်း စုံညီအစည်းအဝေးပွဲအပြီး ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြန်ပြောင်းပြောကြားခဲ့သည်။

မွန်ဘာသာမှာ တစ်ခုတည်းသာ ရှိသောကြောင့် မွန်များအား မွန်ဘာသာဖြင့် လေ့လာခွင့်ကို ဦးသိန်းစိန်အစိုးရက ခွင့်ပြုလိမ့်မည်ဟု ဦးအောင်းမင်းက ပြောကြားခဲ့သည်ဟု နိုင်ဟံသာက ဆိုသည်။ ထို့နောက် ဘာသာစကားနှစ်ခုရှိနေသည့် ကရင်ဘာသာဖြင့် သင်ကြားခြင်းနှင့် ပတ်သက်ပြီး ဦးအောင်မင်းက နိုင်ဟံသာကို မေးမြန်းခဲ့သည်။

နိုင်ဟံသာက “ကရင်တိုင်းရင်းသားတွေကို သူတို့ရဲ့ ဘာသာစကားနဲ့ လေ့လာခွင့်ပြုဖို့က ခင်ဗျားတို့ အစိုးရရဲ့ တာဝန်ပါ။ သူတို့မှာ ဘာသာစကား နှစ်မျိုးကွဲနေတာကို ကရင်တွေက သူတို့ဘာသာ ဖြေရှင်းသွားမှာဖြစ်လို့ ခင်ဗျားတို့ အစိုးရရဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ခင်ဗျားတို့ အစိုးရအနေနဲ့ သူတို့ရဲ့ ဘာသာစကားကို သင်ကြားခြင်းအပေါ် ကန့်သတ်ချုပ်ခြယ်မှု မပြုသင့်ပါဘူး” ဟု ဦးအောင်မင်းကို ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအား ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း တိုင်းရင်းသား လူနည်းစုများ၌ ၎င်းတို့မိခင်ဘာသာစကားကို လေ့လာနိုင်ရန် အခွင့်အလမ်း နည်းပါးနေဆဲပင် ဖြစ်သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုင်း ၂၂ (က) တွင် ပြည်ထောင်စုအစိုးရသည် “နိုင်ငံသား တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ အနုပညာ လက်ရာများနှင့် ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အကူအညီ ပေးစေရမည်” ဟု ဆိုထားသည်။

ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဖျော်ဖြေနေကြသည့် ရှမ်းအမျိုးသမီးငယ်များ။ ဓာတ်ပုံ-အီးပီအေ

ရှမ်းပြည်နယ်နေ့အခမ်းအနားတွင် ဖျော်ဖြေနေကြသည့် ရှမ်းအမျိုးသမီးငယ်များ။ ဓာတ်ပုံ-အီးပီအေ

လက်တွေ့အခြေအနေမှာမူ ကွဲပြားခြားနားလှသည်။ မွန်ပြည်နယ်အတွင်း၌ မွန်တိုင်းရင်းသား ကလေးသူငယ်များအား ၎င်းတို့ဘာသာစကားဖြင့် အစိုးရက သင်ယူခွင့်ပြုထားသော်လည်း ကျောင်းချိန်ဖြစ်သည့် နံနက် ၉ နာရီမှ ညနေ ၃ နာရီကြား အချိန်တွင် မဟုတ်ပေ။

ကျောင်းဆင်းချိန်ပြီးမှသာလျင် မွန်ဘာသာကို သင်ကြားပေးသည့်အတွက် ကျောင်းချိန်အပြီးတွင် ကျူရှင်တက်ရမည့် ကလေးငယ်များအတွက် မွန်ဘာသာကို တက်ရောက်သင်ယူနိုင်ခြင်း မရှိကြပေ။ ကျောင်းချိန်များအတွင်းတွင် မွန်ဘာသာ သင်ကြားပေးရန် မွန်တိုင်းရင်းသား အသိုင်းအဝိုင်း ခေါင်းဆောင်များက ယခုအစိုးရနှင့် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတို့ထံ ထပ်ခါထပ်ခါ တောင်းဆိုခဲ့ကြသော်လည်း ခွင့်ပြုချက် ရရှိမှု မရှိသေးပေ။

လွန်ခဲ့သော တစ်နှစ်ကျော်က ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက တခဲနက် အနိုင်ရရှိခဲ့ပြီးနောက် တိုင်းရင်းသားများ၏ မျှော်လင့်ချက်များလည်း မြင့်တက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အာဏာရ ထိုပါတီက တိုင်းရင်းသားလူနည်းစုတို့အတွက် ကျောင်းများတွင် မိခင်ဘာသာစကားဖြင့် သင်ယူခွင့်ပြုခြင်း အပါအဝင် အခွင့်အရေးများ ပိုမို ခွင့်ပြုပေးလိမ့်မည်ဟု ၎င်းတို့က မျှော်လင့်ခဲ့ကြသည်။

သို့သော် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်မြင့် [ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမှတ် (၈) မန္တလေးမဲဆန္ဒနယ်] တင်ပြခဲ့သည့် တိုင်းရင်းသားလူနည်းစု ဘာသာစကားများ သင်ကြားခြင်းကို တိုးချဲ့ရန် အဆိုမှာ စက်တင်ဘာ ၁၂ ရက်နေ့က အမျိုးသားလွှတ်တော်၌ မဲခွဲ ပယ်ချခံရသောအခါတွင် ၎င်းတို့၏ မျှော်လင့်ချက်များမှာလည်း ပျက်သုန်း မှေးမှိန်သွားခဲ့ရလေသည်။

ဤအဆိုပြုချက်အား ပလောင်၊ ချင်းနှင့် ကချင်အမတ်များက ထောက်ခံခဲ့သော်လည်း ပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီးက ကန့်ကွက်ခဲ့သည်။ တိုင်းရင်းသားဘာသာစကားများကို အသုံးပြု သင်ကြားခြင်းအား တိုးချဲ့ရန်မှာ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်းအပေါ်တွင် မူတည်နေသည်ဟု ၎င်းကဆိုသည်။ အဆိုအပေါ် အန်(န်)အယ်လ်ဒီမှ အမတ်များက ဆန့်ကျင်ခြင်းက တိုင်းရင်းသားအခွင့်အရေး လှုပ်ရှားသူအချို့ကို စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ အန်(န်)အယ်လ်ဒီအမတ်များကမူ ဤအဆိုပြုချက်မှာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းရင်းသားပါတီများ၏ ထောက်ခံမှုကို ဆွဲဆောင်ရန်သာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပအပြီး မကြာမီတွင် ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် စကားစစ်ထိုးပွဲ၌ ဦးခင်အောင်မြင့်က အစိုးရအတွက် ကျောင်းများ၌ တိုင်းရင်းသားဘာသာစကား သင်ကြားခြင်းကို မိတ်ဆက်ရန် အချိန်ကောင်းရောက်ရှိနေပြီဟု ပြောကြားခဲ့သည်။

ဤအဆိုပြုချက်၏ ရည်ရွယ်ချက်မှာ ပြည်ခိုင်ဖြိုးပါတီအတွက် နိုင်ငံရေးအကျိုးအမြတ်ကို ရယူရန်မဟုတ်ဘဲ တိုင်းရင်းသား လူနည်းစုများနှင့် ယုံကြည်မှု တည်ဆောက်ရေးကို အကူအညီပြုခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အထောက်အကူပြုရန်ဖြစ်သည်ဟု ဦးခင်အောင်မြင့်က ဆိုသည်။

နယ်စပ်တွင် ဘာသာစကား သင်ယူခြင်း

ကျွနု်ပ်မှာ မွန်တစ်ဦးဖြစ်သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည့် လွန်ခဲ့သော ၁၀ နှစ်ကျော်အခါက မွန်အမည် မရှိခဲ့သကဲ့သို့ ကျွနု်ပ်တို့လူမျိုး၏ ဘာသာစကားကိုလည်း ဖတ်ကြားနိုင်ခြင်း မရှိခဲ့ပေ။

ကံကောင်းထောက်မစွာပင် မွန်ဘာသာ ရေးပုံ၊ ဖတ်ပုံကို သင်ကြားပေးခဲ့သည့် နိုင်အာကာဟူသော ဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ ဤအကြောင်းကြောင့်ပင်လျင် ယခုအခါ၌ ကျွနု်ပ်၏ မိခင်ဘာသာစကားအား အင်္ဂလိပ်၊ ထိုင်းနှင့် ဗမာများကဲ့သို့ ရေးနိုင်၊ ဖတ်နိုင်နေပြီ ဖြစ်သည်။

မြန်မာအာဏာပိုင်များက ကျေးလက်ကျောင်းများတွင် မွန်ဘာသာ သင်ကြားခွင့် မပြုခဲ့သောကြောင့် ကျွနု်ပ်ငယ်ရွယ်စဉ်အခါက မိခင်ဘာသာစကားကို သင်ယူရန်အခွင့်အရေး ရရှိခဲ့ခြင်း မရှိပေ။ အခြားသော တိုင်းရင်းသားလူနည်းစုများအတွက်လည်း အလားတူပင်ဖြစ်သည်။

အခြားသော တိုင်းရင်းသားလူနည်းအချို့ အပါအဝင် ကျွနု်ပ်ကိုယ် ကျွနု်ပ် မကြာခဏမေးမြန်းခဲ့သော မေးခွန်းတစ်ရပ်မှာ ကျွနု်ပ်တို့ မိခင်ဘာသာစကားဖြင့် ရေးနိုင်၊ ဖတ်နိုင်ခြင်းကြောင့် အဘယ်သို့သော အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်းဟူသည့် မေးခွန်းပင် ဖြစ်သည်။

အဓိက အကျိုးကျေးဇူးမှာ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ခြင်းပင်ဖြစ်သည်။ ကျွနု်ပ်အတွက်မူ ထိုင်းဘာသာစကား သင်ယူရန်အတွက်လည်း ပိုမိုလွယ်ကူခဲ့သေးသည်။ ထိုင်းနှင့် မွန်ဘာသာစကားတို့တွင် ထေရဝါဒ ဗုဒ္ဓဘာသာစာပေများကို ရေးသားသည့် ပါဋိဘာသာမှ ဆင်းသက်လာသာ စကားလုံးများစွာ ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။

မွန်ဘာသာစကားအား ပိုမိုတတ်မြောက် ကျွမ်းကျင်လိုခဲ့သော်လည်း ကျွနု်ပ်ငယ်စဉ်အခါက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၌ မွန်ဘုန်းတော်ကြီးများက ကျွနု်ပ်တို့ဘာသာစကားကို သင်ကြားပေးလိုသည့် အချိန်ကာကတွင်ပင် ဘာသာစကားကို လေ့လာရန် ကျွန်ုပ်ကို အားပေးသူ မရှိခဲ့ပေ။

ဗမာဘာသာစကား လွှမ်းမိုးမှုအား တိုင်းရင်းသားဘာသာစကားကို မြင်တွေ့ရခဲသော မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်စာမျက်နှာများက ရှင်းလင်းစွာ သက်သေထူလျက်ရှိသည်။

ရံဖန်ရံခါတွင် ဖေ့စ်ဘွတ်ပေါ်၌ မွန်သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုရာတွင် ဗမာစကားကို မဖြစ်မနေ အသုံးပြုရသည့်အခါ ခွတီးခွကျနိုင်သည်ဟု ကျွနု်ပ်ခံစားရလေ့ရှိသည်။ ကျွနု်ပ်တို့ မွန်အချင်းချင်း ဆက်သွယ် ပြောဆိုရာတွင် မည်သည့်အတွက် ဗမာဘာသာစကားကို အသုံးပြုနေရသနည်း။ ဤသည်မှာ ခက်ခဲသော မေးခွန်းတစ်ရပ် ဖြစ်သော်လည်း မည်သူ့ကို အပြစ်တင်ရမည်ဆိုသည်အား ကျွနု်ပ်တို့ သိရှိပေသည်။ ကျွနု်ပ်တို့၏ မိခင်ဘာသာစကားများကို သင်ယူလေ့လာနိုင်ရန်အတွက် ကျွနု်ပ်တို့ကို အခက်အခဲဖြစ်စေသော ယခင်နှင့် လက်ရှိ အစိုးရများပင် ဖြစ်ပေတော့သည်။

ခေါင်းစီးဓာတ်ပုံ- မွန်ပြည်နယ်နေ့အခမ်းအနားတစ်ခုတွင် မွန်ကလေးငယ်နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar