“မဟာမိတ် ဆောင်ရွက်နိုင်မယ်ဆိုရင် မဲကွဲစရာမရှိဘူး” (ဦးကိုကိုကြီးနှင့် သီးသန့်အင်တာဗျူး)

၁၉၈၈ ခုနစ်၊ မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲက ဦးကိုကိုကြီးနဲ့ အပေါင်းအပါအချို့က ပါတီတစ်ရပ်ထူထောင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဒီဇင်ဘာ ၁၉ ရက်နေ့က လျှောက်ထားလိုက်ပါပြီ။

သူဟာ ရှစ်လေးလုံးကာလအတွင်း ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်အစိုးရလက်ထက်မှာ ထောင်ဒဏ်အကြိမ်ကြိမ် ကျခံခဲ့ရသူ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်ပိုင်းနေရာက တောက်လျှောက်ပါဝင်ခဲ့သူနဲ့ လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ချိန်မှာ အမတ်လောင်းအဖြစ် လျှောက်ထားခဲ့ပေမယ့် ပါတီက ရွေးချယ် ခြင်းကို မခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

အခု ပါတီထူထောင်ဖို့ကြိုးပမ်းတဲ့အခါမှာလည်း “ရှစ်လေးလုံးပါတီ”ဆိုတဲ့ အမည်ကို ရွေးချယ်ထားတာကြောင့် ဝေဖန်ခံနေရသူတစ်ဦးပါ။ သူ့ကို Frontier က ဉာဏ်လှိုင်လင်းက နေပြည်တော်မှာ သီးသန့် တွေ့ဆုံ မေးမြန်းထားပါတယ်။

ဒီအချိန်မှာ ပါတီတစ်ရပ်ထူထောင်ဖို့ လိုတယ်လို့ ဘာကြောင့်ယူဆပါသလဲ။

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကို စပြောရမှာပေ့ါနော်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ကျောင်းသားခေါင်းဆောင် တစ်ယောက်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အာဏာသိမ်းပြီးအချိန်မှာ ပါတီတွေ မှတ်ပုံတင် ခွင့်ရတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံရေးသမားအဟောင်းကြီးတွေက ကျွန်တော်တို့ကို ပါတီထောင်ဖို့ တိုက်တွန်းခဲ့ကြတာ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီအချိန်မှာ အရေးကြီးတာဟာ ဒီမိုကရေစီအပြောင်းအလဲကို ထိထိရောက်ရောက် လုပ်နိုင်ဖို့ပဲဆိုပြိး ပါတီမထောင်ပဲနဲ့ ကျရာနေရာကနေ ပံ့ပိုးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ ဒီကနေ့၊ ဒီအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံရေးဖြတ်သန်းမှုက နှစ် ၃၀ လောက်ရှိခဲ့ပြီ။ ဒီကြားထဲမှာ စာတွေ့လေ့လာမှုတွေရော၊ ပြည်တွင်း၊ ပြည်ပ လေ့လာမှု ဗဟုသုတတွေ၊ ဒါတွေကို ပြန်ပြီးတော့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ဆိုတာဟာ ပါတီတစ်ရပ်ထူထောင်ပြီးလုပ်မှ ဖြစ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် အခုလိုနိုင်ငံရေးပါတီထူထောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တိုင်းပြည်မှာ ပါတီတွေကလည်း လက်ရှိအချိန်အထိ အများကြီးဖြစ်နေတယ်ဆိုတော့ အခြားပါတီတွေနဲ့ အဓိက မတူကွဲပြားမယ့် အချက်ကဘာဖြစ်မလဲ။

ယေဘူယျလက္ခဏာတွေကတော့ အားလုံးပြောကြတာပဲ။ ဒီမိုကရေစီတို့၊ တိုင်းရင်းသားတန်းတူရေးတို့၊ ဈေးကွက်စီးပွားရေး စသဖြင့်ပေါ့။ ဒီအသေးစိတ် အကြောင်းအရာတစ်ခုချင်းမှာတော့ လုပ်ပုံကိုင်ပုံ ချဉ်းကပ်ပုံတွေ ကွဲလွဲနိုင်တယ်။ ယေဘူယျ စကားလုံးတွေကိုပဲ နားလည်လက်ခံမှု အဓိပ္ပာယ် ကောက်ယူမှုမှာတော့ လေးနက်မှု ပမာဏတွေ၊ ဖွင့်ဆိုတဲ့ ပုံသဏ္ဍာန်တွေ ကွဲနိုင်တယ်။ ကျွန်တော်တို့နဲ့ မူဝါဒပိုင်းဆိုင်ရာ အဓိကကွဲလွဲတဲ့အချက်က ကျွန်တော်တို့ဟာ ဒီအပြောင်းအလဲမှာ ဒီမိုကရေစီ အသားကျပြီးသား နိုင်ငံတွေလိုမျိုး ပါတီထောင်မယ်။ ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် အပြတ်အသတ် ကြိုးစားမယ်ဆိုတာမျိုး၊ နိုင်တဲ့သူက အုပ်ချုပ်ခွင့်ရမယ်ဆိုတာမျိုးထက်စာရင် ပါသင့်ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ပုံစံ စုစည်းပြီး ရွေးကောက်ပွဲဝင်မယ်။ အပြောင်းအလဲကို ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာတော်တော်များများကို  ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ အဓိကက မဟာမိတ်မူဝါဒပေ့ါ။ အဲဒါဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ထူးခြားဖြစ်စဉ်တစ်ရပ်ပါ။

နောက်တစ်ခုက တစ်လျှောက်လုံးမှာ ပြည်သူတွေကြားထဲ ကျွန်တော်တို့က နေတဲ့အခါကျတော့ ပြည်သူတွေ ဘယ်လို ခံစားသလဲဆိုတာကို တော်တော်သိတယ်၊ ပိုပြီးတော့ ခံစားနိုင်တယ်လို့ မြင်တယ်။ ပြည်သူတော်တော်များများဟာ အာဏာရှင်စနစ်ကို မကြိုက်ဘူး။ သူတို့ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ လမ်းပေါ်ထွက်ဆိုလည်း လမ်းလုံးပြည့်၊ နိုင်ငံလုံးပြည့် ထွက်ခဲ့တယ်။ မဲထည့်ဆိုတော့လည်း မဲပုံးလျှံအောင် ထည့်ခဲ့တယ်။ ဒါကြောင့်လည်း ၂၀၁၅ မှာ ပြောင်းလဲချိန်တန်ပြီဆိုပြီး တခဲနက် မဲပေးလိုက်ကြတယ်။ နှစ်နှစ်လောက်ကြာတဲ့ အခါမှာ သူတို့ ကိုယ်တိုင် စဉ်စားစရာတွေ ဖြစ်လာတယ်။ ပြောချင်တာက ကျွန်တော်တို့ နိုင်ငံရေးလောက၊ နိုင်ငံရေးသမားတွေ ငြင်းခုံပြောဆိုနေတဲ့ စကားလုံးတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လောက် သက်ရောက်မှုရှိသလဲဆိုတာကို ပြန်ပြီး ဆန်းစစ်စရာ ဖြစ်လာတယ်။ ဥပမာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ဖက်ဒရယ်တို့၊ ရွေးကောက်ပွဲတို့ ပြောနေတဲ့ တစ်ချိန်တည်းမှာ ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝတွေမှာ ဒါတွေ ဘယ်လောက်သက်ရောက်မှုရှိသလဲ ဆိုတာက လူထုရဲ့ လက်တွေ့နိုင်ငံရေး ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဒို့သာ လုပ်ခွင့်ရမယ်ဆိုရင် ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေမှာ သက်ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးတွေ စဉ်းစားဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ် ဒါတွေကတော့ မူဝါဒအရ၊ သီအိုရီအရ မဖြစ်မနေ ကိုင်တွယ် ဖြေရှင်းရမယ့် တစ်ချိန်တည်းမှာ လူထုရဲ့ နေ့စဉ်ဘဝအပေါ်မှာ အကျိုးသက်ရောက်မှုရှိအောင် ကျွန်တော်တို့ အားစိုက်သင့်တယ်လို့ မြင်တယ်။ 

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်က အဓိကကျနေတဲ့အချိန်မှာ ပါတီထောင်တော့ ဘာတွေများ အဓိက အခက်အခဲမယ်လို့ မျှော်လင့်ထားလဲ။

နိုင်ငံရေးဆိုတာကတော့ လူတွေအများကြီးနဲ့ ဆောင်ရွက်ရတာဖြစ်တော့ သဘောထား မတူညီမှုတွေကြားထဲမှာ တူညီမှုကို ရှာရတာဖြစ်တဲ့အတွက် ဆွေးနွေးရတယ်။ ညှိနှိုင်းရတယ်ဆိုတာက ဒီမိုကရေစီမှာ ဖြစ်ရိုးဖြစ်စဉ် သဘာဝပါ။ လွယ်လွယ်ကူကူတော့ မဟုတ်ဖူးပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေကြားမှာ ဖြတ်သန်းရဖို့တော့ မျှော်လင့်ထားပါတယ်။ အထွေထွေပြောရရင်တော့ ဘဏ္ဍာရေးကအစ၊ ပါတီတွင်း စုစည်းတည်ဆောက်ရေး၊ အခြားပါတီများနဲ့ ဆက်ဆံရေး၊ ဒါတွေအားလုံးကို စနစ်တကျ ဆောင်ရွက်ရပါလိမ့်မယ်။ တစ်ဖက်ကလည်း ကျွန်တော်တို့ မျှော်မှန်းသလို မူဝါဒအခြေခံတဲ့ပါတီ ဖြစ်ဖို့ ကြိုးစားတဲ့အခါ ပြည်သူတွေရဲ့ အသံတွေကို အရှိ အရှိအတိုင်းရအောင် ကြိုးပမ်းရမှာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖြတ်သန်းရမယ့်ခရီးမှာ အတတ်နိုင်ဆုံး ကျော်ဖြတ် ကြိုးစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်ရထားတာတောင် အပြောင်းအလဲတွေ လုပ်ဖို့ လက်တွေ့မှာ ခက်နေတယ်ဆိုတော့ အခု အင်အားကောင်းလာနိုင်တဲ့ ပါတီအသစ် ပေါ်လာပြီဆိုရင် မဲတွေ ကွဲကြမယ်။ ဒါဆိုရင် ညှိနှိုင်းရခက်မှုတွေ၊ အငြင်းပွားမှုတွေ ပိုတိုးလာမယ်။ ပြုပြင်ပြောင်းလဲရေး ပိုကြပ်သွားမယ်ပေ့ါ။ အဲဒီလိုယူဆနေတာတွေလဲ ရှိပါတယ်။ ဦးကိုကိုကြီးရဲ့ အမြင်က ဘယ်လိုရှိသလဲ။

ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်း ပထမဆုံးရွေးကောက်ပွဲဖြစ်တဲ့ ၁၉၉၀ မှာကတည်းက မဲမကွဲရေး၊ မဟာမိတ် အင်အားစုတွေအကြား အချင်းချင်းညှိနှိုင်းပြီး ရွေးကောက်ပွဲဝင်ရေး အယူအဆကို ကျွန်တော်တို့က အခိုင်အမာ ယုံကြည်ခဲ့တယ်။ အခုလည်း ဒီအတိုင်းယုံကြည်တယ်။ မဲမကွဲရေးဆိုတာဟာ ကျန်တဲ့သူတွေ ပါတီမထောင်နဲ့၊ ကျန်တဲ့သူတွေ ရွေးကောက်ပွဲမဝင်နဲ့လို့ဆိုရင် မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ အဲဒီတော့ အချင်းချင်းကြားထဲမှာ ညှိနှိုင်းဆောင်ရွက်ပြီး မဲမကွဲအောင် ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ ဒါကြောင့် မဟာမိတ်မူဝါဒကို ကျွန်တော်တို့  အခိုင်အမာ ပြောနေခြင်းပါ။ တစ်ဦးချင်းတစ်ဦးချင်း၊ အဖွဲ့အစည်းတွေ၊ ပါတီတွေ အားကောင်းလာဖို့လိုသလို ဒီမိုကရေစီကို ယုံကြည်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် တည်ထောင်ရေးကို ခိုင်ခိုင်မာမာ ယုံကြည်သူတွေအကြား မဟာမိတ် ဆောင်ရွက်နိုင်မယ်ဆိုရင် မဲကွဲစရာ မရှိဘူးလို့ မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်း/ပွင့်က ခေါင်းဆောင်တွေရဲ့ ထောက်ခံအားပေးမှုကို ရမယ်လို့ မျှော်လင့်ထားလား။

ပါတီမထောင်ခင်မှာကတည်းက ငြိမ်းပွင့်ခေါင်းဆောင်တွေကြားထဲမှာ လူသိရှင်ကြား ပြောဆိုပြီးလည်းဖြစ်ပါ တယ်။ ယုံကြည်ချက်၊ ဦးတည်ချက်တူတယ်၊ လုပ်ပုံလုပ်နည်း ကွဲပြားတာသာ ဖြစ်တယ်။ အဲဒီတော့ ပါတီထောင်ဖို့ အားသန်သူတွေက ပါတီထောင်လိမ့်မယ်။ ကျန်ခဲ့တဲ့ပုဂ္ဂိုလ်တွေက အရပ်ဖက်အဖွဲ့အစည်းပုံစံနဲ့ ရပ်တည်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်လမ်းတည်းကို လုပ်ပုံကိုင်ပုံ ခွဲခြားဆောင်ရွက်ကြတာ ဖြစ်တယ် ဆိုတဲ့အကြောင်း မင်းကိုနိုင် ကိုယ်တိုင်လည်း ပြောထားပြီးသားပါ။ ကျွန်တော်တို့ ပါတီထောင်တဲ့အပေါ်မှာ အားလုံး နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး၊ NLDနဲ့ ဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိပါသလဲ။

အဓိကကတော့ မဟာမိတ်မူဝါဒကို အားလုံးကို နက်နက်ရှိုင်းရှိုင်း နားလည် ကျင့်သုံးကြမယ်ဆိုရင် နားလည်မှု ပြဿနာတွေက ပြေလည်သွားလိမ့်မယ် မြင်ပါတယ်။ ကျွန်တော်တို့ကတော့ ထပ်ခါတလဲလဲ ပြောပါတယ်။ တစ်ကယ်လည်း နှစ်နှစ်ကာကာ ယုံကြည်ပါတယ်။ ဘာလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အကြား ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ်နဲ့ မျက်နှာချင်းဆိုင်က လူနဲ့ပဲ လုပ်ရမှာ မဟုတ်ဘူး။ ကိုယ့်မဟာမိတ်တွေ၊ ကိုယ့်လက်တွဲဖော် အချင်းချင်းအကြား နဂိုရှိပြီးသား နားလည်မှု၊ ရင်းနှီးမှုကို ခိုင်မာအောင်လုပ်ခြင်းဟာ တစ်ဖက်အဖွဲ့အစည်းနဲ့ ဆက်ဆံတာထက်ပိုပြီး အရေးကြီးတယ်လို့ မြင်တယ်။ ဒါကြောင့် ကိုယ့်အင်အားစု အချင်းချင်းအကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခိုင်အမာ တည်ဆောက်ရေးဟာ တစ်ကယ့် အခြေခံဖြစ်တယ်။ မိမိနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ဒီမိုကရေစီအင်အားစုတွေအကြား မဟာမိတ်တည်ဆောက်ရေးဟာ အရေးအကြီးဆုံးလို့ မြင်ပါတယ်။

လူကိုအခြေမခံဘဲ မူကို အခြေခံတဲ့ ပါတီတစ်ခုဖြစ်အောင် တည်ဆောက်မယ်လို့ ပြောထားတယ်။ ဘယ်လို နည်းလမ်းနဲ့ လုပ်မလဲ။ ကျွန်တော်တို့လို institutions တွေ အားမကောင်းသေးတဲ့ တိုင်းပြည်မှာ ဒါမျိုးဖြစ် လာအောင် ဘယ်လိုလုပ်မလဲ။

ပထမဆုံးစတာကတော့ စိတ်တူကိုယ်တူ ရဲဘော်တွေပေ့ါ။ ဒါကို အရင်ဆုံး စုစည်းတာပေ့ါ။ ပြီးတော့မှ ဒီရဲဘော် ရဲဘက်တွေကြားထဲမှာ တစ်ခုခုလုပ်မယ်ဆိုရင် ဒီပါတီက ချမှတ်ထားတဲ့ မူဝါဒတွေအပေါ်မှာ အကျေအလည် ဆွေးနွေးကြမယ်၊ ညှိနှိုင်းကြမယ်၊ ဆုံးဖြတ်ကြမယ်။ ပြီးရင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ ဒီပုံစံကို လုပ်ရင်းနဲ့ လေ့ကျင့်ယူရတာပေ့ါ။ မူဝါဒမှာအခြေခံတဲ့ ပါတီဖြစ်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ မြင့်မားတဲ့ မျှော်မှန်းချက်။ အဲဒီကို ရောက်ဖို့အတွက်ကတော့ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း ကြိုးစားရမယ်လို့ မြင်ပါတယ်။ နိုင်ငံရေးဆိုတာ အင်မတန် စိတ်ရှည်ရတဲ့ကိစ္စဖြစ်တော့ ဝေဖန်တာတွေရှိမယ်၊ ပြောကြဆိုကြတာတွေ ရှိမယ်။ အဲဒါကိုယ်၌က ဒီမိုကရေစီရဲ့ သဘာဝဖြစ်တော့ ဒါတွေကို ကျော်လွှားဖို့ ကြိုးစားရတာကိုက institutions တွေပေါ်လာအောင်လုပ်ခြင်းအတွက် အရေးပါတဲ့အချက်တွေလို့ မြင်ပါတယ်။

ဦးကိုကိုကြီးနှင့်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှေ့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

ဦးကိုကိုကြီးနှင့်အဖွဲ့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရှေ့တွင် ဒီဇင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ဉာဏ်လှိုင်လင်း

မူကိုအခြေခံမယ်ဆိုတော့ ပါတီရဲ့ ဦးဆောင်မှုပုံသဏ္ဍာန်က ဘယ်လိုဖြစ်မလဲ။ နာယက၊ ဥက္ကဋ္ဌ အဲသလို ပုံမှန် အတိုင်းပဲသွားမလား။ အခြားဒီဇိုင်း စဉ်းစားထားတာရှိလား။ 

အခုကတော့ ပါတီတရားဝင်ဖြစ်တဲ့အထိ ဖြစ်မြောက်ရေးကော်မတီအတိုင်းပဲ ဆက်ဆောင်ရွက်မယ်။ ဦးဆောင်ကော်မတီ ရှိတယ်။ သတင်းနဲ့ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေး၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးစတဲ့ ကော်မတီတွေ ရှိတယ်။ ရုံးအဖွဲ့ကတော့ သပ်သပ်ပေ့ါ။ အဲဒီပုံစံနဲ့ ပါတီတရားဝင် မှတ်ပုံတင်ကျတဲ့အထိ ဆောင်ရွက်သွားမှာပါ။ တရားဝင်ဖြစ်ပြီဆိုရင်တော့ ဗဟိုအလုပ်အမှုဆောင်ပုံစံမျိုး ဖွဲ့စည်းတဲ့အခါ အခုဖြစ်မြောက်ရေး ဆောင်ရွက်နေကြတဲ့ ရဲဘော်တွေကြားထဲမှာ အကျေအလည်ညှိနှိုင်းပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ရေရှည်မှာတော့ ပါတီညီလာခံကျင်းပနိုင်တဲ့အခါ အဆင့်ဆင့်ရွေးကောက်တင်မြှောက်တဲ့ပုံစံကို တစ်ကြိမ်ထက်တစ်ကြိမ် ရင့်ကျက်လာအောင် ကြိုးစားသွားမှာပါ။

ပထမခြေလှမ်းမှာဘဲ ပါတီနာမည်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဖက်ကလည်း ဒီနာမည်ဟာ အငြင်းပွားမှုတွေရှိလို့ဆိုပြီး ပြောလာခဲ့မယ်ဆိုရင် ဒုတိယနည်းလမ်း စဉ်းစားထားတာများ ရှိလား။

ကော်မရှင်ကတော့ ပါတီအချင်းချင်းကြားထဲမှာ အမည်ဆင်တူရိုးမှား၊ အမှတ်တံဆိပ်ဆင်တူရိုးမှားတွေ မဖြစ်အောင် ကန့်ကွက်ခွင့် ပေးထားတာရှိတယ်။ ဒါသဘာဝ ကျပါတယ်။ ရှိပြီးသားပါတီတွေကို ကျွန်တော်တို့ ကြည့်ပြီး အမည်နဲ့ အမှတ်တံဆိပ် ဆင်တူရိုးမှားမဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားထားတာပါ။ ပါတီတစ်ခုရဲ့ အမည်၊ အမှတ်တံဆိပ်၊ လိုဂိုဆိုတာ ပါတီဝင်အများစုရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်။ ပါတီဝင်အများစု ကို ကြည့်ပြန်တော့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရဲဘော်တွေ များတယ်။ ရန်ကုန်တင်မဟုတ်ဘူး နယ်အသီးသီးမှာ စုစည်းပြီးတဲ့အချိန်မှာ ဒို့တန်ဖိုးထားတဲ့၊ အလေးထားတဲ့ ဒီအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ကြွေးကြော်သံတွေကို ဆက်ပြီးတော့ သယ်ဆောင်မယ်၊ အကောင်အထည်ဖော်မယ်။ ဒါကြောင့်မို့ ပါတီကိုလည်း ဒီနာမည်ကိုပဲ ပါတီရဲ့ အမည်အဖြစ် သတ်မှတ်မယ်ဆိုပြီး အားလုံးက ဝိုင်းဝန်းဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပါတီရဲ့မူဝါဒတွေက ဘာတွေလဲ။

အဓိကအကျဆုံး မူဝါဒတွေကို ပြောရရင်၊ နိုင်ငံသားတိုင်းဟာ လူမျိုးမရွေး။ ဘာသာမရွေး၊ ကျားမ မရွေး၊ အဆင့်အတန်းမရွေး တန်းတူအခွင့်အရေးရဖို့၊ ခွဲခြားဆက်ဆံမှုမရှိဖို့၊ တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရဲ့ သက်ဆိုးရှည် နာတာရှည် ပြည်တွင်းစစ်ကို ဖြေရှင်းဖို့၊ စီးပွားရေးမှာ လွတ်လပ်မျှတတဲ့ ဈေးကွက်စီးပွားရေးစနစ်ပေါ်ပေါက်ဖို့၊ ကျန်တာတွေကတော့ အလုပ်သမား၊ လယ်သမား၊ လူငယ်၊ နိုင်ငံတကာဆက်ဆံရေးနဲ့  ပတ်သက်တဲ့ မူဝါဒတွေလည်း ရှိပါတယ်။ အလေးအနက်ပြုပြောချင်တာက ပြည်တွင်းပြည်ပမှာရှိတဲ့ ယခင်မြန်မာနိုင်ငံသားများ အရေးပါ။ သူတို့ဟာ လူသားအရင်းအမြစ်တွေဖြစ်တယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ လူသားအရင်းအမြစ်တွေကို နိုင်ငံပြုပြင် ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်အောင် အတတ်နိုင်ဆုံး နည်းလမ်းရှာသွားမယ်။ ဖိတ်ခေါ်မယ်ဆိုတာကိုလည်း ပါတီရဲ့ ရည်မှန်းချက်အဖြစ် ချထားပါတယ်။

ပါတီရဲ့ဘဏ္ဍာငွေ ရပေါက်ရလမ်းကို ဘယ်လို စဉ်းစားထားပါသလဲ၊ ဘယ်အပေါ်မှာ အခြေခံမှာပါလဲ။

ထူးထူးခြားခြားတော့ မရှိပါဘူး။ ပါတီက သတ်မှတ်တဲ့ကြေး၊ လစဉ်ကြေးတွေ စုဆောင်းတာ ရှိတယ်။ အလှူရှင်တွေ လှူတာရှိမယ်။ အထိမ်းအမှတ်ပစ္စည်းတွေ၊ စာအုပ်စာပေ ရောင်းတာတွေရှိမယ်။ ဒါကတော့ သမားရိုးကျ ရှာဖွေမယ့်ပုံစံပါ။ အခုကတော့ ပါတီကို မဖြစ်သေးတော့ စတင်တည်ထောင်မယ့် ရဲဘော်တွေ ကြားထဲမှာပဲ တတ်နိုင်သလောက် စုစည်းကြတယ်။ ကိုယ်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ရင်းနှီးတဲ့သူတွေက ကူညီတယ်။ အခုလုပ်နေတဲ့ အခြေအနေအထိမှာတော့ ငွေကြေးပမာဏက ဘယ်လောက်မှ မရှိသေးပါဘူး။ ရေရှည်မှာ လှူဒါန်းငွေတွေ၊ ပါတီရဲ့ ဝင်ငွေထွက်ငွေ အသုံးစရိတ်တွေကို စနစ်တကျ ပြုစုသွားပါ့မယ်။ ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုတွေကို ကျွန်တော်တို့ အများကြီးလိုအပ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်ချင်း ပါဖို့လိုသလို နိုင်ငံရေးအပြောင်းအလဲကို မှန်မှန်ကန်ကန် ဖြစ်ပေါ်စေချင်တဲ့ စေတနာရှင်၊ အလှူရှင်တွေလည်း ရှိပါတယ်။ အဓိကကတော့ နိုင်ငံရေးပါတီတစ်ရပ်ကို လှူတယ်ဆိုတာဟာ လာဘ်ထိုးတာမျိုး မဖြစ်ဖို့လိုတယ်။ စိတ်ရင်းစေတနာသန့်သန့်နဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်မျှတတဲ့ ဈေးကွက်စီးပွားရေး စနစ်တကျ ပုံပေါ်လာစေချင်တဲ့ ကျွန်တော်တို့ရဲ့  မိတ်ဆွေတွေရဲ့ ပံ့ပိုးကူညီမှုတွေကို စုဆောင်းပြီးတော့ ဆောင်ရွက်မှာပါ။

ငြိမ်း/ပွင့်နဲ့ ပါတီနဲ့ ကွဲကွဲပြားပြားရှိသလား။ 

ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောချင်တာက ငြိမ်းပွင့်ကို ပါတီထောင်တာ မဟုတ်ဘူး။ ငြိမ်းပွင့်မှာမပါတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ကျောင်းသား တပ်မတော်၊ အရင်ကျောင်းသားပါတီ၊ မျိုးဆက်အဆက်ဆက် နိုင်ငံရေး လှုပ်ရှားခဲ့ဖူးသူတွေလည်း ပါတီမှာ ပါတယ်။ အဲဒီလိုမျိုး စုစည်းပြီး ကြိုးစားတာဖြစ်တော့ ငြိမ်း/ပွင့်နဲ့ ပါတီနဲ့ ဘာမှ မဆိုင်ဘူး။ ငြိမ်းပွင့်က သပ်သပ်၊ ပါတီက ငြိမ်းပွင့်ကို ပြောင်းလိုက်တာမဟုတ်ဘူး။

ငြိမ်း/ပွင့်မှာ ဆက်ပြီး ပါဝင်ဖို့ရောရှိသလား။

တရားဝင်ပါတီတစ်ရပ်ဖြစ်လာပြီဆိုရင်တော့ တစ်ခြား အရပ်ဖက်အဖွဲ့အစည်းမှာရော၊ ပါတီ နှစ်ဖက်စလုံးမှာပါ ဦးဆောင်သူလုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ပါတီဖြစ်လာပြီဆိုရင် ပါတီလုပ်ငန်းမှာဘဲ ဇောက်ချပြီးတော့ လုပ်သွားမှာပါ။

ဘယ်ကာလလောက်မှာ ပါတီတစ်ရပ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဖြစ်လာနိုင်လဲ။

သြင်္ကန်ပတ်ဝန်းကျင်လောက်မှာ ကော်မရှင်ကနေ အကြောင်းပြန်ကြားချက် တစ်ခုခုရမယ်လို့ ယုံကြည်ပါတယ်။ တရားဝင် ဖွဲ့စည်းခွင့်ရပြီဆိုတာနဲ့ စည်းရုံးရေးလုပ်ငန်းတွေကို ၂၀၁၈ နှစ်လယ် လောက်ကစပြီး တောက်လျှောက် ဆောင်ရွက်မယ်။ ဒီကြားထဲမှာလည်း စည်းရုံးရေး လုပ်ငန်းတွေ လုပ်နေပါမယ်။ ပြီးတဲ့အခါ ၂၀၁၉ ထဲရောက်ရင် အဲဒီအချိန်မှာရှိနေတဲ့ ပါတီစည်းရုံးရေးအခြေအနေ၊ တစ်ခြား မိတ်ဖက်ပါတီ၊ အဖွဲ့အစည်းတွေနဲ့ဆက်ဆံရေး အခြေအနေတွေ ရုပ်လုံးပေါ်လာပြီး ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဟာ အဲဒီအချိန်ကျရင် ရုပ်လုံးပေါ်လာမှာပါ။

ပါတီအဖြစ် တရားဝင်ရပ်တည်နိုင်ပြီဆိုရင် ပထမဆုံးလုပ်မယ်လို့ မျှော်မှန်းထားတာက စည်းရုံးရေးပဲလား၊ တစ်ခြား ဘာတွေရှိသေးလဲ။

မြို့နယ်ရုံးခွဲတွေ ဖွင့်နိုင်ပြီဆိုရင် ဒေသခံတွေရဲ့ နစ်နာမှုတွေကို တိုင်တန်းလာတာတွေ ရှိလာလိမ့်မယ်။ အလုပ်သမား၊ လယ်ယာမြေ၊ အစရှိသဖြင့် ပေါ်လာရင် ဥပဒေကြောင်းအရ ဘယ်လိုဖြေရှင်းသင့်တယ်၊ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာကို လုပ်ပေးပါ့မယ်။ ဒါဟာ ရွေးကောက်ပွဲ ပြိုင်ချင်း၊ မပြိုင်ချင်းနဲ့ မဆိုင်ဘူး။ နောက် တစ်ခြားပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ သုတေသန၊ လေ့ကျင့်ရေးစတဲ့ think tank အဖွဲ့အစည်းတွေနဲ့ အကြောင်းကိစ္စအလိုက် တိုင်ပင်ဆွေးနွေးတာတွေ လုပ်မယ်လို့ မျှော်လင့်ထားပါတယ်။

တိုင်းပြည်ရဲ့  နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စတာတွေရဲ့တိုင်းပြည်ရဲ့ လက်ရှိအခြေ အနေပေ့ါ။ ဒါတွေကို ကိုင်တွယ်ဖို့ ဦးကိုကိုကြီးရဲ့ စဉ်းစားထားချက်ပေ့ါ။ ဘာများရှိသလဲ။

လုံခြုံရေးကဏ္ဍနဲ့ ပတ်သက်တဲ့ ကိစ္စဟာ အရပ်ဖက် နိုင်ငံရေးခေါင်းဆောင်များချည်းပဲ ဆောင်ရွက်လို့ မရဘူး။ ဒါ ကျွန်တော်တို့အတွက် လောလောဆယ်အခြေအနေမှာ အကန့်အသတ်တစ်ခု ဖြစ်နေတယ်။ အဲဒီထဲမှာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာပါတယ်။ လုံခြုံရေးကိစ္စမဟုတ်တဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကိစ္စတွေက ကျွန်တော်တို့ချည်းပဲ အားစိုက်လုပ်နိုင်တယ်။ အဲဒါတွေကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် လုံခြုံရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို လျှော့ချနိုင်မယ်လို့ မြင်တယ်။ ဒါကြောင့် အရပ်ဖက်နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဆောင်ရွက်နိုင်တဲ့ အပိုင်းတွေကို ပိုပြီးတော့ အားစိုက်သင့်တယ်လို့ မြင်ပါတယ်။ ဒါကတော့ ရှစ်လေးလုံးပါတီရဲ့ နိုင်ငံရေးမျှော်မှန်းချက် ဖြစ်ပါတယ်။

ပြည်သူတွေကို ပေးချင်တဲ့ သတင်းစကား ဘာရှိပါသလဲ။

ကျွန်တော်တို့ဟာ ပြည်သူတွေကြားထဲက မွေးလာတာ၊ ပေါ်ထွက်လာတာ ဖြစ်တဲ့အတွက် ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဆောင်ရွက်သွားမယ်။ အတိတ်၊ ပစ္စပ္ပန်အနာဂတ် ကာလသုံးပါးနဲ့ တိုင်းတာပြီးတော့ ဝေဖန်ပါ။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ နှစ် ၃၀ ဖြတ်သန်းမှု၊ လက်ရှိဆောင်ရွက်နေတာတွေ၊ အနာဂတ် မျှော်မှန်းချက်တွေကို လေ့လာပြီး ကျွန်တော်တို့ကို ပြည်သူတွေကည်း ယုံယုံကြည်ကြည်နဲ့ ဝိုင်းဝန်းအားပေး ထောက်ခံကြဖို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။

ခေါင်းစီးဓာတ်ပုံ- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar