ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
သာမာန်လူတစ်ဦးကဲ့သို့သွားလာနိုင်လောက်သည်အထိ စွမ်းဆောင်နိုင်သော ခြေတုများကို မြန်မာနိုင်ငံရှိ မသန်စွမ်းများအား ဦးနုဒေါ်မြရီဖောင်ဒေးရှင်းက အခမဲ့တပ်ဆင်ပေးမည် ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးနု၏ မိသားစုဝင်များ တည်ထောင်ထားသည့် “ဦးနုဒေါ်မြရီဖောင်ဒေးရှင်း”က ရန်ကုန်ရှိ အိန္ဒိယသံရုံးနှင့် အိန္ဒိယနိုင်ငံ Bhagwan Mahaveer Viklang Sahayata တို့နှင့် ပူးပေါင်းပြီး အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာတဝှမ်းရှိ လူဦးရေ ၁ ဒသ ၅၅ သန်းကို ခြေတုတပ်ဆင်ပေးခဲ့သည့် အတွေ့အကြုံရှိသော Bhagwan Mahaveer Viklang Sahayata ၏ နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ခြေတုလိုအပ်နေသူ ၃၀၀ ကို ယခုလအတွင်း တပ်ဆင်ပေးမည်ဟု ဦးနုဒေါ်မြရီဖောင်ဒေးရှင်း၏ တွဲဘက်အထွေထွေအတွင်းရေးမှုး ဦးစိုးလွင်က ပြောသည်။
“အနည်းဆုံး ကုန်ကျစားရိတ်က ဒေါ်လာ ၁၃၀ (မြန်မာငွေ ၁၇၀,၀၀၀ ခန့်)ရှိတယ်။ ဒါပေမဲ့ ကုန်ကျစားရိတ်တခုမှ မယူဘဲ တပ်ပေးတယ်။ နယ်ကလာတဲ့လူတွေကို လမ်းစားရိတ်နဲ့ စားစရိတ်ပါ ထောက်ပံ့တယ်”ဟု ဦးစိုးလွင်က ပြောသည်။
အဆိုပါခြေတုအလုပ်ရုံကို တောင်ဒဂုံမြို့နယ်၊ (၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းတွင် တည်ရှိသော ပိဋကတ်သုံးပုံ နိကာယ်စာသင်တိုက်တွင် ဖွင့်လှစ်ထားသည်။
အိန္ဒိယနိုင်ငံ Bhagwan Mahaveer Viklang Sahayata မှ ခြေတုပညာရှင်များ၏ အဆိုအရ မည်သည့် အထောက်အကူမှမပါဘဲ အဆိုပါခြေတုများဖြင့် ပုံမှန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်းနှင့် သစ်ပင်တက်ခြင်းတို့ကိုပင် ပြုလုပ်နိုင်သည်ဟု ဆိုသည်။
ကာယ ဉာဏမသန်စွမ်းသူများအား ကူညီရန်အတွက် အစိုးရ မဟုတ်သော၊ အခကြေးငွေမယူသော၊ ဘာသာရေးနှင့် မဆက်နွယ်သော၊ ဂိုဏ်းဂဏ အစွဲမရှိသော၊ နိုင်ငံရေးနှင့် မပတ်သက်သော အဖွဲ့အစည်းတခုအဖြစ် ထိုအဖွဲ့အစည်းကို ၁၉၇၅ ခုနှစ်၊ မတ်လတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က နိုင်ငံပေါင်း ၂၆ နိုင်င်တွင် ခြေတုတပ်ဆင်ပေးခြင်းကို ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။
သတင်း-ထွန်းခိုင်