ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းတစ်နေရာတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အလံ စိုက်ထူထားသည်ကို ၂၀၂၄၊ ဩဂုတ်၁၀ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မရေရာမှုများနဲ့ လားရှိုးပြန်လည်တည်ဆောက်ရေး

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်)က ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို တိုက်ပွဲများမဖြစ်ခင် ကာလ၊ ပုံမှန်အနေအထားသို့ ပြန်ရောက်အောင် တဖြည်းဖြည်းလုပ်ဆောင်နေသည်။ သို့သော် ကိုးကန့်တပ် လားရှိုးမှ ပြန်ဆုတ်ရန် အစီအစဉ်ရှိ၊ မရှိအပေါ် မရေရာသည့် သတင်းများကြောင့် ဒေသခံများမှာ ဝေခွဲမရဖြစ်နေသည်။

ဖရွန်တီးယား

ရှမ်းပြည်မြောက်ပိုင်းရှိ အကြီးဆုံးမြို့ကို ကိုးကန့်တပ် (MNDAA)က သိမ်းပိုက်ခဲ့သည်မှာ ခုနှစ်လခန့် ရှိပြီဖြစ်သည်။ ဇူလိုင်တစ်လလုံးနီးပါး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် သြဂုတ် ပထမပတ်တွင် ကိုးကန့်တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး အာဏာသိမ်းစစ်တပ်ကို လားရှိုးမြို့မှ တိုက်ထုတ်နိုင်ခဲ့သည်။

တိုက်ပွဲကြောင့် လားရှိုးမြို့၏ အခြေခံအဆောက်အအုံများ သိသိသာသာ ထိခိုက်ပျက်စီးခဲ့သည်။ ထိုမျှမက မြေပြင်တိုက်ပွဲများအပြီး ငါးလခန့်ကြာသည်အထိ စစ်တပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲသဖြင့် မြို့တွင်းထိခိုက်ပျက်စီးမှုများ ပိုများလာခဲ့သည်။ တစ်ချိန်တည်းတွင် တရုတ်က ကိုးကန့်တပ် (MNDAA)၏ လားရှိုးမြို့သိမ်းပိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်လိုက်ရာ ဒေသတွင်းစီးပွားရေးမှာလည်း ထိခိုက်ခဲ့သည်။

MNDAA ခေါင်းဆောင်များသည် လားရှိုးမြို့၏ အရှေ့ဘက်၊ တရုတ်-မြန်မာနယ်စပ်ဒေသတွင် နေထိုင်သည့် တရုတ်စကားပြော ကိုးကန့်တိုင်းရင်းသားနွယ်ဖွားများဖြစ်သည်။ လူမျိုးပေါင်းစုံ နေထိုင်သည့် လားရှိုးကို သိမ်းပိုက်ခြင်းအား နယ်မြေချဲ့ထွင်သည့် လုပ်ရပ်အဖြစ် တရုတ်ကရှုမြင်ပြီး ထိုမှတစ်ဆင့် စစ်ကောင်စီ၏ ရှင်သန်ရပ်တည်ရေးနှင့် မြန်မာပြည်အတွ​င်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်လာနိုင်သည်ဟု ဘေဂျင်းက ယူဆသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့် နယ်စပ်ပိတ်ဆို့မှုများက လားရှိုးမြို့ကို ပြန်လည်တည်ဆောက်ပြီး အုပ်ချုပ်ရေးယန္တရားထူထောင်ရန် MNDAA ၏ ကြိုးပမ်းမှုများကို နှောင့်နှေးစေခဲ့သည်။ ထိုမျှမက ထိုအန္တရာယ်များကြောင့်ပင် တိုက်ပွဲများပြင်းထန်ခဲ့သည့် ဇူလိုင်လအတွင်း နေရပ်မှတိမ်းရှောင်သော ဒေသခံများသည် လားရှိုးသို့ ပြန်လာရန် အလောတကြီး ဆုံးဖြတ်ချက်မချရဲခဲ့ကြပေ။

နိုဝင်ဘာလဆန်းတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်ပြည်သို့ အလည်အပတ် သွားရောက်ပြီးချိန်မှသာ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်သွားသည်။ ထို့နောက် စစ်ကောင်စီနှင့် ကိုးကန့်တပ်တို့သည် ဇန်နဝါရီနှောင်းပိုင်းတွင် ယူနန်ပြည်နယ်၊ မြို့တော်ကူမင်း၌ တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသည်။ အပစ်အခတ်ရပ်စဲမှုကို ကြားဝင်စေ့စပ်ညှိနှိုင်းပြီးနောက် တရုတ်က စီးပွားရေးပိတ်ဆို့ထားမှုကိုလည်း ပြန်လည်ဖြေလျှော့ပေးခဲ့သည်။

ထိုအချိန်မှစ၍ လားရှို့မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်ပြန်ရလာပြီး မြို့သည်လည်း တဖြည်းဖြည်း ပြန်လည်အသက်ဝင်လာသည်။ ယမန်နှစ်က တိုက်ပွဲများကြောင့် မြို့တစ်ခုလုံး တိတ်ဆိတ် ခြောက်ကပ်သွားသည်။ သို့သော် စစ်ပွဲမဖြစ်ခင်က မြို့ခံလူဦးရေ ၁၇၀,၀၀၀ခန့် ရှိသည့်အနက် သုံးပုံနှစ်ပုံခန့်သာ နေရပ်ပြန်ခဲ့ကြောင်း ဒေသခံများက ခန့်မှန်းသည်။

“ဒေသခံတွေက တဖြည်းဖြည်းနဲ့တော့ပြန်လာကြပြီ။ မနက်စျေး၊ ညစျေးတွေလည်း ပုံမှန်အတိုင်း ပြန်ဖွင့်နေကြပြီ” ဟု အမှတ်(၅)ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

သို့တိုင် လားရှိုးမြို့၏ ကံကြမ္မာသည် ဇန်နဝါရီတွင် နှစ်ဘက်လက်မှတ်ထိုးသော ငြိမ်းချမ်းရေး သဘောတူညီချက်ရှိ အများပြည်သူသိခွင့်မရသော အပေးအယူများပေါ်တွင် မူတည်နေသည်။ ကိုးကန့်တပ် (MNDAA) က လားရှိုးမြို့မှ တဖြည်းဖြည်း ပြန်ဆုတ်ပေးရန် စစ်တပ်နှင့် သဘောတူညီခဲ့ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေသည်။ ကိုးကန့်တပ်သည် အသုတ်လိုက်ဖြင့် ဇွန်လကုန် နောက်ဆုံးထား၍ လားရှိုးမြို့မှ အပြီးတိုင်ဆုတ်ခွာပေးမည်ဟု အချို့သတင်းများကဆိုပြီး MNDAA တာဝန်ရှိသူတစ်ဦးကမူ ထိုသတင်းများသည် “မမှန်ကန်”ဟု ငြင်းဆိုထားသည်။

လားရှိုးမြို့ စစ်တပ်အုပ်ချုပ်ရေးအောက် ပြန်လည်ကျရောက်ခြင်းသည် ကိုးကန့်တပ် (MNDAA) အတွက်သာမက နိုင်ငံတစ်ဝန်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ သို့သော် ကိုးကန့်တပ်အုပ်ချုပ်မှုအောက်က ၎င်းတို့၏ဘဝနှင့် ပတ်သက်၍ ဖရွန်တီးယားက ဒေသခံအချို့အား မေးမြန်းခဲ့ရာ ၎င်းတို့တွင် အမြင်ပေါင်းစုံရှိနေသည်။ ကိုးကန့်တပ်ကသာ လားရှိုးမြို့ကို မစွန့်လွှတ်ဘဲ အတင်းအကျပ် ဖက်တွယ်ထားပါက တိုက်ပွဲများ ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်တပ်နှင့် ကိုးကန့် MNDAA တပ်တို့အကြား တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် လားရှိုးမြို့အတွင်းက အဆောက်အဦများကို ၂၀၂၄၊ ဩဂုတ်၁၀ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

အခြေခံအဆောက်အုံများကို ပြန်အသက်သွင်းခြင်း

ဩဂုတ်လကုန်တွင် မြို့ကို သိမ်းပြီးလျှင် သိမ်းပြီးချင်း MNDAA က လျှပ်စစ်မီး ပြန်လည်ရရှိရေး ဦးစွာ ဆောင်ရွက်ခဲ့သည်။ ယခင်က လားရှိုးအတွက် လျှပ်စစ်မီးကို နမ့်ခမ်းမြို့နယ်ရှိ ရွှေလီ (၁) တာတမံမှ ရယူခဲ့သော်လည်း တိုက်ပွဲများအတွင်း ထိုအခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် အခြားနေရာများမှ လျှပ်စစ်မီးရယူရန် ကိုးကန့်တပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။ သို့သော် လေကြောင်းတိုက်ခိုက်မှုများကြောင့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်တိုင်များ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ခက်ခဲခဲ့သည်။

နိုဝင်ဘာနှောင်းပိုင်း ဝေဟင်မှဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားသည့်အချိန်မှသာ မြို့၏ သုံးပုံနှစ်ပုံကို လျှပ်စစ်မီး ပြန်လည်သွယ်တန်းပေးနိုင်ခဲ့သည်ဟု ဒေသခံများက ဖရွန်တီးယားကို ပြောသည်။ သို့သော် ထိုရပ်ကွက်များတွင်ပင် ပုံမှန်မရဘဲ တစ်ရက်လာ၊ နှစ်ရက်ပျက် စနစ်ဖြင့် လျှပ်စစ်မီးပေးထားကြောင်း ၎င်းတို့က ဆိုသည်။

“မီးမလာတဲ့ရက်တွေတော့ မီးသွေးနဲ့ပဲ ထမင်းဟင်းချက်ရတာပေါ့။ မီးပုံမှန်ပြန်ရဖို့ကတော့ လုပ်နေကြတုန်းပဲရှိသေးတယ်။ မီတာခတွေ သက်သာပါစေလို့ မျှော်လင့်ရတာပဲ” ဟု အမှတ် (၁) ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက MNDAA က မီတာခများ ကောက်ခံမှုမရှိသေးသည်ကို ဆိုလိုခြင်းဖြစ်သည်။ သို့သော် ဖေဖော်ဝါရီ၁၇ရက်တွင် မီတာခနှုန်းထားများနှင့်ပတ်သက်၍ ကိုးကန့်တပ်က ဒေသခံများကို ခေါ်ယူဆွေးနွေးခဲ့သည်။ အိမ်သုံးအတွက် လျှပ်စစ်တစ်ယူနစ်လျှင် ငွေ၁၀၀ကျပ်သာ ကောက်ခံရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် တစ်ယူနစ် ၂၀၀ ကျပ်ကောက်ခံရန် ဒေသခံများက လားရှိုးမြို့ရှိ ကိုးကန့်အရာရှိများကို တိုက်တွန်းခဲ့သည်။ ၎င်းတို့ကမူ ဗဟိုကော်မတီဝင် ခေါင်းဆောင်များနှင့် ဆွေးနွေးပြီးမှ မီတာခနှုန်းထားများကို မကြာမီပြန်လည်ကြေညာပေးမည်ဟု ဆိုသည်။

လုံခြုံရေးအခြေအနေအရ မည်သည့်နေရာမှ လျှပ်စစ်မီးရနေသည်ကို ကိုးကန့်တပ်ဖွဲ့က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမပြုကြောင်း လားရှိုးမြို့ပြန်လည်တည်ဆောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မနော်ဖောက ဆိုသည်​။ “အရင်က မီးပြန်ရတော့မယ်ဆိုတာနဲ့ စစ်တပ်ကသတင်းရပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာကြောင့် တချို့ အဓိကဓာတ်အားလိုင်းတွေ ပျက်စီးသွားတယ်” ဟု သူက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုများ မရှိတော့သည့်တိုင် နောက်ပိုင်းတွင် စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာနိုင်သဖြင့် ကိုးကန့်တပ်ဖွဲ့က လျှပ်စစ်မီးရရှိသည့် အရင်းအမြစ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။

လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ဆောင်မှုများ အပြည့်အဝပြန်လည်ရရှိအောင်လည်း ကိုးကန့်တပ်ဖွဲ့က ကြိုးပမ်းနေဆဲဖြစ်သည်။ ပြည်သူ့ဆေးရုံကြီးကို လက်ရှိတွင် MNDAA၏ ကျန်းမာရေးဌာနက ဝန်ထမ်းများဖြင့် လည်ပတ်နေပြီး ဝန်ထမ်းဦးရေ ၅၀၀ခန့်ရှိသည်။ ထိုဝန်ထမ်း အများစုသည် ၂၀၂၁ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် အကြမ်းမဖက်ဖီဆန်သည့် (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသော အစိုးရကျန်းမာရေးဝန်ထမ်းဟောင်းများဖြစ်ကြသည်။

“ဆေးရုံကကောင်းကောင်းလည်ပတ်နေပါတယ်” ဟု ဗမာတိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုကျော်မျိုး (အမည်လွှဲ)ကဆိုသည်။ 

“ကုသမှု တော်တော်များများကတော့ အခမဲ့မရဘူး။ ဒါပေမဲ့ ဘယ်လိုမှ မတတ်နိုင်တဲ့လူနာတွေ ဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထောက်ခံစာပါရင် အခမဲ့ကုပေးတယ်”

လက်ရှိ ပြည်သူ့ဆေးရုံကြီးတွင် အသေးစားကုသမှုများသာမက အကြီးစားခွဲစိတ်မှုများနှင့် ကင်ဆာရောဂါအတွက် ကုသမှုများကိုပါ ပေးအပ်နေကြောင်း မနော်ဖောက ဆိုသည်။ 

“လူနာတွေအတွက်လည်း ဆေးဝါး အလုံအလောက်ရှိပါတယ်” ဟု သူက ပြောသည်။

သို့သော် အသက်၄၀အရွယ် ရင်သားကင်ဆာ အဆင့်(၃) ဝေဒနာရှင် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံအချို့ကမူ မနော်ဖော၏ ပြောဆိုချက်သည် မမှန်ကန်ကြောင်း ဆိုသည်။ လားရှိုးဆေးရုံက ကင်ဆာလူနာများကို မကုသပေးနိုင်သဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ သွားရောက်၍ ကုသမှုခံယူမည်ဟု ထိုအမျိုးသမီးက ဖရွန်တီးယားကို ပြောသည်။

“ကျမပဲမဟုတ်ဘူး။ ရောဂါကြီးကြီးမားမားရှိတဲ့ လူနာတွေက မန္တလေးလို မြို့ကိုသွားပြီး ဆေးသွားကုရတယ်။ ကျမရဲ့ ကင်ဆာက ဓာတ်ကင်တာအပါအဝင် ရေရှည်ကုဖို့လိုတော့ လားရှိုးမှာပဲ ကုနိုင်ရင် ပိုကောင်းတာပေါ့။ လက်ရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ကျ သွားလိုက်၊ လာလိုက်လုပ်နေဖို့ မလွယ်ဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ဒေသခံပရဟိတအဖွဲ့ဖြစ်သည့် “ပေးသောလက်” အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ထိုအမျိုးသမီး၏ ပြောဆိုချက် မှန်ကန်ကြောင်း ထောက်ခံသည်။ စစ်တပ်လက်အောက်တွင် ရှိစဉ်က လားရှိုးပြည်သူ့ဆေးရုံကြီးသည် ကင်ဆာရောဂါသည်များကို ကုသပေးနိုင်ခဲ့သော်လည်း MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်းတွင် ထိုကုသမှုမမျိုး မရနိုင်တော့ကြောင်း လားရှိုးမြို့ခံ ဗမာတစ်ဦးဖြစ်သည့် ထိုပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။

ပညာရေးနှင့်အလုပ်အကိုင်

ပညာရေးကဏ္ဍတွင်လည်း နှောင့်နှေးမှုများရှိနေခဲ့သည်။ လားရှိုးမြို့ရှိ စာသင်ကျောင်းများကို ပိတ်ထားရဆဲဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA)၏ ပညာရေးဌာနက ဇွန်တွင် စတင်မည့် လာမည့်ပညာသင်နှစ်အတွက် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း မနော်ဖောက ဆိုသည်။ 

တစ်ချိန်တည်းတွင် ကိုးကန့်တပ် (MNDAA)၏ ကြားကာလပညာရေးကော်မတီ၏ အစီအစဉ်ဖြင့် ဘုန်းကြီးကျောင်းများနှင့် လူနေရပ်ကွက်များအတွင်း အဆင်ပြေသည့်နေရာများတွင် CDM ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုဖြင့် ကလေးသူငယ်များကို စာသင်ပေးနေသည်။

“လားရှိုးကြားကာလပညာရေးစနစ်မှာ ပါဝင်ပေးနေတဲ့ ဆရာ၊ ဆရာမအရေအတွက်ကို ပြောပြလို့တော့ မရဘူး။ မိဘတွေက ပေးတဲ့ အလှူငွေတွေနဲ့ သူတို့ကို လစာပေးထားတယ်။ မတတ်နိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ ပေးဖို့မလိုဘူး” ဟု မနော်ဖောက ပြောသည်။

လက်ရှိတွင် ဆရာ၊ ဆရာမများက စစ်ကောင်စီလက်အောက်ခံ ကျောင်းများ အသုံးပြုသည့် အမျိုးသား သင်ရိုးညွှန်းတမ်းများကို သင်ကြားလျက်ရှိသည် ဟု ၎င်းကဆိုသည်။ သို့သော် ကိုးကန့်တပ်ဖွဲ့ အကောင်အထည်ဖော်မည့် ပညာရေးစီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ်ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ဒေသခံတစ်ဦးကမူ ၎င်း၏ ပထမတန်းအရွယ် သမီးငယ်သည် လပေါင်းများစွာ ကျောင်းနားခဲ့ရပြီးနောက် ယခုအခါ ရပ်ကွက်ရှိ စာသင်ဝိုင်းတစ်ခုတွင် တက်ရောက်နေသည့်အတွက် ပညာဆက်လက်သင်ကြားခွင့်ရခဲ့ကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့နှစ် တိုက်ပွဲတွေမတိုင်ခင်က သမီးက အစိုးရကျောင်းမှာတက်နေတာ။ MNDAA လက်ထက် သင်ရိုးကလည်း အရင်ကအတိုင်းပဲ။ အခုလက်ရှိ ကျောင်းတက်နေတဲ့ ကလေးတွေ ဧပြီလကျရင် စာမေးပွဲဖြေရမယ်လို့ (ပညာရေး) ကော်မတီက ပြောတယ်။ သမီးကအောင်ရင်တော့ ဒုတိယတန်း တက်ရမယ်” ဟု ၎င်းက ပြောသည်။

သမီးဖြစ်သူတက်ရောက်နေသည့် လက်ရှိအတန်းများအတွက် တစ်လလျှင် ငွေကျပ်၂၅,၀၀၀ ပေးရပြီး ထိုငွေများဖြင့် ပညာရေးကော်မတီက ဆရာ၊ ဆရာမများကို လစာပေးသည်ဟု ၎င်းကဆိုသည်။ စာသင်ကျောင်းများကို တရားဝင် ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ထိုကော်မတီက လက်ရှိ သင်ရိုးညွှန်းတမ်းများကို ဆက်သုံး၊ မသုံး သူမသိရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။ 

လားရှိုးမြို့ အသက်ပြန်ဝင်လာသည့်တိုင်အောင် ဒေသခံများသည် အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ခံစားနေရသည်။ ယခင်က ဆောက်လုပ်ရေးလုပ်သားတစ်ဦးအဖြစ် အသက်မွေးခဲ့သည့် ဒေသခံတစ်ဦးကမူ လက်ရှိတွင် ၎င်းသည် လျှပ်စစ်မီးမရသည့် ရပ်ကွက်များတွင် အခကြေးငွေယူ၍ ရေတင်ပေးနေသည်ဟု ဆိုသည်။ တစ်နေ့လျှင် ကျပ်၃၀,၀၀၀ ဝင်ငွေရှိသော်လည်း ထိုအလုပ်သည် ပုံမှန်မရှိပေ။

“ခေါ်တဲ့အခါမှ လုပ်ရတာဆိုတော့ ပုံမှန်တော့ ဝင်ငွေမရှိဘူး။ ဒေသခံတွေအတွက် MNDAA က အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပိုဖန်တီးပေးနိုင်ရင်တော့ ကောင်းတာပေါ့” ဟု ၎င်းက မှတ်ချက်ပြုသည်။

သယ်ယူပို့ဆောင်​ရေးလုပ်ငန်းများအတွက် ယာဉ်ငှားရမ်းသည့် ကားပိုင်ရှင်တစ်ဦးကမူ လားရှိုးမြို့ပြင်သို့ သွားလာရသည့် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် ဂိတ်ကြေးများကို MNDAA က လျှော့ပေါ့ပေးသင့်ကြောင်း ဆိုသည်။

မူဆယ်မြို့နှင့် MNDAA ဌာနချုပ် လောက်ကိုင်မြို့ အစရှိသည့် တရုတ်-မြန်မာနယ်စပ်က မြို့များသို့ သွားရောက်ပါက ယခင်က ကားအသေးတစ်စီးလျှင် ငွေကျပ် ၁,၀၀၀နှင့် ကားကြီးတစ်စီးလျှင် ငွေကျပ် ၅,၀၀၀ သာ ဂိတ်ကြေးအဖြစ် ပေးရကြောင်း ၎င်းက ဆိုသည်။

“အခုတော့ ကျပ် ၁၀,၀၀၀ အထိပေးနေရတယ်။ ကုန်ကားတွေအတွက်က အဆင်ပြေပေမဲ့ ကျနော်တို့လို ကားသေးတွေအတွက်ကျ မတတ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များဖြင့် ကင်းလှည့်နေသည့် MNDAA တပ်ဖွဲ့၏ ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၄၊ ဩဂုတ်၁၀ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

စစ်ကောင်စီအုပ်ချုပ်မှု ပြန်လာမှာလား

ဇန်နဝါရီတွင် အပစ်ရပ်ပြီး မကြာမီ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတစ်ခုတွင် ကိုးကန့်တပ်ဖွဲ့သည် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပေးမည်ဟု MNDAA အုပ်ချုပ်ရေးတာဝန်ခံတစ်ဦးက ပရိသတ်ကိုပြောဆိုနေသည့် ရုပ်သံတစ်ခု လူမှုကွန်ရက်တွင် ပြန့်နှံ့လာခဲ့သည်။ သို့သော် MNDAA ကရော စစ်ကောင်စီကပါ ထိုကိစ္စ မှန်၊ မမှန်ကို အတည်မပြုပေ။

ကိုးကန့်တပ်က လားရှိုးမှ ဆုတ်ခွာရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်၍ တိတိကျကျ မသိရသဖြင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများနှင့် စိတ်ရှုပ်ထွေးမှုများ မြင့်တက်လာခဲ့သည်။ သို့သော် မြို့ခံအများစုကမူ လားရှိုးမြို့ စစ်တပ်အုပ်ချုပ်မှုလောင်းရိပ်အောင် ပြန်လည်ကျရောက်လိမ့်မည်ဟု မယုံကြည်ကြပေ။

“MNDAAက မြို့ကို ပြန်ပေးလိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ပေးလည်းမပေးစေချင်ဘူး။ MNDAA ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကပိုကောင်းတယ်” ဟု ဒေသခံ ကိုကျော်မျိုးက ပြောသည်။

“စစ်တပ်မရှိတော့ဘူးဆိုတာနဲ့ တော်တော်လေးကို လွတ်လပ်သွားတဲ့ခံစားမှုကို ရတယ်။ MNDAA က စစ်တပ်လိုမျိုး အပြစ်မရှိတဲ့အရပ်သားပြည်သူတွေကို ဖမ်းဆီးမေးမြန်းတာမျိုး မလုပ်ဘူး။ ကျနော့် တစ်ယောက်တည်းအမြင်အရဆို MNDAA က ပိုကောင်းတယ်လို့ ပြောရမယ်” ဟု ၎င်းက ဆက်ပြောသည်။

MNDAA ကလည်း လားရှိုးမှ ပြန်ဆုတ်၊ မဆုတ်ကို ဒေသခံများအား အသိပေးပြောကြားထားခြင်းမရှိဟု ၎င်းက ဖြည့်စွက်သည်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေသည်ကို ကြည့်ခြင်းအားဖြင့် ကိုးကန့်တပ်ဖွဲ့ လားရှိုးမှ ပြန်ဆုတ်နိုင်ခြေမရှိဟု ၎င်းက ယူဆသည်။

ပေးသောလက် ပရဟိတအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း MNDAA အုပ်ချုပ်မှုအောက်တွင် နေရသည်မှာ စစ်ကောင်စီလက်အောက်တွင် နေရသည်ထက် ပိုကောင်းသည်ဟု ဆိုသည်။

“ပရဟိတအဖွဲ့တွေက လွတ်လွတ်လပ်လပ် သွားလာခွင့်ရတဲ့အပြင် အဟန့်အတားမရှိဘဲ လွယ်လွယ် ကူကူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်လို့ရတယ်” ဟု ၎င်းကပြောသည်။

“အရင် စစ်တပ်အုပ်ချုပ်တုန်းကဆို သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီး စစ်ဆေးရေးဂိတ်တိုင်းမှာ မေးမြန်းတာတွေလုပ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် ကိုးကန့်တပ်၏ အုပ်ချုပ်မှုကို ဒေသခံတိုင်းက နှစ်သက်သည်တော့ မဟုတ်ပေ။ အသက် ၅၀ ခန့်အရွယ် ဗမာတိုင်းရင်းသားဒေသခံတစ်ဦးက ၎င်းတို့သည် “တရုတ်စကားပဲပြောတတ်လို့ တရုတ်တွေပဲဖြစ်တဲ့အတွက်” လားရှိုးမြို့ကို​ ကိုးကန့်တပ်က အုပ်ချုပ်သည်အား မနှစ်မြို့ကြောင်း ဆိုသည်။

MNDAA အရာရှိများသည် ဗမာစကားကို လုံးဝမပြောတတ်သဖြင့် ဒေသခံများနှင့် ဆက်သွယ်ရာတွင် ဘာသာပြန်များကို အားကိုးရကြောင်း၊ ဗမာစကားကို အခြေခံအဆင့်ပင် မပြောတတ်ကြောင်း ၎င်းက ဆိုသည်။ ယမန်နှစ်က တိုက်ပွဲများကြောင့် မြို့ပျက်စီးသွားသည့်အပေါ် လည်း သူက MNDAA ကို အပြစ်တင်သည်။

“ကျနော်တို့က အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေကြတာ။ နောက်တော့ MNDAA က တိုက်တော့တာပဲ။ အဲဒါပြီးတော့ လေကြောင်းရန်ကြောက်ရတာ အပါအဝင် ပြဿနာတွေ အများကြီးဖြစ်လာတာ။ နောက်လည်း သူတို့ တိုက်ဦးမယ်ဆိုရင် ကျနော်တို့က စစ်ပွဲတွေ ထပ်ကြုံရဦးမယ်” ဟု ၎င်းက ပြောသည်။

အမှန်တကယ်တွင် တိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရသလို အများပြည်သူ၏ အိုးအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။ လားရှိုးမြို့ကို MNDAA သိမ်းပိုက်ခဲ့ချိန် ဩဂုတ်လဆန်းမှစ၍ နိုဝင်ဘာ၂၅ရက်အတွင်း စစ်ကောင်စီက မြို့ကို ၂၅ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား၁၉ဦး သေဆုံးကာ ၇၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း မနော်ဖောက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ MNDAA က လားရှိုးကို စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်း ၎င်းက ဆိုသည်။

“ပညာရေးနဲ့ လျှပ်စစ်မီးလိုမျိုး မြို့အတွက် ရေရှည်စီမံကိန်းတွေရှိတယ်။ မကြေညာရသေးပေမဲ့ အခွန် ကောက်ဖို့လည်း အစီအစဉ်တွေရှိတယ်။ မကြာခင်ကျောင်းတွေ ပြန်ဖွင့်ဖို့လည်းရှိတယ်။ ဒါတွေကို ကြည့်ခြင်းဖြင့် MNDAA က လားရှိုးက ပြန်ဆုတ်မယ်ဆိုတာမဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။​

ပေးသောလက်ပရဟိတအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ထိုကဲ့သို့ပင် ထင်မြင်ယူဆသော်လည်း တိုက်ပွဲများပြန်လည်ဖြစ်ပွားပါက ဒေသခံပြည်သူများ အကြီးအကျယ် ဒုက္ခရောက်နိုင်ကြောင်း ဆိုသည်။

“ဘာမှဖြစ်မလာရင်တော့ အကောင်းဆုံးပဲပေ့ါ။ တစ်ခုခုဖြစ်ရင် ဒေသခံတွေစစ်ရှောင်ရတာ ကုန်ကျစရိတ်လည်း မနည်းဘူး။ နောက်ဆုံးကျ ဒေသခံတွေပဲ ဒီအကျိုးဆက်တွေ ခံကြရတာ” ဟု ၎င်းက ပြောသည်။

ထိုအန္တရာယ်များကြောင့်ပင် စစ်ဘေးရှောင်ရသည့် ဒေသခံအချို့သည် နေရပ်သို့ အလောတကြီး မပြန်ကြသေးပေ။ ၎င်းတို့အနက် ဇူလိုင်လ၊ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေစဉ် မိသားစုနှင့် တောင်ကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် လားရှိုးမြို့ခံ ကုန်စိမ်းသည် ရှမ်းတိုင်းရင်းသူ တစ်ဦးလည်း အပါအဝင်ဖြစ်သည်။ လက်ရှိတွင် ၎င်းတို့မိသားစုသည် တောင်ကြီးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံလျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ခင်ပွန်းဖြစ်သူက ဆိုင်ကယ်ကယ်ရီဆွဲသည့် အလုပ်လုပ်သည်။

“အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလိုက်ပြီလို့ သတင်းတွေထွက်လာတော့ တချို့က လားရှိုးကို ပြန်ကြတယ်။ ကျမကတော့ အခြေအနေတွေကို စောင့်ကြည့်နေတုန်းပဲ။ လူတိုင်းကတော့ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြတာပဲ။ ဒါပေမဲ့ သွားလိုက်၊ လာလိုက်လုပ်နေဖို့ကလည်း အဆင်မှမပြေတာ” ဟု ၎င်းက ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar