Seng Nu fled her village of Ta Law Gyi in 2011. Living at the Shwe Zet IDP camp (pictured) in Myitkyina, she has acquired a black belt in karate and competed in Singapore and Japan. (Hkun Li | Frontier)
ဆိုင်းနူးသည် ၂၀၁၁ ၌ တာလောကြီးကျေးရွာကိုစွန့်ခွာကာ ရွှေဇက်စစ်ရှောင်စခန်းတွင် နေထိုင်ရင်း ကရာတေးခါးပတ်နက်ရအောင် သင်ယူနိုင်ခဲ့သည်။ ဓာတ်ပုံ - ခွန်လီ

မရေမရာ အနာဂတ်ကိုယ်စီနဲ့ အိုးအိမ်ပျောက် ကချင်တိုင်းရင်းသားများ

ကချင်စစ်ပွဲ ဆယ်နှစ်ပြည့်ထဲဝင်လာသည်နှင့်အမျှ ပဋိပက္ခကြောင့် နေအိမ်ဆုံးရှုံးခဲ့သူများက ၎င်းတို့၏ အခက်အခဲများနှင့် ဆုံးရှုံးမှုများကို ကျော်လွှားရန် ဆုံးဖြတ်ထားကြောင်း Frontier ကို ပြောသည်။

အမ်မီလီ ဖစ်ရှ်ဘိန်းနှင့် ဂျော်တူးခေါင် ပူးတွဲရေးသားသည်။

ကချင်ပြည်နယ်မှ စစ်ပွဲကြောင့် အသက် ၂၃ နှစ်အရွယ် ဇော်လော့ဒ်သည် နှစ်ကြိမ်ခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ပြီးဖြစ်သည်။ ပညာ ဆက်လက်သင်ကြားလျက်ရှိသည့်အပြင် သူ့မိသားစုကို ထောက်ပံ့ရန် တရုတ်ပြည်မှာ လယ်ယာမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်လျက်ရှိပြီး ညအချိန်၌ အိုးအိမ်မဲ့ပြည်သူ အဖြစ်ဖြင့် ဒုက္ခသည်စခန်းတွင် ပြန်လည်နေထိုင်လျက်ရှိသည်။

“IDP တစ်ယောက်အနေနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေမခံစားရတာကြာပါပြီ။ တစ်ခုခု ပျောက်ဆုံးနေတယ်လို့ အမြဲတမ်းခံစားနေရတယ်” ဟု သူက Frontier ကို ပြောကြားခဲ့သည်။ ဇော်လော့ဒ်က ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်မှုအောက်ရှိ ဝိုင်းမော်မြို့နယ်မှ တရုတ်နယ်စပ် ရှအစ်ယန်စခန်းတွင် နေထိုင် လျက်ရှိသည်။ ရှအစ်ယန်ဒုက္ခသည်စခန်းသည် ၁၇ နှစ် အချိန်ကာလ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကေအိုင်အိုနှင့် တပ်မတော်အကြား ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် လူဦးရေ ၁၀၆,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်း ၁၇၁ ခုအနက်မှ တစ်ခု ဖြစ်သည်။

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆၇,၀၀၀ ကျော်အနက် ၅,၀၀၀ ခန့်သည် မလေးရှားနိုင်ငံတွင် ဒုက္ခသည်များအဖြစ် နိုင်ငံတကာမှ အကာအကွယ်ရယူခဲ့ပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အရေအတွက် မခန့်မှန်းနိုင်သော ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နေထိုင်လျက်ရှိကြသည်။

ကချင်စစ်ဘေးပဋိပက္ခမှ ထွက်ပြေးလာသူ ငါးဦးကို ပြည်တွင်းစစ်က ၎င်းတို့၏ဘဝကို ဘယ်လိုပြောင်းလဲစေခဲ့လဲ ဆိုတာ Frontier က မေးမြန်းခဲ့ပါသည်။ သူတို့က အချိန်၊ ပညာရေး၊ လူမှုအသိုင်းအဝိုင်းနှင့် ဂုဏ်သိက္ခာ ဆုံးရှုံးရမှုများ၊ ဆင်းရဲဒုက္ခများကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ခဲ့မှုတို့ကို ပြောပြသည်။ မြန်မာနိုင်ငံရှိ ထိုဒုက္ခသည်များ မိမိနေရပ်သို့ ပြန်လည် သွားရောက်နေထိုင်ချင်ကြသော်လည်း  မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးမှသာ ပြန်လည် အခြေချနေထိုင်နိုင်လိမ့်မည်ဖြစ်သည်။

၂၀၁၁ ခုနှစ် သူ့ကျေးရွာကို ၁၄ နှစ်သားက စွန့်ခွာထွက်ခဲ့သည့် ဇော်လော့ဒ်မှာ မိသားစုကိုထောက်ပံ့ရန် နေ့ပိုင်းလယ်ယာလုပ်သားအဖြစ်လုပ်ကာ ညကျမှ ရှအစ်ယန်စခန်းသို့ပြန်ရသည်။ ဓာတ်ပုံ – ခွန်ရိန်း

ပညာရေးအတွက် အခက်အခဲများ

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အိမ်ထောင်စု ၂၅၀ ခန့်ရှိ ဝိုင်းမောမြို့နယ်မှ ဆန်ပိုင်ရွာတွင် အသက် ၁၄ နှစ် ရှိ ဇော်လော့ဒ်မှာ အမြောက်နှင့် သေနတ်သံများကြောင့် အိပ်ရာမှ နိုးလာခဲ့သည်။ သူသည် အခြားရွာသူရွာသားများနှင့်အတူ ဇိုင်အောင် ဒုက္ခသည်စခန်းဟု လူသိများလှသည့် နေရာတစ်ခုကို မရောက်မီ ၂ ရက်ခန့် လမ်းလျှောက်ခဲ့ရသည်။

သူတို့သည် တာပေါ်လင်တဲများ၌ အိပ်ခဲ့ကြပြီး သူတို့သယ်ဆောင်လာခဲ့သော ဆန်ကိုပြန်ဖြည့်ရန် အစာရှာဖွေခဲ့ကြရသည်။ တစ်လခန့်အကြာတွင် ကေအိုင်အိုနှင့် အစိုးရမဟုတ်သော ဒေသခံအဖွဲ့အစည်းများမှ အကူအညီ ထောက်ပံ့မှုများကို စတင်ရရှိခဲ့သည်။ ကေအိုင်အိုက စခန်းတွင် စာသင်ကျောင်းဖွင့်လှစ်ထားတာကြောင့် ရှစ်တန်းကျောင်းသား ဖြစ်တဲ့ ဇော်လော့ဒ်အတွက် ပညာပြန်လည်သင်ကြားခွင့် ရခဲ့သော်လည်း ကျောင်းစာအပေါ် သူ့အာရုံစူးစိုက်မှု အားနည်းခဲ့ပါသည်။

“ဒီအခြေအနေက ကျွန်တော့်ရဲ့ သင်ယူနိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်တွေကို ဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်” ဟု သူက ပြောသည်။

နဝမတန်းပြီးဆုံးပြီးနောက် ဇော်လော့ဒ်သည် အထက်တန်းကျောင်းတက်ရန် ကေအိုင်အိုဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်ရှိ လိုင်ဇာသို့ ပြောင်းရွှေ့ခဲ့ရသည်။  ကေအိုင်အိုသည် မူလတန်းနှင့် အလယ်တန်းပညာရေးကို အခမဲ့သင်ကြားပေးသော ကျောင်းများ ဖွင့်လှစ်ထားပြီး တစ်နှစ်လျှင် ကျပ် ၁၀,၀၀၀ ခန့် ကုန်ကျသော ကျူရှင်ပြသပေးမှုများလည်း ရှိသည်။ တက္ကသိုလ်သင်တန်းများကို ကေအိုင်အို၏ ပညာရေးအချက်အချာအဖြစ် ဆောင်ရွက်သည့် တရုတ်နယ်စပ် တောင်ဘက်ရှိ မိုင်ဂျာယန်တွင်လည်း တက္ကသိုလ်သင်တန်းများကိုလည်း ကမ်းလှမ်းထားသည်။

မောင်နှမလေးယောက်အနက် အသက်အကြီးဆုံးဖြစ်သော ဇော်လော့ဒ်သည် သူ့မိသားစုကို ထောက်ပံ့ရန် လပေါင်းများစွာ ကျောင်းနား၍ နေ့စားလုပ်သားအဖြစ် လုပ်ကိုင်ခဲ့သည်။ ကချင် IDP စခန်းများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းနေပြီဖြစ်ကာ ကေအိုင်အို ထိန်းချုပ်နယ်မြေများရှိ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများမှာ အကန့်အသတ်ရှိပြီး IDP များက ၂ လတစ်ကြိမ်သာ ဆန်၊ ဆီနှင့် ဆားကိုသာ ရရှိသည်။ ဇော်လော့ဒ်တစ်ယောက် ၁၀ တန်း အောင်မြင်ရန် သုံးနှစ်ကြာခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ရန် နောက်ထပ် သုံးနှစ် အချိန် ယူခဲ့ရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ကျောင်းပိတ်ရက်၌ ဇိုင်အုန်းစခန်းသို့ ပြန်လည်ရောက်ရှိခဲ့ချိန်တွင် အမြောက်လက်နက်ပစ်ခတ်မှုများအကြား အမှောင်ထုထဲမှ ဇော်လော့ဒ်တစ်ယောက် နောက်တစ်ကြိမ် ထွက်ပြေးခဲ့ရသည်။ ဇော်လော့ဒ်သည် လက်ရှိ လူဦးရေ ၁,၈၀၀ ခန့် နေထိုင်သော ရှအစ်ယန်စခန်းသို့ နှစ်ရက်ခန့် အချိန်ယူကာ ဒုက္ခသည်များနှင့်အတူ  သွားရောက်ခဲ့ကြရပြီး နောက်နှစ်တွင် မိုင်ဂျာယန်းကောလိပ်တွင် တက်ရောက်ခဲ့သည်။

ကေအိုင်အိုထိန်းချုပ်ဒေသများရှိ IDP များအတွက်မူ မြန်မာနိုင်ငံ၊ သို့မဟုတ် နိုင်ငံခြားမှ ပညာရေးကို ဆက်လက်ဆည်းပူးရန် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာအစိုးရနှင့် ပြည်ပတက္ကသိုလ်များသည် ‌ကေအိုင်က ပေးအပ်သော ဒီပလိုမာများကို အသိအမှတ်မပြုသောကြောင့် ဖြစ်သည်။

ဇော်လော့ဒ်သည် ပညာဆက်လက်ဆည်းပူးနေစဉ် လုံခြုံစွာအိမ်ပြန်နိုင်မည့်အချိန်ကို စောင့်မျှော်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် အစောပိုင်းကတည်းက ကချင် IDP စခန်းများပိတ်သိမ်းနိုင်ရန် အရှိန်အဟုန်မြှင့်ခဲ့သည်။ ထိုလုပ်ငန်းစဉ် မြန်ဆန်စေရေးအတွက် အစိုးရနှင့် ကေအိုင်အိုတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အရှိန်မြှင့်လာခဲ့ပြီး နှစ်ဘက် အပြန်အလှန် အပစ်အခတ် ရပ်စဲရေးမှာလည်း ရံဖန်ရံခါ အလွန်နီးစပ်လာခဲ့သည်။ မကြာသေးမီက ဇွန်လတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အစီရင်ခံခဲ့သော်လည်း လက်ရှိအချိန်အထိ ၂၀၁၈ ခုနှစ်မှစပြီး ပဋိပက္ခ ကြီးကြီးမားမားဖြစ်ပွားမှုမျိုး ကချင်ပြည်နယ်တွင် ဖြစ်ပွားခြင်း မရှိသေးကြောင်းသိရသည်။

ဇန်နဝါရီလတွင် မြန်မာနှင့်တရုတ်တို့သည် ကချင်ပြည်နယ်ရှိ IDP များအား ပြန်လည် နေရာချထားရေးအတွက် ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုဆောင်ရွက်ရန် သဘောတူခဲ့ကြပြီး ယင်းသည် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ပဏာမခြေလှမ်းနှင့် မြန်မာနိုင်ငံ၏ အမျိုးသား ဒုက္ခသည်စခန်းများပိတ်ပစ်ရေး မဟာဗျူဟာအတွက် အကျိုးရှိစေသည်။

မြေမြှုပ်မိုင်းခြိမ်းခြောက်မှုများနှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းတို့ကြောင့် စစ်ရှောင်ဒုက္ခသည်များစွာ နေရပ်တွင် ပြန်လည်နေထိုင်ရန် မလုံခြုံသေးဟု မခံစားရကြောင်း ပြောကြားခဲ့သည်။ ဇွန်လတွင် ထင်ရှားသော ကချင်အရပ်ဘက်လူ့အဖွဲ့အစည်း၊ လူသားချင်းစာနာ ထောက်ထားသောဘာသာရေးအဖွဲ့အစည်းများက အပစ်အခတ်ရပ်စဲရေး၊ တပ်များရုပ်သိမ်းရေး၊ မြေမြှုပ်မိုင်းဖယ်ရှားရေးနှင့် IDP များ ပြန်လည်နေရာချထားရေး အတွက် အခြားနေရာများကို ဖော်ထုတ်ရန်တောင်းဆိုခဲ့ကြသည်။

ပြည်ပတွင် ခိုလှုံရန် ကြိုးပမ်းခြင်း

အာဆွတ်သည် ၂၀၁၅ က တနိုင်းမြို့နယ်မှထွက်ခွာခဲ့ပြီး မလေးရှား၌ ခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့သည်။ ဓာတ်ပုံ - ဘင်ဂျမင်
အာဆွတ်သည် ၂၀၁၅ က တနိုင်းမြို့နယ်မှထွက်ခွာခဲ့ပြီး မလေးရှား၌ ခိုလှုံခွင့်ရရန် ကြိုးပမ်းခဲ့သည်။ ဓာတ်ပုံ – ဘင်ဂျမင်

အာဆွတ်သည် မလေးရှားသို့မထွက်ခွာမီ ကေအိုင်အေထိန်းချုပ်ရာ တနိုင်းမြို့နယ်ရှိ အောင်လော့ဒ် ကျေးရွာရှိ ကေအိုင်အိုကျောင်းတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။

တပ်မတော် သိမ်းပိုက်မှု ကြီးထွားလာခဲ့ပြီး နိုင်ငံရေးမတည်ငြိမ်မှု တို့က အာဆွတ်ကဲ့သို့သော လူငယ်များအား အထူးသဖြင့် ကေအိုင်အိုကို ထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး အကြမ်းဖက်ခံရခြင်း၊ ထောင်ချခံရခြင်းများ ရှိနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် ရိုမန်ကက်သလစ်ဘုန်းတော်ကြီး တစ်ဦးက အသက် ၁၉ နှစ် အရွယ် အာဆွတ်နှင့် ၁၅ နှစ်အရွယ် သူ့ညီတို့ကို မြန်မာနိုင်ငံမှ ထွက်ခွာသွားနိုင်ရန် စီစဉ်ပေးခဲ့သည်။

သူတို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်သို့ ကားဖြင့် ခရီးနှင်ခဲ့ကြသည်။ လူကုန်ကူးသူများဟု ခေါ်သော ပွဲစားများမှတဆင့် ၎င်းတို့ကို ချင်းမိုင်၊ ထို့နောက် ဘန်ကောက်သို့ ပို့ဆောင်ပြီး မလေးရှားနယ်စပ်သို့ ဘတ်စ်ကားဖြင့် စီးနင်းခဲ့သည်။ နယ်စပ်တွင် လုံခြုံရေးတင်းကျပ်သောကြောင့် မလေးရှားသို့ညအချိန်တွင် လှေတမျိုး၊ ခြေလျင်ဖြင့်တသွယ် မသွားရောက်ခင် ပွဲစားများက ၎င်းတို့ကို တစ်ပတ်ခန့် အခန်းထဲတွင် ပိတ်ထားခဲ့သည်။

သူတို့ မလေးရှားမြို့တော်ရောက်ချိန်တွင် ဘုန်းတော်ကြီး စီစဉ်ပေးထားသော အဆက်အသွယ်မှာ အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

“ကျွန်တော်တို့ မျှော်လင့်ချက်မဲ့ပြီး အကူအညီမဲ့သွားသလို ခံစားခဲ့ရတယ်” ဟု အာဆွတ်က ပြောသည်။

သူနှင့် သူ့ညီတို့သည် ပွဲစားများစီစဉ်ပေးသည့် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း လုပ်ခအစားနေထိုင်ခွင့်ခဲ့ကြသည်။ တစ်လအကြာတွင် သူတို့ ခေတ္တနေထိုင်နိုင်မည့် ဆွေမျိုးတစ်ဦးအိမ်ကို တွေ့ရှိခဲ့ကြသည်။ အာဆွတ်သည် သူတို့၏လူနေမှုစရိတ်အတွက် တစ်ရက်လျှင် ၁၄ နာရီ အလုပ်လုပ်ကိုင်ခဲ့ရသည်။

ဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အာဆွတ်သည် မလေးရှားရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် မှတ်ပုံတင်ရန် ကြိုးစားနေသော မြန်မာနိုင်ငံမှ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ၈၀,၀၀၀ အနက်မှ တစ်ဦးဖြစ်သည်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ ၁၈၀,၀၀၀ ခန့်မှာ မှတ်ပုံတင်ပြီးဖြစ်ကာ ငါးပုံလေးပုံမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ မလေးရှားတွင် နေထိုင်လျက်ရှိသော ကချင်တိုင်းရင်းသား ၃၀၀ ခန့်တွင် UNHCR အသိအမှတ်ပြု ဒုက္ခသည်မှတ်ပုံတင်ရရှိထားပြီး ၃,၀၀၀ နီးပါးမှာ UNHCR တွင် မှတ်ပုံတင်ထားကာ ၂,၀၀၀ ခန့်က မှတ်ပုံတင်ရန် ရက်ချိန်းစောင့်နေကြသည်ဟု ကွာလာလမ်ပူရှိ ကချင်လူမှုအဖွဲ့အစည်း တစ်ခုက ဆိုသည်။

မလေးရှားနိုင်ငံသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးထားသည့် နိုင်ငံမဟုတ်ပါ။ မလေးရှားနိုင်ငံက ဒုက္ခသည်များကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်ပြီး ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်၊ သို့မဟုတ် ပညာသင်ကြားခွင့် တို့ကို ပိတ်ပင်ထားသည်။ UNHCR တွင် ခိုလှုံခွင့် တောင်းခံသူအဖြစ် မှတ်ပုံတင်ထားခြင်းကြောင့် အခြေခံကာကွယ်မှုအချို့ ရရှိပြီး ထိုအထောက်အထားဖြင့် တတိယနိုင်ငံများတွင် ပြန်လည်နေရာချထားရေး၌ ထည့်သွင်းစဉ်းစားသည့် ခံစားခွင့်ကို ရရှိသည်။ UNHCR မှတ်ပုံတင်ရန် တခါတရံ နှစ်အတော်ကြာ စောင့်ဆိုင်းရသူများမှာ အထောက်အထားမရှိသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးငွေညှစ်ခံရလေ့ရှိသည်။ အာဆွတ်သည်လည်း ရဲများနှင့် မရေတွက်နိုင်လောက်အောင် အကြိမ်များစွာရင်ဆိုင်ခဲ့ပြီး အဖမ်းမခံရအောင် ပါသမျှ ငွေအကုန် ပေးရလေ့ရှိသည်။

၂၀၁၈ ခုနှစ်တွင် အာဆွတ်၏ရွာအနီးတွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် လူထောင်ချီကာ တောတွင်း၌ ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး လုံခြုံစိတ်ချရသော လမ်း၊ သို့မဟုတ် လူသားချင်းစာနာထောက်ထားသော အထောက်အပံ့ ပေးပို့ခြင်းတို့ ပိတ်ပင်ခံခဲ့ရသည်။ အာဆွတ်၏ မိဘများနှင့် ညီအငယ်ဆုံးတို့မှာ ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့တွင် ဆွေမျိုးများနှင့်အတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတဝှမ်း၌ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ချိန်တွင် အာဆွတ်က မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ ပါဝင်ကန့်ကွက်ဆန္ဒပြခဲ့သည်။

“အမှန်တရားဘက်နေရပ်တည်ပြီး အသံမထွက်နိုင်ဘဲ နှိပ်စက်ညှဉ်းပန်းခံရသူတွေအတွက် ထုတ်ဖော်ပြောဆိုနိုင်ခဲ့လို့ ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူမိတယ်” ဟု သူက ပြောသည်။

တိုက်ပွဲများ၏ အမည်းစက်

ဆိုင်းနူးသည် ၂၀၁၁ ၌ တာလောကြီးကျေးရွာကိုစွန့်ခွာကာ ရွှေဇက်စစ်ရှောင်စခန်းတွင် နေထိုင်ရင်း ကရာတေးခါးပတ်နက်ရအောင် သင်ယူနိုင်ခဲ့သည်။ ဓာတ်ပုံ – ခွန်လီ

၂၀၁၁ ခုနှစ်တွင် ဆိုင်းနူးသည် မြစ်ကြီးနားမြို့တောင်ဘက်မှ ကီလိုမီတာ ၄၀ ခန့်ဝေးသော သူ၏ တာလောကြီး ကျေးရွာမှ စွန့်ခွာခဲ့ရသည်။ ယင်းကျေးရွာသည် ရှမ်းနီပြည်သူ့စစ်အဖွဲ့၏ အခြေစိုက်စခန်းဖြစ်ပြီး အဆိုပါဒေသပတ်ဝန်းကျင်၌ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေလည်း ရှိနေသည်။

ကချင်ဒေသတိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာချိန်တွင် စစ်တပ်စခန်းများ တိုးချဲ့ချထားလာမှုများကြောင့် တာလောကြီး ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မိဘ နှစ်ပါးစလုံး သေဆုံးချိန်တွင် အသက် ရှစ်နှစ်ခန့်သာ ရှိသေးသော ဆိုင်းနူးမှာ သူအဒေါ်၊ သူ့မောင်နှမဝမ်းကွဲ ခြောက်ယောက်တို့နှင့်အတူ မြစ်ကြီးနားမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သူတို့သည် မြစ်ကြီးနားရှိ ဒုက္ခသည်စခန်း ၂၆ ခုအနက် တစ်ခု ဖြစ်သည့် ရွှေဇက်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း IDP စခန်းတွင် ဘဝတူဒုက္ခသည် ၅၅၀ ခန့်နှင့်အတူ အခန်းတစ်ခန်းတည်းတွင် အတူနေထိုင်ခဲ့ရသည်။ အဒေါ်ဖြစ်သူက ခေါက်ဆွဲဆိုင်ဖွင့်ပြီး ဆိုင်းနူးတို့ မိသားစုကို ထောက်ပံ့ခဲ့ပြီး ဆိုင်းနူးမှာ ဗြိတိန်နိုင်ငံတွင် ရုံးချုပ်ဖွင့်လှစ်ထားသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်းမှ ကချင်စစ်ရှောင်ဒုက္ခသည်များကို ကိုယ်စားပြုရသော လူငယ်သံအမတ်တစ်ယောက်ဖြစ်လာခဲ့သည်။

ဆိုင်းနူး၏ အစိုးရကျောင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့်ပတ်သက်ပြီး အမြဲတမ်း သတိပေးခံနေရခြင်းကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ IDP မဟုတ်သော ကျောင်းနေဖက် ရွယ်တူသူငယ်ချင်း ရရှိနိုင်ဖို့ ခက်ခဲခဲ့သည်။

ကျောင်းရှိ ဆရာဆရာမများက ကျောင်းတက်ရောက်သူစာရင်း ကောက်ယူရာတွင် IDPs စခန်းမှာ ကျောင်းတက်ရောက်သူများ၏ အမည်ကို သီးခြားစီ ခေါ်လေ့ ရှိသည့်အပြင် တခါတရံ စာသင်ခန်း၏ အခြား တစ်ဘက်တွင် ရပ်၍ ကျောင်းတက်ရောက်သူစာရင်း ကောက်ယူခံရလေ့ရှိသည်။

“IDPs ဒုက္ခသည်အဖြစ်နဲ့ ကျွန်မတို့ ဘဝမှာ ပျော်ချင်ပေမဲ့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်က စိတ်ထဲမှာ အမြဲရှိနေခဲ့ပါတယ်။ IDP စခန်းမှာ နှစ်တော်တော်ကြာအောင်နေရတာ ကျွန်မတို့အတွက် အဆင်မပြေပါဘူး။ သူများနေရာမှာ လာနေပြီး သူတို့ကို အနှောင့်အယှက်ပေးနေမိတယ်လို့ ခံစားရတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သော ၄ နှစ်ခန့်က စခန်းမှာ IDPများကို အခမဲ့ လေ့ကျင့်သင်ကြားပေးသည့် ကရာတေး သင်တန်းကို တက်ရောက်ခဲ့သည်။ ကရာတေးခါးပတ်နက်ကို အချိန်တိုအတွင်း ရရှိတတ်မြောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စင်ကာပူ၌ ပြုလုပ်သော ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူငယ် ၁၈ ဦးအနက် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဆိုင်းနုဟာ သူ၏ဝိတ်တန်းအဆင့် ပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့ပြီး နောက် တစ်နှစ်အကြာတွင် ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် ပြိုင်ပွဲကို သွားရောက်ခွင့်ရရှိခဲ့သော်လည်း ဘာသာစကား အခက်အခဲကြောင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့် လွဲချော်ခဲ့ရသည်။ ဆိုင်းနူး ရည်မှန်းချက်မှာ အမေရိကန်နိုင်ငံအခြေစိုက် ကိုယ်ခံပညာရပ်ပေါင်းစုံ အသုံးပြုယှဉ်ပြိုင်နိုင်သည့် Mixed Martial Arts ကစားသမား ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန် ကဲ့သို့ ကြေးစား တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ရန်ပင်ဖြစ်သည်။

ကရာတေး လေ့ကျင့်ခြင်းက ဆိုင်းနူးကို သူ၏ IDP ဘဝကို ခေတ္တမေ့ပစ်နိုင်စွမ်းရှိသည်။ “ကရာတေးမှာ ခွဲခြားဆက်ဆံမှု မရှိဘူး။ လေ့ကျင့်တဲ့ အချိန်မှာ ဝမ်းနည်းတဲ့ ခံစားချက်ကို သုံးပြီး လေ့ကျင့်တာကြောင့် စိတ်သက်သာရာရတယ်” ဟု သူကပြောသည်။

“IDP တစ်ယောက် ဖြစ်ရတာနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက်ရှိတာကြောင့် ကရာတေးကို ပိုအာရုံစိုက်လေ့ကျင့်ဖြစ်တာကြောင့် အခု အခြေအနေကို ကျွန်မ ရောက်ရှိလာခဲ့တာပေါ့”ဟု သူကဆိုသည်။

ကေအိုင်အေထိန်းချုပ်ထားသော ဖရဲစစ်ရှောင်စခန်းကို ၂၀၁၉ ဇန်နဝါရီလအတွင်းကတွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

ခြစ်ကုတ်နေထိုင်ရတဲ့ ဘဝတစ်ခု

အပစ်အခတ်ရပ်စဲရေးစာချုပ် ပျက်ပြယ်သွားချိန်တွင် ကော့ဂျာတစ်ယောက် သူ့ရွာတွင် မရှိတော့ပါ။ ထိုအချိန် မတိုင်ခင် တစ်လခန့် ၌ သူနှင့် သူ့သား သုံးဦးတို့သည် လိုင်ဇာအရှေ့မြောက်ဘက် ဝိုင်းမော်မြို့နယ်အတွင်းရှိ နမ်ဆန်ယန်မှ ထွက်ခွာခဲ့ပြီး နမ်ဆန်ယန်တွင် အတန်းပညာရေးမှာ ကိုးတန်းအထိသာ ရှိသဖြင့် သားဖြစ်သူတို့၏ ပညာရေးအတွက် မိုးညှင်းတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ကော့ဂျာမှာ သူ့ကလေးများကို ရန်ကုန်ရှိ ဆွေမျိုးများထံပို့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုစေခဲ့သည်။ ပဋိပက္ခများကြောင့် နေရပ်သို့ ပြန်ရန် မဖြစ်နိုင်သောကြောင့် ခင်ပွန်းသည်နှင့်အတူ မြစ်ကြီးနားရှိ ဒုက္ခသည် ၆၀၀ ခန့် နေထိုင်သော မန်ခိန်နှစ်ခြင်းအသင်းတော် Man Hkring Baptist Church စခန်း တွင် နေထိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ကောဂျာ ၏ ခင်ပွန်းမှာ သွေးကင်ဆာရောဂါ ရှိကြောင်း သိရှိရသောကြောင့် တောင်ပိုင်းရှိ ကီလိုမီတာ ၅၀၀ ကျော်ဝေးသော မန္တလေးသို့ သွားရောက်ကာ ပုံမှန်ကုသမှု ခံယူခဲ့ရသည်။ မိသားစု စားဝတ်နေရေးအတွက် ကော်ဂျာက ကချင်တိုင်းရင်းဆေးဝါး နှင့် အဝတ်အစားများကို မိုင်ဂျာယန်အနီးတွင် ရောင်းချခဲ့ပြီး ခင်ပွန်းနှင့်အတူ ဆေးရုံသို့ အသွားအပြန် သွားခဲ့ရသည်။

ကချင် IDP ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီ ရရှိမှုမှာ လုံလောက်မှု မရှိချေ။ အစိုးရထိန်းချုပ်မှုအောက်ရှိ စခန်းများတွင် မိသားစု အများစုသည် တစ်လလျှင် ကျပ် ၁၁,၀၀၀ နှင့် ၁၅,၀၀၀ အတွင်း ရရှိနေသည်။ IDP ဒုက္ခသည်များက လွတ်လပ်စွာ ခရီးသွားလာခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ရှိသော်လည်း အများစုမှာ တောင်သူလယ်သမားများဖြစ်၍ ကြောင့် မြို့ပြများတွင် အလုပ်ရရှိရန် ခက်ခဲစေသည်။ အများစုက လက်လုပ်လက်စားများအဖြစ် လုပ်ကိုင်ကြပြီး အသေးစားစီးပွားရေးများ လုပ်ကိုင်ကာ နေ့စဉ်ထောက်ပံ့ကြေးအတွက် စေတနာ့ဝန်ထမ်းများအဖြစ် လုပ်ကိုင်ကြရသည်။ တရုတ်နယ်စပ်ရှိ ကျေးလက်ဒေသများရှိ IDP များက နေ့စား လယ်ယာလုပ်သားများအဖြစ် မကြာခဏ လုပ်ကိုင်ကြရသည်။  ၂၀၁၇ ခုနှစ်တွင် သူ့သားအငယ်ဆုံး ရန်ကုန်မှ ပြန်ရောက်လာချိန်တွင် ကော့ဂျာမိသားစုက မြစ်ကြီးနားရှိ ဆွေမျိုးတစ်ဦးထံမှ အိမ်ခန်းတစ်ခန်းကို တစ်လလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။ သူ့သားများအနက် နှစ်ဦးက ကချင်လူမှုအဖွဲ့အစည်းများတွင် လက်ရှိ လုပ်ကိုင်လျက်ရှိပြီး အငယ်ဆုံးမှာ ယခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ပညာသင်ဆုအတွက် ရွေးချယ်ခံခဲ့ရပြီး နောက်တစ်ဦးက စားဖိုမှူးအဖြစ် လုပ်ကိုင်လျက်ရှိသည်။ သူ့သားများအတွက် ဂုဏ်ယူသော်လည်း အိမ်ကို ပိုလွမ်းနေခဲ့သည်။

“ကျွန်မတို့ က အခု တခြားလူတွေရဲ့ နေရာတွေမှာ နေနေရတယ်။ တခါတလေ လူတွေ အထင်သေးတာကို ခံရတယ်။” ဟု သူက ပြောသည်။

မရေရာသော အနာဂတ်များ

လိုင်ဇာအနီး ဂျေယန့်စစ်ရှောင်စခန်း၌ တွေ့ရသည့် ရိန်နူးအောင်။ ဓာတ်ပုံ – ဆိုင်းပန်

အသက် ၂၃ နှစ်အရွယ် ရိန်းနူးအောင်သည်လည်း နမ်ဆန်းယန်ကပင်ဖြစ်သည်။ ပြည်တွင်းစစ် ပြန်လည် မစတင်ခင် ခြောက်ရက်အလို ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်တွင် သူ့ကျောင်း ပိတ်ခဲ့ရပြီး နောက်တစ်နေ့တွင် ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွာ ထွက်ပြေးလာသူများနှင့်အတူ ကြမ်းတပြေးတည်း အိပ်စက်နေထိုင်ရတော့မည့် လိုင်ဇာဆီသို့ သူ၏ မိသားစုမှာ ကားဖြင့် ထွက်ပြေးခဲ့ရသည်။

နှစ်ပတ်အကြာတွင် နေထိုင်ရတာ အဆင်မပြေသောကြောင့် ပါလာသည့်ပစ္စည်းအနည်းငယ်ကို သိမ်းဆည်းကာ လိုင်ဇာမှ နမ်ဆန်းယန်သို့ ဖြတ်သန်းခွင့် ပိတ်ထားသော လမ်းများကိုရှောင်ပြီး လေးနာရီကြာ လမ်းလျှောက်ခဲ့ရသည်။ သူတို့ရောက်ချိန်တွင် တပ်မတော်သားများ ရွာတွင် စခန်းချနေသည်ကို တွေ့ရှိရသောကြောင့် လိုအပ်သော ပစ္စည်းအချို့ကို ယူဆောင်ကာ လိုင်ဇာသို့ ပြန်လည်ထွက်ခွာခဲ့ရသည်။

ခန်းမကျယ်ကြီးတွင် ဒုက္ခသည်များနှင့်အတူ နောက်ထပ်တစ်နှစ်နေခဲ့ကြပြီး နောက်ခန်းမ တစ်ခုတွင် သုံးလနေခဲ့ကြသည်။ ထိုသို့ဖြင့် ရိန်းနူးအောင်သည် စာဆက်လက်သင်ကြားခဲ့ပြီး စာမေးပွဲ အောင်မြင်ခဲ့သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် သူ့မိသားစုနှင့် အတူ လိုင်ဇာအနီးရှိ ဂျေယန့် စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဂျေယန့် စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်တွင် နေထိုင်သူဦးရေ ၈,၇၀၀ ခန့်ဖြင့် အကြီးဆုံး IDP စခန်း တစ်ခုဖြစ်သည်။ ရိန်းနူးအောင်၏ မိခင်က ၎င်းနှင့် ၎င်း၏ညီမဖြစ်သူ ကျောင်းတက်ရောက်စဉ် တရုတ်နယ်စပ်ရှိ ခြံများတွင် နေ့စား အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သည်။

ကေအိုင်အိုအဖွဲ့ချုပ်က ဖွင့်လှစ်ထားသော အထက်တန်းကျောင်းတွင် ဆယ်တန်းအောင်မြင်ခဲ့ပြီးနောက် မိုင်ဂျာယန်ရှိ ကိုယ်ပိုင်ကောလိပ်တစ်ခုတွင် တစ်နှစ်ပညာသင်ပြီးနောက် ဒေသခံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု၌ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ မိုင်ဂျာယန်တွင် နေထိုင်နေစဉ်အတွင်း သူ့ကိုသင်ကြားပေးခဲ့သော မှတ်တမ်းရုပ်ရှင် ဓာတ်ပုံဆရာနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ရိန်းနူးအောင်ကို ရန်ကုန်မြို့ Frontier သတင်းဌာနတွင် နှစ်လခန့် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိခဲ့သည်။ ထို့နောက် ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဗီဒီယို တည်းဖြတ်ရေးသင်တန်းကို တက်ရောက်ခဲ့သည်။ မတ်လ တွင် မိုင်ဂျာယန်သို့ ပြန်ပြီး Quarantine ဝင်ရောက်ပြီးနောက် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း တစ်ခုနှင့် တွဲဖက် ပူးပေါင်းကာ မှတ်တမ်း ဗီဒီယို တစ်ခု စတင်ရိုက်ကူးခဲ့သည်။

“ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ IDP တစ်ယောက် ရဲ့ ဘဝနေထိုင်မှု ပုံစံကို ပုံဖော်ပြသလိုတဲ့ ဓာတ်ပုံသမား တစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပဋိပက္ခက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ ဘဝတွေကို ဘယ်လိုမျိုး သက်ရောက်နေလဲဆိုတာကို ပြသချင်ပါတယ်” ဟု သူကပြောသည်။

ရန်ကုန်၌ မိတ်ဆွေသစ်များကို ရိန်းနူးအောင်က သူသည် ခက်ခဲကြမ်းတမ်းသည့်အခြေအနေများကို ရှောင်တိမ်းဖို့ မြစ်ကြီးနားမှာ နေထိုင်လေ့ရှိကြောင်း ပြောသည်။ သူသည် ကေအိုင်အိုထိန်းချုပ်နယ်မြေမှဖြစ်ကြောင်း လူများအား ပြောပြချိန်တွင် ၎င်းတို့ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်ကို မကြာခဏ ကြုံတွေ့ရသည်။

ပညာရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရခြင်းကြောင့် သူသည် မတူညီသော နေရာအမျိုးမျိုးမှ လူများနှင့် တွေ့ဆုံခွင့်ရခဲ့ပြီး အခမဲ့ပညာသင်ကြားခွင့်ကိုလည်း ရခဲ့သည်။ နန်းဆန်းယန်တွင် မိဘများ သားသမီးများကို အလယ်တန်းအဆင့် ပညာတတ်မြောက်နိုင်ဖို့ အခြားမြို့များသို့ ပို့ ကြပြီး အချို့မိဘများက အခြားမြို့များသို့ စေလွှတ်ပြီး ပညာသင်ကြားစေရန် ငွေကြေးမတတ်နိုင်ကြကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စပြီး ကေအိုင်အို၏ ထောက်ပံ့မှု မရရှိသော်လည်း တပ်မတော်က နမ်ဆန်းယန်သို့ လူ ၅၀၀ ခန့် ပြန်လည် နေထိုင်နိုင်ရန် ကူညီခဲ့သည်။ ဖေဖော်ဝါရီလတွင် ပြန်လည်နေထိုင်သူတစ်ဦး မြေမြုပ်မိုင်း နင်းမိခဲ့သည်။

Frontier က အခြားသူများကို တွေ့ဆုံ မေးမြန်းခဲ့ပြီးနောက် ရိန်းနူးအောင်က နေ့ရပ်သို့ ပြန်ချင်သောဆန္ဒ ရှိသော်လည်း လုံခြုံမှု မရှိသေးကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် ထပ်ပြီး ထွက်မပြေးချင်တော့ဘူး။ အရင်က ခံစားခဲ့ရတဲ့ ဒုက္ခမျိုးတွေကိုလည်း မခံစားချင်တော့ဘူး” ဟု သူက ပြောသည်။

လူငယ်များအတွက် ပြန်နေထိုင်ဖို့ရာ တော်တော်ခက်ခဲသွားသည်ဟု သူက ထည့်သွင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ရွာကို ပြန်ရောက်တဲ့အချိန်မှာ အကြီးမားဆုံးစိန်ခေါ်မှုက အချိန်အကြာကြီး လယ်ယာအလုပ် မလုပ်ဖူးခဲ့တာပါပဲ။ လူတိုင်း မိဘတွေလိုမျိုး စိတ်ဝင်စားမှု ရှိမယ်မထင်ပါဘူး” ဟု သူကပြောသည်။

လက်ရှိနေအိမ်နှင့် ဝေးကွာနေခဲ့ရပြီး အတိတ်ကာလက အမှတ်တရများဟာလည်း မှေးမှိန်သွားခဲ့ပြီဟု ရိန်းနူးအောင်က ပြောသည်။

“ကျွန်တော်တို့အားလုံး ဘယ်ကိုသွားရမှန်းမသိဘူး၊ အနာဂတ်အတွက် ဖြောင့်ဖြူးရှင်းလင်းတဲ့လမ်းမရှိဘဲ တဝဲလည်လည် လှည့်လည်သွားလာနေရတယ်လို့ ကျွန်တော်တို့ အကုန် ခံစားနေရတယ်” ဟု IDP လူငယ်များ ၏ ရည်မှန်းချက်ပျောက်ဆုံးနေပုံကို ရိန်းနူးအောင်က ပြောကြားခဲ့သည်။

ခန့်လင်းဦး ဘာသာပြန်သည်။

By Emily Fishbein

By Emily Fishbein

Emily Fishbein is a freelance writer who has been based in Myanmar since 2015. She seeks to share diverse stories and perspectives, especially from Kachin. Prior to writing, she worked with refugees and IDPs in Myanmar and the United States.
Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar